Tuesday, June 21, 2011

အမေချက်တဲ့ ပုစွန်ကျား ခုနစ်ကောင် 7 Prawns Cooked by Mom

              ဟိုတစ်ဖက်က ငါးမြစ်ချင်းဆိုင်ရှေ့တွင် လူအုံနေသော်လည်း ပုဇွန်ကျားဆိုင်ရှေ့တွင် လူရှင်းနေသည်။ ပုဇွန်လာကိုင်ကြည့်လိုက်၊ ဈေးမေးလိုက်၊ “အင်း“ ဟူ၍ သက်ပြင်းချကာ ပြန်သွားလိုက်နှင့် ပုဇွန်သည် မပုစိန်လည်းတော်တော်လေး စိတ်တိုနေပြီ ဖြစ်သည်။
 ထို့ကြောင့်လည်း
    “အပျင်းပြေလာကိုင်ကြည့်လို့ရတယ်နော် တစ်ဆယ်သားကို ခြောက်ကျပ်ကြီးများတောင် ရောင်းတာ“
ဟုအငေါ်တူးပြီး အော်လေသည်။

                       “မြတ်စွာဘုရား ခြောက်ကျပ်တဲ့“

Tuesday, May 31, 2011

အိုမင်းမှု ရွှေရတု (ဆရာ မြသန်းစံ)

ဒေါက်....ဒေါက်....

“ ဘယ်သူလဲ ”
“ ငါပါကွ ဇရာပါ ”
“ ဘာကိစ္စလဲ ”
“ မင်း အသက်ငါးဆယ်ပြည့်တဲ့ အကြောင်း လာပြောတာ ”
“ သိပါတယ် ”
“ သိပါတယ် လုပ်မနေနဲ့ ။ တံခါးဖွင့်ပါဦး ”
တံခါးဖွင့်ကြည့်လိုက်တော့ ဇရာတစ်ယောက်တည်းမဟုတ်ဘူး ။ သူ့နောက်မှာ ပြုံးစိစိနဲ့ လှမ်းကြည့်နေသူနှစ်ယောက် ။ ဗျာဓိနဲ့ မရဏ ။

Thursday, May 26, 2011

ဘာသာလူမျိုး အယူဝါဒ အစွဲအလမ်းများကို လွှတ်ချပြီး ဖတ်ကြည့်ပါ...(၁)

ဘုရားဆိုတာ သာမည မဟုတ်ပါ၊
အလွန် မြင့်မြတ်ကြီးကျယ်ခမ်းနားတဲ့ အတုမရှိ အနှိုင်းမဲ့ အရာပါ၊ နဂိုရှိ အမြဲရှိပါ၊

လူတွေသိထားတဲ့ "လူသိအရာ"တွေနဲ့ နှိုင်းယှဉ်ပြီး လူတွေက ဒါဘုရားပဲလို့ တစ်ခုခု တစ်ယောက်ယောက်ကို ဝိုင်းပြီးသတ်မှတ်လိုက်လို့- ဖန်တီးလိုက်လို့- ဘုရားဖြစ်လာတာ မဟုတ်ပါဘူး၊ ဖြစ်တယ်ဆိုရင်လဲ လူတွေဖန်တီးသတ်မှတ်ထားတာပါပဲ။

လူ့စိတ်ဆိုတာ ဘယ်သူမဆို မွေးစကနေ လက်ရှိချိန်ထိ တွေ့ကြုံ သိသင် မှတ်သား ခံစား ဖူးတဲ့ (အမြဲပြုပြင်ပြောင်းလဲ ဖေါက်ပြန်နေတဲ့ သင်္ခါရတရားတွေ) အပေါ်မှာ တည်ဆောက်ထားတာမို့၊ ဒီလောကထဲမှာ လူအပါဝင် လူတွေသိထားသမျှတွေက ဘာဘဲဖြစ်ဖြစ် ပြောင်းလဲတတ်တဲ့သဘော သင်္ခါရတရားတွေချည်းပဲမို့၊ ထာဝရမရပ်တည်နှိုင်တဲ့ အရာတွေချည်းပါ။

ဘာသာလူမျိုး အယူဝါဒ အစွဲအလမ်းများကို လွှတ်ချပြီး ဖတ်ကြည့်ပါ...(၂)

