Saturday, April 1, 2017

မြန်မာတွေ အတွက် ဖန်သားပြင်ပေါ်က မြန်မာစာစနစ်

မြန်မာတွေ အတွက် ဖန်သားပြင်ပေါ်က မြန်မာစာစနစ်

နည်းပညာနယ်ပယ်ထဲက မြန်မာစာစနစ် အကြောင်းပြောရင် ယူနီကုဒ် နဲ့ ဇော်ဂျီ တိုက်ပွဲလို့ လူတွေ တော်တော်များများ မြင်တယ်။ အဲဒီကိစ္စက တခါတရံ နိုင်ငံရေးလိုပဲ၊ သဘောထား နှစ်ခြမ်း ဗြန်းဗြန်းကွဲပြီး ပြောတဲ့လူကို အလွယ်တကူ အမုန်းခံ၊ အမြင်ကပ်ခံရတဲ့ ကိစ္စလည်း ဖြစ်တယ်။
ဇော်ဂျီစနစ်နဲ့ လူအများစု အသားကျပြီး နှစ်ပေါင်းများစွာ အဆင်ပြေနေပြီးသားကို မတူတဲ့ လက်ကွက် (တမင်တကာ)ထုတ်ပြီး စင်ပြိုင်တယ် ဆိုတာမျိုးလည်း ပြောကြတယ်။
သုံးစွဲသူတွေက အဆင်ပြေရင်သုံးမှာပဲ၊ ခုဟာက အဆင်မပြေလို့၊ သုံးစားမရလို့ပေါ့ ဆိုပြီး စပျစ်သီးချဉ်သူတွေလည်း ရှိတယ်။ နောက်ဆုံး ဒီအကြောင်းပြောတာကိုက အရည်မရ အဖတ်မရတွေဆိုပြီး လစ်လျူရှုကြတာလည်း ရှိတယ်။

နောက်တစ်ခုက ပြဿနာရဲ့ အတိမ်အနက်၊ လူထုအပေါ် ရိုက်ခတ်မှု ဆိုးကျိုးတွေကို မဆင်ခြင် နားမလည်နိုင်ကြလို့လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် “ငါနဲ့မဆိုင်” ဆိုပြီး နေတတ်တာလည်း ဖြစ်မယ်။ ဒီလိုလူတွေကတော့  NLD နဲ့ USDP ဘယ်သူနိုင်နိုင် ဘာအရေးလဲ၊ အချိန်တန်တော့ ကိုယ့်ထမင်း ကိုယ်ရှာစားရတာပဲ လို့ သဘောထားသူမျိုးတွေ ဖြစ်မှာပေါ့။

ဒီစာက ယူနီကုဒ်က ပိုကောင်းပါတယ်၊ ဇော်ဂျီက မြန်မာဘာသာစကား တိုင်းရင်းသား ဘာသာစကားတွေကို လမ်းဘေးပို့နေတာပါ စသဖြင့် မွဲပြာပုဆိုးဖွတ်မယ့် စာ မဟုတ်ပါဘူး။ ဒီအချက်တွေက မှန်ပေမယ့်လည်း ဘာကြောင့် အခက်အခဲဖြစ်နေရတာလဲဆိုတာရယ်၊ သက်ဆိုင်သူတွေ နည်းနည်း ပိုသတိပြုမိအောင် awareness ရအောင်ရည်ရွယ်ရုံလေးပါ။