{ Discussionတစ်ခုတွင် ဆွေနွေးချက်လေးကို အားလုံးအတွက်မျှဝေတာပါ။ }

ကျွန်တော်တို့ဘယ်သူမဆို မွေးကာစက ကိုယ့်ကိုယ်ကို လူ တိရိစ္ဆာန် ယောကျာင်္း မိန်းမ ဘာလူမျိုး ဘာဘာသာ ဘာရယ်လို့ မသိခဲ့ပါဘူး၊ အစမှာကိုယ်ကိုယ်ကိုတောင် ဘာမှန်းမသိခဲ့တာမို့
ဘာ..ဘာသာ ဘာ..ဘုရားမှ စိတ်မှာမသိခဲ့ တာသေချာပါတယ်။
နောင် တဖြည်းဖြည်း ကြီးလာတော့မှ တဖြည်းဖြည်းကိုယ့်ကိုယ်ကို ဘာမှန်းညာမှန်း၊ ဘာလူမျိုးညာလူမျိုး၊
ဘာဘာသာဝင် ညာဘာသာဝင်၊ ဘာဘုရား ညာဘုရားဟု စိတ်ကတဖြည်းဖြည်း တည်ဆောက်လာခဲ့ပါသည်၊
တစ်ယောက်တိုင်းစီ၏ ရရှိလာတဲ့အခြေနေ ပတ်ဝန်းကျင်အရ ခြားနားကွဲပြားစွါ တည်ဆောက်လာရသည့် စိတ်ဖြစ်သောကြောင့် တစ်မျိုးစီ ဖြစ်နေကြပါသည်၊

Wednesday, May 25, 2011

ဖား ပုံပြင် Frog Story



တစ်ခါတုန်းကပေါ့ မျှော်စင်အိုကြီးတစ်ခုအနားမှာ ဖားကလေးတွေဟာ စုပေါင်းပြီး
ပျော်ရွှင်စွာနဲ့နေထိုင်ကြသတဲ့။ တစ်နေ့မှာဖားတစ်ကောင်က
မြင့်မားတဲ့မျှော်စင်အိုကြီး ကိုကြည့်ပြီး စိတ်ကူးတစ်ခုရလာပါတယ်။ အဲဒီနောက်
“အဆွေဖားတို့ ကျွန်တော်တို့ အခုလိုအိပ်လိုက်စားလိုက် နေမယ့်အစား ဘယ်ဖားက
အစွမ်းအစအရှိဆုံးလဲသိရအောင်ပြိုင်ပွဲတစ်ခုလုပ်ကြရအောင်” လို့အကြံပြုတော့
အစွမ်းပြလိုတဲ့ အခြားဖားတွေကပြိုင်ကြရအောင်ဆိုပြီးထောက်ခံကြတာပေါ့။
အဲဒီလိုနဲ့ပဲပြိုင်ပွဲတစ်ခုကို စတင်ကြပါတယ်။ အဲဒီပြိုင်ပွဲကတော့
ဘယ်ဖားစွမ်းကောင်းက မျှော်စင်ကြီးတစ်ခုရဲ့ထိပ်ပိုင်းအထိကို
ရောက်အောင်တက်နိုင်မလဲဆိုတာပါပဲ။

Wednesday, May 18, 2011

ဆင်းရဲခြင်း နှင့် ချမ်းသာခြင်း Rich and Poor


တစ်ခါက သူဌေးကြီးတစ်ဦး ရှိလေသည်။ တစ်နေ့တွင် သူသည် သားကိုခေါ်ပြီး ရွာတစ်ရွာသို့ အလည်အပတ် သွားကြသည်။ အလည်အပတ် သွားရခြင်း၏ ရည်ရွယ်ချက်မှာ “ဆင်းရဲခြင်း” ဆိုသည်ကို သားအား သိစေချင်သောကြောင့်၊ ဆင်းရဲသားများ၏ ဘဝကို ပြသချင်သောကြောင့်ဖြစ်သည်။ သူတို့သည် လယ်သမား မိသားစု၏ နေအိမ်တွင် နှစ်ရက်ကြာ တည်းခိုခဲ့ကြသည်။

လယ်သမား၏ ကလေးများသည် အိမ်မွေး တိရစ္ဆာန်များအား ထိန်းကျောင်းရသည်။ လယ်ထဲတွင် ကူညီမည့် ခွေးများအား လေ့ကျင့်ပေးရသည်။ ညနေ အလုပ်နားချိန်တွင် အိမ်ဘေးရှိချောင်း၌ ရေချိုးကြသည်။ ငွေကြေး ချွေတာသောအနေဖြင့် ညအခါ လရောက်အောက်တွင် အိမ်ရှေ့မျက်နှာစာရှိ ဥယျာဉ်၌ မိသားစုများ ၀ိုင်းဖွဲ့ပြီး စကားစမြည် ပြောကြသည်။

ကော်ဖီရဲ့ ကောင်းကွက်လေးများ Some Facts that encourage you to drink coffee

ကဖိန်းဓါတ် ပါသည့်ကော်ဖီဖြစ်စေ၊ ကဖိန်းဓါတ်ထုတ်ထားသည့် ကော်ဖီဖြစ်စေ ပုံမှန် သောက်ပေးခြင်းဖြင့် ဆိုးရွားပြင်းထန်သည့် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနှုန်းကို သိသာစွာ လျော့နည်းစေနိုင်ကြောင်း ဟားဗတ်မှ လေ့လာမှုတစ်ခုတွင်တွေ့ရှိရသည်။ ယင်းလေ့လာမှုမှာ ကော်ဖီသောက်သုံးခြင်းဖြင့် အမျိုးသမီးများတွင် အဖြစ်များသည့် ရင်သားကင်ဆာ ကို ကာကွယ်နိုင်ကြောင်း အဆိုနှင့် ချိတ်ဆက်လျက်ရှိသည်။
(ဤနေရာတွင် ဆိုးရွားပြင်းထန်သည့် ကင်ဆာဟုဆိုသည်မှာ အရိုုးများအထိ ပြန့်နှံ့သော ရောဂါကို ဆိုလိုသည်။)

Senior author, Lorelei Mucci wrote:
"Few studies have specifically studied the association of coffee intake and the risk of lethal prostate cancer, the form of the disease that is the most critical to prevent. Our study is the largest to date to examine whether coffee could lower the risk of lethal prostate cancer. "

Friday, May 13, 2011

အကိုက်အခဲ ပျောက်ဆေးများ နှင့် နှလုံးရောဂါ

ယခင် နှလုံးသွေးကြောပိတ်ရောဂါဖြစ်ဖူးသောလူနာများ အနေဖြင့် nonsteroidal anti-inflammatory drugs (NSAIDs), တစ်ပတ်လောက်သောက်ရုံမျှဖြင့် နှလုံးရောဂါ ပြန်ဖောက်ရန်၊ နှင့် သေဆုံးရန် အခွင့်အလမ်း ပိုများလာကြောင်း လေ့လာတွေ့ရှိရသည်။

NSAIDs အကြောင်း အနည်းငယ်ဖော်ပြရလျှင် -
NSAID က cyclooxygenase (COX) အင်ဇိုင်း အကူအညီဖြင့် ထွက်လာသော Prostaglandin ကို တားဆီးခြင်းဖြင့် အလုပ်လုပ်သည်။ Prostaglandin ကခန္ဓာကိုယ်တွင် ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ ဖျားနာခြင်းများကို အားပေးသည်သာမက အစာအိမ် အူနံရံကို အက်စစ်ကြောင့် ထိခိုက်ခြင်းမှ ကာကွယ်ပေးပြီး  သွေးဥမွှားများ၏ သွေးခဲစေခြင်းကို လည်း အားပေးသည်။

Monday, May 9, 2011

အပြည်ပြည်ဆိုင်ရာ သူနာပြု ဆရာမများ နေ့



သူနာပြု ဆရာမများ သီတင်းပတ် ကို  မေလ ၆ ရက်နေ့မှ စ၍ ဖလောရင့် နိုက်တင်ဂေး၏ မွေးနေ့ ဖြစ်သည့် မေလ  ၁၂ ရက် ထိ သတ် မှတ်ကာ အပြည်ပြည်ဆိုင်ရာ သူနာပြု ဆရာမများ နေ့ အဖြစ် ကျင်းပကြသည်။
သူနာပြု ဆရာမများ၏ ပြည်သူ့အကျိုး ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကို အသိအမှတ်ပြုသည့် အနေဖြင့် ကျင်းပကြခြင်း ဖြစ်သည်။