ဒီအကြောင်းကို ထပ်ထပ်ပြီး ပြောနေကြရတာလည်း အားလုံးအဆင်ပြေတဲ့ လမ်းပေါ်ကို မရောက်နိုင်သေးလို့ ဖြစ်တယ်။ ဒါပေမယ့် ခုချိန်မှာ e-government လုပ်ဖို့ စိတ်ကူးနဲ့ အစိုးရဖက်က အနည်းအကျဉ်း အာရုံကျလာပြီလို့ ယူဆရပေမယ့် ထိရောက်တဲ့ ဆောင်ရွက်မှုမျိုး မတွေ့ရသေးလို့ ထပ်ပြီး အသံပေးတဲ့ သဘောလည်း ပါတယ်။ ဖားတစ်ကောင် အော်လို့ မိုးမရွာပေမယ့် ကိုယ်တတ်နိုင်တာ ကိုယ်လုပ်တဲ့ သဘောပေါ့။ ကြီးကြီးကျယ်ကျယ်ပြောရရင် ကိုယ့်လူမျိုး မိခင်ဘာသာစကားနဲ့ တစ်မြေတည်းက တိုင်းရင်းသားတွေရဲ့ စာ၊ ဘာသာစကားတွေ နည်းပညာခေတ်ကြီးထဲမှာ စနစ်တကျ တိုးတက်ကျယ်ပြန့်ရေးပေါ့။ အဲဒီလိုတိုးတက်ဖို့က လက်ရှိ ဇော်ဂျီရဲ့ တည်ဆောက်ပုံနဲ့ ဘယ်လိုမှ မဖြစ်နိုင်တာ အများက နားလည်လက်ခံပြီးသားလို့ ထင်ပါတယ်။ နားလည်ပေမယ့် နှာစေးနေတဲ့ပညာရှင်ဆိုသူတွေမှာလည်း သူ့အကြောင်းနဲ့သူ ရှိမှာပေါ့။

ဒီကြားထဲ တောင်မရောက် မြောက်မရောက်နဲ့ ယူနီကုဒ်ကိုပဲ လူအများစုအဆင်ပြေအောင် ဇော်ဂျီလိုဖြစ်အောင်ပြောင်းလိုက်ရင်ရတာပဲတို့၊ အဲဒီထက်ပို စဆရကလုပ်ပြီး ဟိုကုဒ်လေး၊ ဒီကုဒ်လေး ရွှေ့ပေးလိုက်ရင် ပြီးတာကို ငါတကော ကောနေတယ်တို့ စသဖြင့် ဖောင်းထုသူတွေကြောင့်လည်း သုံးစွဲသူတွေကြား သံသယပွား၊ ဝိဝါဒ ခြားရသေးတယ်။
အများစုက ကွန်ပျူတာပေါ်က ဘာသာစကားအလုပ်လုပ်ပုံကိုသေချာနားမလည်၊ သမိုင်းကြောင်းတွေကို သေချာနားမလည်ပဲ စဆရကလုပ်ပြီး ကျန်တဲ့လူတွေကို အဆိပ်ခတ်တော့ ဘာမှ မသိတဲ့သူတောင် အလကားနေရင်း “ယူနီကုဒ်” ဆိုတာကြီးကို အမြင်ကတ်သလိုလို၊ ထိတွေ့ရမှာ ကြောက်သလိုလို ဖြစ်လာကြတယ်။ လက်ရှိ သုံးစွဲသူတွေကို စစ်တမ်းကောက်ကြည့်ရင် ခုလည်း အဆင်ပြေနေတာပဲဆိုတဲ့ လူ အများစု တွေ့ရလိမ့်မယ်။
သာမန် သုံးစွဲသူကြားမှာ ယူနီကုဒ်က ဘာဆိုတာတောင် မသိပဲ ဇော်ဂျီဖောင့်စနစ်လိုမျိုး အခြားဖောင့်တစ်ခုပဲလို့ ထင်နေသူတွေကလည်း ဒုနဲ့ဒေးပဲ။ ဇော်ဂျီနောက်မှ ထွက်ပြီး ဇော်ဂျီကို တိုက်ခိုက်တယ်လို့ ထင်နေသူတွေတောင် မနည်းဘူး။

အားလုံးကတော့ မသိ နားမလည်မှုပေါ်မှာ အခြေခံပြီး ဖြစ်လာတာပဲ။ ဒီလိုပြောလို့ လက်ရှိမှာ ဇော်ဂျီသုံးစွဲနေသူတွေကို တိုက်ခိုက်တာလည်း မဟုတ်ဘူးလို့ ပြောပါရစေ။ မဟုတ်ရင် ဆွေးနွေးပွဲ၊ စကားဝိုင်းတွေမှာ ယူနီကုဒ်သမားတွေက လက်ရှိ ဇော်ဂျီသုံးစွဲသူတွေကို ငတုံးတွေလိုမျိုး၊ မြန်မာစာကို မတိုးတက်အောင် လုပ်နေတာမျိုးပဲ ပြောကြတယ်လို့ စွပ်စွဲပြီး တရားခံရှာ ရန်ပြန်လုပ်နေတာနဲ့ပဲ လိုရင်းအကြောင်းအရာ ပျောက်ပျောက်နေတတ်လို့။

လူတွေပြောသလိုပဲ။ သာမန်သုံးစွဲသူကတော့ အများသုံးတာ၊ လွယ်ကူ အဆင်ပြေတာကို အချိန်မရွေးသုံးမှာပဲ။ လိုရင်းက လူအများနဲ့ ဆက်သွယ်နိုင်ဖို့ပဲလေ။ အဲဒီတော့ ဒီပြဿနာမှာ သုံးစွဲသူဖက်က တာဝန်လုံးဝမရှိပဲ ထုတ်လုပ်သူမှာပဲ တာဝန်ရှိတာပေါ့။ မင်းတို့ ယူနီကုဒ်က နောက်မှလာပြီး စားသုံးသူ အဆင်ပြေအောင် ဝန်ဆောင်မှု မပေးဘဲ သောက်ဖောင်းက ထုချင်သေးတယ်။ ဇော်ဂျီကို ပုတ်ခတ်ရုံ၊ ချနင်းရုံနဲ့ မင်းတို့ဟာကို လူတွေက မသုံးတဲ့အပြင် ပိုတောင် အမြင်ကတ်လာသေးတယ်လို့ ပြောသူတွေအချို့လည်း တွေ့ဖူးပါတယ်။ ဒါကတော့ မြန်မာတိုင်းရင်းသားတွေအားလုံးအတွက် ဖန်သားပြင်ပေါ်က မြန်မာစာစနစ် လို့ မမြင်ပဲ သာမန် ထုတ်ကုန်တွေလို နှိုင်းယှဉ် သဘောထားကြလို့ပါ။ ဒါလည်း မသိနားမလည်မှု တစ်မျိုးပဲပေါ့။

တကမ္ဘာလုံး အတိုင်းအတာနဲ့ လူတွေ အလုပ်လုပ်ကြတဲ့အခါ စံစနစ်က မရှိမဖြစ်လိုလာတယ်။ မတူတဲ့ယူနစ်စနစ်တွေ ဒေသအလိုက်၊ နိုင်ငံအလိုက်သုံးကြတယ် ဆိုရင်တောင် တိကျတဲ့ ယူနစ်ပြောင်း ဖလှယ်မှု ညွှန်းကိန်းတွေ၊ converter တွေရှိတယ်။ အချင်းချင်း မငြိဘူး။ နာမည်နဲ့ သတ်မှတ်နေရာတွေ မတူပေမယ့် တစ်ပေအတွက် (၁၂)လက်မ ရှိတယ်ဆိုရင် စင်တီမီတာနဲ့ ဘယ်လောက်ရှိရမယ် ဆိုတာမျိုး ကွဲလွဲတာ။ ဒီအတိုင်းအထွာတစ်ခုအတွက် ဘယ်မှာတိုင်းတိုင်း အတူတူပဲ။