ရှေးဦး သူနာပြုစုခြင်းကို စတင်ခဲ့သူ ဖလောရင့် နိုက်တင်ဂေးသည် ခရီမီယန် (Crimean) စစ်ပွဲ အတောအတွင်း  သူမကိုယ်သူမ  စံပြ သူနာပြု ခေါင်းဆောင်တစ်ဦး အဖြစ် စတင်ကာ ရောဂါပိုးကင်းစင်ရေး သန့်ရှင်းရေး လုပ်ငန်းစဉ်များ ထူထောင်ခြင်းဖြင့် သေဆုံးမှုနှုန်း သိသိသာသာ ကျဆင်းအောင် ဆောင်ရွက်နိုင်ခဲ့သည်။

စစ်ပွဲပြီး နောက်ပိုင်းနှစ်များတွင်လည်း ကျန်းမာရေး စောင့်ရှောက်မှုကို ဆက်လက် တိုးတက်အောင် လုပ်ရင်း တစ်ပြိုင်တည်းမှာပဲ အမျိုးသမီးများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများကိုပါ ဖော်ဆောင်ပေးနိုင်ခဲ့သည်။


ကြောင် ကုတ်ခံရလျင် ... When a cat scratch you

အိမ်မှာမွေးထာသော သင့်အချစ်တော် ကြောင်လေးက သင့် ကို ကုတ်ခြစ်လိုက်တဲ့အခါ...
          "Bartonella henselae" ဆိုတဲ့ ဘက်တီးရီးယား ပိုးကြောင့် နာမကျန်းဖြစ်တတ်ပါတယ်
ဒါကြောင့် ကြောင်တွေရဲ့ တဝက်နီးပါးဟာ အဲဒီ ဘက်တီးရီးယား ပိုးကို သယ်ဆောင်သူတွေ ဖြစ်တတ်ပါတယ်..။
                 ဒါပေမဲ့ ဒီပိုးကြောင့် ကြောင်တွေဟာ နာမကျန်းမဖြစ်စေပါဘူး..။ကူးစက်ပိုးရှိတဲ့ ကြောင်က ကိုက်လိုက်တဲ့အခါ
ဒါမှ မဟုတ် ကုတ်ခြစ်လိုက်တဲ့အခါ (သို့) သူ့ရဲ့ တံတွေးနဲ့ထိတွေ့ပြီးနောက် ..လူဟာ အောက်ပါ ရောဂါတွေ ခံစားရတတ်ပါတယ်...။

Saturday, May 7, 2011

အမေသို့ To my Mom

အသက်ကိုရင်းအားမာန်တင်းလို့
စမွေးထဲက..ဘဝပါပေးတဲ့ အမေ
အခါမနှေး မေတ္တာပေးလို့
ဘဝအေးစေလျှောက်စေချင်တဲ အမေ
ဘယ်လောက်ဝေးဝေး စာတွေရေးလို့
ချော့ တစ်ခါ ခြောက်တလှည့် ဆိုဆုံးမတဲ့ အမေ
အမေဆုံးမတဲ့ အမေ့ အသံ
သား ကြားယောင်နေတယ်အမေ
သနပ်ခါးထူထူနဲ့ အမေ
အပြစ်လဲမယူခဲ့ ပေ
ထာဝရရှိခိုးလျှက်ပါ..အမေ


                                       အဝေးရောက်သား

Thursday, May 5, 2011

သင် သေသွားသော် If you died


သြော် လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်။



သို့ တပြီးသား၊ သင်သေသွားသော်
သင် ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏

သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေသတည်း။

ဇော်ဂျီ(အိုးဝေမဂ္ဂဇင်း ၁၉၃၅)