ဖန်သားပြင်အတွက် ဘာသာစကားကတော့ အဲဒီထက်ပိုရှုပ်ထွေးလာတယ်။ ကီးတစ်ခု ရိုက်လိုက်ရင် ဘယ်လိုသိမ်းပြီး၊ စက်က ဘယ်လိုနားလည်ပြီး ဘယ်လိုပုံဖော်ပြမယ်ဆိုတဲ့ တွက်ချက်မှုတွေ တသီတသန်းကြီး လုပ်ရတယ်။ အင်္ဂလိပ်အက္ခရာ ‘u’ ကိုနှိပ်တဲ့အခါ ဘယ်ကိရိယာမှာပဲ နှိပ်နှိပ် မြန်မာလို ‘က’ အက္ခရာ ပေါ်ချင်တဲ့အခါ ကွန်ပျူတာကို အဲဒီအတိုင်း ပုံသေနားလည်အောင် သတ်မှတ်ပေးရတယ်။
အဲဒီတွက်ချက်မှုနဲ့ ပုံဖော်ပြသမှုအတွက် သက်ဆိုင်ရာ ဘာသာစကားတစ်လုံးစီအတွက် နေရာတစ်ခု သက်သက်မှတ်မှတ်လိုတဲ့ သဘောပေါ့။
ဒီလိုနဲ့ တကမ္ဘာလုံးက ဘာသာစကားအက္ခရာပေါင်း သောင်းခြောက်ထောင်ကို စနစ်တကျ မြင်ရဖို့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖွဲ့ပြီး ထိန်းကွပ်ပေးတယ်။
အချို့ဘာသာစကားတွေက တော်တော်ရှုပ်ထွေးတယ်။ ညာက ဘယ်ကိုရေးတာမျိုးတွေ၊ ပဌ်ဆင့်တွေ၊ ပုံပြောင်းတာတွေလည်း ရှိတဲ့အခါ တကမ္ဘာလုံး မှာ တစ်ပုံစံတည်း မြင်ရဖို့အတွက် စာအက္ခရာတစ်လုံးစီတိုင်းအတွက် နေရာသတ်မှတ်ချက်တွေကို နိုင်ငံတကာအတိုင်းအတာနဲ့ ပညာရှင်တွေ  ညှိနှိင်းတိုင်ပင်ပြီး နေရာချရတာတွေ၊ နည်းစနစ်တွေ ချဲ့ထွင်ရတာတွေရှိတယ်။

မြန်မာစာက ရှုပ်ထွေးတဲ့အပြင် (ဥပမာ - ရရစ် တစ်မျိုးတောင် တွဲတဲ့ဗျည်းအလိုက် အကြီးအသေးတွေကွဲတာ) နိုင်ငံရေးတွေ ရောထွေးပြီး ခေါင်းရှောင်ကောင်းကြတော့ နေရာကျဖို့ အချိန်အတော်ကြာခဲ့တယ်။ နောက်ဆုံး နေရာကျလုကျခင် အတည်ပြုချက်စောင့်နေတဲ့အချိန်မျိုးမှာ ဦးရဲမြတ်သူနဲ့ အပေါင်းအပါများက အများပြည်သူက အရမ်းကို လိုအပ်နေပြီ၊ အားလုံးအဆင်ပြေအောင် မြန်မာ့နည်းမြန်မာ့ဟန်နဲ့ မြန်မာအချင်းချင်းကြား မြန်မာစာ အမှန် ပေါ်ပေါက်ရေး စေတနာအပြည့်နဲ့ မြန်မာပြည် အင်တာနက် သတင်းအချက်အလက် ဆက်သွယ်မှုကြီး နှောင့်နှေးမှု ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုမှာ ကယ်တင်လိုက်တဲ့အခါ “ဇော်ဂျီ” စာရိုက်စနစ်ဆိုတာကြီး မွေးဖွားလာတယ်။

အဲဒီလို အစောတလျင် ထုတ်နိုင်ဖို့အတွက် သူများစာလုံးဒီဇိုင်း (font) တွေကို ခိုးချရတာတွေ။
အပေါ်က ပြောတဲ့ နိုင်ငံတကာအဖွဲ့အစည်းက အခြားဘာသာစကား၊ တိုင်းရင်းသားဘာသာစကားတွေအတွက် လျာထားတဲ့ အကွက်နေရာတွေကို ခိုးယူရတာမျိုးတွေတော့ ရှိတာပေါ့။

ရေဗူးပေါက်တာမလိုချင်ဘဲ ရေပါဖို့ပဲ အရေးကြီးတဲ့ ခေတ်စနစ်မှာ လတ်တလော အဆင်ပြေဖို့က အရေးအကြီးဆုံးပဲလေ။ အရမ်းမြန်တဲ့ နည်းပညာဒီလှိုင်းနဲ့အတူ မြန်မာတွေ အချိန်မီလိုက်နိုင်ဖို့ စေတနာဗရပွနဲ့ အလကား ဖြန့်ဖြူးပေးခဲ့တဲ့ ကျေးဇူးရှင်ကြီးများ ကောင်းမှုကြောင့် မြန်မာနည်းပညာနဲ့ သတင်းအချက်အလက် အချိန်မနှေး တိုးတက်ခဲ့ရတာပေ့ါလေ။

နှစ်အစောပိုင်းတော့ တံခါးပိတ်မူဝါဒနဲ့ ရွှေအချင်းချင်းကြားမှာ အဆင်ပြေသလောက် နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံဖို့ ဖြစ်လာတဲ့အခါ အဆင်မပြေမှုတွေက သိသာထင်ရှားလာတယ်။
အဲဒီနှစ်တွေ အတွင်း မြန်မာယူနီကုဒ်စနစ်က ပြည့်ပြည့်စုံစုံဖြစ်လာတဲ့ အချိန်မှာတော့ လူတွေအားလုံးနီးပါးရဲ့ ကွန်ပျူတာ၊ ဖုန်း စတာတွေအားလုံးမှာ ဇော်ဂျီသွင်းထားကြပြီ။ သူရှိမှ မြန်မာစာကို အမှန်မြင်ရတယ်လို့ မှားယွင်း လက်ခံကုန်ကြပြီ။

နိုင်ငံတကာကို မျက်စိဖွင့်ကြည့်လိုက်တော့မှ ကွန်ပျူတာဘာသာစကားဆိုတာ စာရိုက်၊ စာဖတ်ရုံ၊ ပရင့်ထုတ်ရုံလောက် မဟုတ်ဘူးပဲဆိုတာ သိလာကြတယ်။ သမိုင်းထဲက ငယ်နိုင် (ကြီးရှုံး) ထိုင်း က ဖုန်းကို ကိုယ့်မိခင်ဘာသာ အသံနဲ့ စေခိုင်းနေပြီ။ ဓါတ်ပုံထဲက စာလုံးကို ဖတ်တာ၊ စာလုံးပေါင်း စစ်တာ၊ ဘာသာပြန်တာတွေလောက်ကို စာမဖွဲ့တော့ဘူး။
အဲဒီအချိန် မြန်မာဘာသာ (ဇော်ဂျီ) နဲ့ အဲဒါတွေ ဘာတစ်ခုမှ လုပ်မရဘူး။

ကိုယ်တွေက ခုထိ မြန်မာစာ မမှန်ဘူး၊ နင်ရေးထားတာ မမြင်ရဘူး ဆိုတဲ့ အဆင့်က မတက်သေးဘူး။
တွေးကြည့်ရင် အတော် ဝမ်းနည်းစရာပါ။