Wednesday, May 4, 2011

ပါရာစီတမောလ် ဆေးလွန်ခြင်း မဖြစ်အောင်



ခေါင်းကိုက်ခြင်း၊ ဓမ္မတာပေါ်ချိန်  ကိုက်ခဲခြင်း နှင့် အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်းများအတွက် ပါရာစီတမောလ် (acetaminophen) ဆေးတစ်ပြား၊ နှစ်ပြားလောက် ကောက်သောက်ပစ်လိုက်ဖို့ မည်သူမျှ နှစ်ခါပြန် စဉ်းစားနေမည် မဟုတ်ပေ။ သို့သော် ထို ပေါ်ပြူလာ အိမ်သုံးဆေးဝါးကို ရေရှည် လွဲမှားစွာ သုံးစွဲခြင်းဖြင့်  အသည်း ကို ထိခိုက်စေနိုင်ကြောင်းကိုတော့ မေ့လျော့နေကြသည်။
လူနာများကို ပညာပေးခြင်း၊ ဆေးညွှန်း သေချာ ကပ်ခြင်း များဖြင့်သာ ယင်း ဆိုးကျိုးများကို ကာကွယ်နိုင်ပေမည်။
ပါရာစီတမောလ်ကို စျေးကွက်ထဲတွင် အကိုက်အခဲပျောက်ဆေး၊ အဖျားပျောက်ဆေး အဖြစ် ကုမဏီပေါင်းစုံ၊ နိုင်ငံပေါင်းစုံမှ ဆေးပြား၊ ဆေးတောင့်၊ ဆေးရည် ပုံစံမျိုးစုံဖြင့် အလွယ်တကူ ရနိုင်သည်။

Tuesday, May 3, 2011

ဗိုက်တာမင် ဒီ နှင့် သင့် ကျန်းမာရေး Vitamin D and your health



ကမ္ဘာပေါ်ရှိ လူမျိုးအသီးသီး အသက်အရွယ်မရွေး ခန့်မှန်းခြေအားဖြင့် သန်းတစ်ထောင်ခန့်မှာ ဗိုက်တာမင် ဒီ ချို့တဲ့နေကြသည်။ အဓိကအားဖြင့်တော့ ရာသီဥတု၊ နေထိုင်မှုပုံစံ နှင့် အရေပြားကင်ဆာနှင့် ပတ်သက်သော အယူအဆများဖြင့် နေရောင်ထိတွေ့မှု မခံယူကြသောကြာင့် ဖြစ်သည်။

ဗိုက်တာမင် ဒီ အတွက် Dietary Reference Intake (DRI) အစားအသောက်မှ လိုအပ်ချက်ပမာဏအညွှန်းမှာ တစ်နှစ်အောက် ကလေးငယ်များ၊ ကလေးများ၊ အသက် (၅၀) အရွယ် လူကြီးများနှင့် ကိုယ်ဝန်ဆောင် နို့တိုက် မိခင်များ အတွက် 200 IU၊ အသက် (၅၀)နှင့် (၇၀)ကြား လူကြီးများအတွက် 400 IU နှင့် အသက်(၇၀)ကျော် များအတွက် 600 IU တို့ ဖြစ်သည်။ နာတာရှည် ရောဂါသည်များအတွက် ဆိုလျင် ထို အညွှန်းပမာဏထက် ပိုကာ လိုအပ်နိုင်သည်။

Monday, May 2, 2011

***ငါ***

*** ငါ ***

မွေးသည့်မိခင် ကျွေးဖခင်ကြောင့်
ဒီလောကကြီးကို အလည်တစ်ခေါက်ေ၇ာက်
         လနှစ်ချောင်းငင် တစ်ယောက်ဖြစ်ခဲ့၇တာ...
          အားလုံးဘဲ မင်္ဂလာပါ။ ။
          ကမာသားချင်းအတူတူ
          ဆင်း၇ဲ ချမ်းသာခွဲခြား
           အကြောင်းတူမှ ပေါင်းချင်သူလည်း
           မဟုတ်ပါ။။
           တပါးသူပေါ်အမုန်းပွား
            ရန်ငြိုးတွေလည်း မထားတတ်ပါ။။
             အတ္တ မာန ခ၀ါချထားပေမယ့်
            သိပ်ခါကျမဲ့ အလုပ်တော့
            ဝေးဝေးက ရှောင်ခဲ့ပါတယ်။။
             နိမ့်တခါ မြင့်တလှည့်
              လောက၇ဲ့ ဂယက်တွေထဲမှာ...
              နေနေခဲ့တာ ကျောက်ဆစ်ရုပ်လေးလိုပါ။။
              ကိုယ်လမ်းကိုယ်ဖောက်
               မကြောက်မရွံနဲ မှန်တဲ့ဘက်ကလျှောက်နေတာ....
              ပန်းတိုင်မရောက်သရွေ့ပါ။။
 
                                                                                                        (ချမ်းမြေ့)