အမှားကြာ အမှန်ဖြစ်ဆိုပေမယ့်လည်း အပြောင်းအလဲကိုတောင့်တတဲ့ မြန်မာပြည်သူလူထုအတွက် ဒီကိစ္စမှာလည်း ပြောင်းလဲဖို့ မကြောက်ရွံ့စေချင်ဘူး။
ခုချိန်မှာ ယူနီကုဒ်သုံးတဲ့လူအတွက် အဓိက အခက်အခဲဆိုတာ တစ်ဖက်က အမြစ်တွယ်နေတဲ့ ဇော်ဂျီနဲ့ရေးထားတဲ့စာကို မမြင်ရလို့ မြင်ရအောင်လုပ်တာ၊ စာပြောင်းတဲ့ app တွေ ထည့်ရတာတွေပဲ ရှိတယ်။ စာရိုက်ပုံရိုက်နည်းဆိုတာ ရက်အနည်းငယ်သုံးလိုက်ရင်ကို ရိုက်တတ်သွားတဲ့ အမျိုး။
ဇော်ဂျီဖောင့် ထည့်ဖို့ ဖုန်းကို အမြစ်တူးရတာမျိုး၊ ကွန်ပျူတာမှာ software သက်သက် install လုပ်ရတာမျိုးတွေ ယူနီကုဒ်စံစနစ်အတွက် မရှိဘူး။
ကွန်ပျူတာနဲ့ နီးစပ်တဲ့ ကျနော် ဇော်ဂျီစနစ်စသုံးခါစ ရရစ်တွေ၊ ပဌ်ဆင့်တွေရိုက်တတ်ဖို့ အချိန်အတော်ကြာအထိ ခက်ခဲခဲ့ပေမယ့် ယူနီကုဒ်မှာ ဘာ အခက်အခဲမှ မရှိခဲ့ဘူး။

မရှင်းသေးသူတွေတွက် နောက်ဆုံး ထပ်ပြောရရင် “ယူနီကုဒ်”ဆိုတာ တစ်ကမ္ဘာလုံးက သက်ဆိုင်ရာ ဘာသာစကားစနစ်အတွက်သုံးတဲ့ အခေါ်အဝေါ်ဖြစ်ပြီး “ဇော်ဂျီ”လိုမျိုး တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုက ဖန်တီးတဲ့ ထုတ်ကုန်တစ်ခု မဟုတ်ဘူးဆိုတာပဲ။ အဲဒါကြောင့် အဲဒီနှစ်ခုကို ထုတ်ကုန်နှစ်ခု အပြိုင်အဆိုင်ထုတ်သလိုမျိုးလည်း မနှိုင်းယှဉ်အပ်ဘူး။
သုံးစွဲသူတွေ ကြိုက်လာအောင်၊ အသုံးများအောင် သွေးဆောင်ပြီး marketing ဆင်းရမယ့် အရာတစ်ခုလည်း မဟုတ်ဘူး။
စနစ်တစ်ခုဖြစ်တဲ့အတွက် တစ်နိုင်ငံလုံး ကားအားလုံးညာမောင်း၊ လမ်းခရီးကို မိုင်၊ ဖာလုံနဲ့သုံး စသဖြင့် အစိုးရက သတ်မှတ်ပေးရင်လည်း လိုက်နာရမယ့်အရာတစ်ခုပဲ ဖြစ်တယ်။ ဒါကို ဇွတ်ပြောင်းဖို့ လုပ်သူတွေကပဲ လူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်သလိုလို၊ by force နဲ့လုပ်ရင်ပဲ တရားနည်းလမ်းမကျသလိုလိုတွေ ပြောနေသူတွေက စံစနစ်၊ စည်းစနစ် ဆိုတာတွေ နားမလည်ပဲ လူကြိုက်များအောင် ဖောင်းထုတယ်ပဲ မြင်ပါတယ်။

ဒီအကြောင်းအရာအတွက် စာအရှည်ကြီးကို ဒီအထိဆုံးအောင်ဖတ်တယ်ဆိုရင် သင်ဟာ အပြောင်းအလဲအတွက် မကြောက်ရွံ့တဲ့သူ၊ အကြောင်းအရာတစ်ခုကို ဂဃနဏ သိလိုစိတ် ထက်သန်သူ ဖြစ်လို့ ဒစ်ဂျစ်တယ်မြန်မာစာစနစ်အတွက် မျှော်လင့်ချက်ရှိတဲ့အပြင် ကျနော့်ကို စမြင်ကတ်သူတစ်ယောက်မဟုတ်ကြောင်း သိရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဇော်ငြိမ်းအေး (ဆေး-၂)
April 1, 2017

Tuesday, March 28, 2017

ရလဒ်ထွက်တဲ့သူ ဖြစ်ဖို့


ရေးသူ - ဒေါက်တာ ဖြိုးသီဟ

ဘောလုံးနဲ့ပတ်သက်တဲ့ ပွဲအပြီးသုံးသပ်ချက်တွေ ဖတ်ရင်းဖတ်ရင်းနဲ့ စဉ်းစားမိလာတာ တစ်ခုရှိတယ်။

ဆိုပါတော့၊ နည်းပြတစ်ယောက်က လူစားလဲလိုက်တယ်။ သူကတော့ အကောင်းဆုံးဖြစ်မယ် ထင်တာကို ဆုံးဖြတ်ပြီး လုပ်လိုက်တာပဲ။ ဒါပေမယ့် ဒီကစားသမားက ဂိုးသွင်းလိုက်လို့ အသင်းအနိုင်ရသွားတယ်ဆိုရင် ဟာ ဒီနည်းပြ တော်လိုက်တာ၊ ဘယ်လိုဆုံးဖြတ်ချက်မှန်တယ် ပေါ့။ အကယ်၍များ သူက ကိုယ့်ဂိုးကိုယ်သွင်းလိုက်တယ်၊ သူ့ကြောင့် အသင်းက ရှုံးနိမ့်သွားတယ်ဆိုရင်တော့ နည်းပြကို အပြစ်တင်ကြလိမ့်မယ်။

Sunday, March 19, 2017

'ကံ' နှင့် ပတ်သက်သော အမြင်မှားအချို့ (Karma)

'ဗုဒ္ဓဘာသာ'ကို သက်ဝင်ယုံကြည်သူမှန်လျင် ကံ၊ ကံ၏အကျိုးကို တိတိပပ နားလည်သင့်သည်။ သဘောတရားမှာ လွယ်မယောင်ရှိသော်လည်း သေသေချာချာနားမလည် မသုံးသပ်မိလျင် လုံးဝ ချွတ်ချော် မှားယွင်း ယူဆမိနိုင်သည်။ ထိုသို့ မှားယွင်းယူဆသူများကိုလည်း တွေ့ဖူးသည့်အလျောက် ကျနော် ဖတ်ဖူးသည့် ဆရာတော် ဒေါက်တာ ဓမ္မနန္ဒ၏ စာစုလေး တစ်ခုကို မျှဝေလိုက်ပါသည်။

Tuesday, March 14, 2017

သူများပါးစပ်မှာ လမ်းမဆုံးပါစေနဲ့


ဒီနှစ် (၂၀၁၆) ဘောလုံးသမားအပြောင်းအရွှေ့မှာ ထူးထူးခြားခြား သတိထားမိနေတာလေး ရှိပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားနှစ်ယောက်အကြောင်းပါ။ တစ်ယောက်က ပြင်သစ်ကစားသမား "ပေါ့ဘာ"၊ နောက်တစ်ယောက်က ဘယ်ဂျီယံတိုက်စစ်မှူး "လူကာကူ"။ ဘာလဲဆိုတော့ သူတို့နှစ်ယောက်ကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က အသင်းမှာ အသုံးမဝင်လောက်ဘူး အမှတ်နဲ့ လွယ်လွယ်ကူကူ လက်လွှတ်ခဲ့တဲ့ အသင်းဟောင်းတွေက ခုချိန်မှာ ခြေစွမ်းက တအားတက်လာတော့ စျေးကြီးကြီးပေးပြီး ပြန်ခေါ်နေရတယ် ဆိုတာပါပဲ။ ဒါက ဘောလုံးလောကမှာတော့ သိပ်အဆန်းတကျယ် မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါလေးကနေ ဆက်ပြီး အတွေးပွါးမိပါတယ်။