Tuesday, June 21, 2011

အမေချက်တဲ့ ပုစွန်ကျား ခုနစ်ကောင် 7 Prawns Cooked by Mom

              ဟိုတစ်ဖက်က ငါးမြစ်ချင်းဆိုင်ရှေ့တွင် လူအုံနေသော်လည်း ပုဇွန်ကျားဆိုင်ရှေ့တွင် လူရှင်းနေသည်။ ပုဇွန်လာကိုင်ကြည့်လိုက်၊ ဈေးမေးလိုက်၊ “အင်း“ ဟူ၍ သက်ပြင်းချကာ ပြန်သွားလိုက်နှင့် ပုဇွန်သည် မပုစိန်လည်းတော်တော်လေး စိတ်တိုနေပြီ ဖြစ်သည်။
 ထို့ကြောင့်လည်း
    “အပျင်းပြေလာကိုင်ကြည့်လို့ရတယ်နော် တစ်ဆယ်သားကို ခြောက်ကျပ်ကြီးများတောင် ရောင်းတာ“
ဟုအငေါ်တူးပြီး အော်လေသည်။

                       “မြတ်စွာဘုရား ခြောက်ကျပ်တဲ့“



ဆိုင်ရှေ့တွင်ရပ်ပြီး ဈေးမေးတော့မည်ပြုသော ဒေါ်လှမေ၏ပါးစပ်သည် အလိုလိုပိတ်သွားသည်။
“တစ်ဆယ်သားခြောက်ကျပ်ဆိုတော့ ဆယ့်ငါးကျပ်သားဝယ်ရင် ကိုးကျပ်၊ အင်းမစားရက်စရာကြီးပါလား“ ဟု
စဉ်းစားမိသည်။ မျက်စိရှေ့တွင် ပုဇွန်ကြီးများက ငွေပုံကြီးအသွင်ပြောင်းသွားသလိုထင်မိသည်။ ဒီငွေတွေကို
ပါးစပ်ထဲမြိုချရမှာ နှမြောစရာ။

            “မယူဘူးလား အန်တီကြီး“
            “ဈေးကောင်းလိုက်တာအေ“
“ပစ္စည်းကောင်းလို့ ဈေးကောင်းတာ အန်တီကြီးရဲ့၊ ဟောဒီမှာကြည့် ခေါင်းတောင်မကျိုးသေးဘူး၊ စိမ်းလို့၊ လတ်လို့၊ ဒါမျိုးဆိုတာ တစ်ခါတစ်လေမှရတာ စားစမ်းပါ“
            “အင်း ကင်ပွန်းရွက်လေး ချဉ်ရည်ချက်ပြီး ပုဇွန်ကျားချိုချိုလေးနဲ့ စားလိုက်ရရင်တော့၊ အင်းအဖေ
ကြီးကလည်း ကြိုက်ရှာတယ်“

ဒေါ်လှမေသည် ကြက်သွန်နီအကွင်းလိုက် အုပ်ချက်ထားသော ပုဇွန်ကျား အကောင်နီနီရဲရဲကြီးများကို တွေး
၍မြင်ယောင်ရင်း တံတွေးကို မသိမသာ မျိုချရသည်။

            “ကဲဘယ်လောက်သားလဲ၊ ငါးဆယ်သား ချိန်လိုက်ရမလား“
            “အမလေး မရက်စက်ပါနဲ့ အေ“

ဒေါ်လှမေက ယောင်ယမ်းပြီး ခြေတစ်လှမ်းနောက်ဆုတ်မိသည်။ ထို့နောက် “ညည်းတို့ ပုဇွန်ကျားကလဲ ကုဋေရှစ်ဆယ် သဌေးသားတောင် နေ့တိုင်းစားရင် မွဲရချည်ရဲ့“ ဟု ခပ်ငေါ့ငေါ့လေးပြောမိသည်။

            “ကောင်းလွန်းလို့ပါ အန်တီကြီးရယ်၊ ဈေးပေါရင်တော့ ပစ္စည်းညံ့ပဲရမှာပေါ့၊ ဟုတ်ဘူးလား“
မပုစိန်က တစ်ဖက်ဆိုင်သို့ မေးငေါ့ကာ အသံမြှင့်၍ ပြောသည်။ ပစ္စည်းချင်းတူသော်လည်း တစ်ဖက်ဆိုင်မှ ပုဇွန်ကျားက အကောင်သေးကာ ခေါင်းကပြုတ်နေပြီး အရောင်ကလည်း နီနီနှင့် မလတ်တလတ်မို့ သူကပြော
အားရှိနေသည်။
            တစ်ဖက်ဆိုင်က မိန်းမက သူတို့ဘက်သို့ မျက်စောင်းထိုးလိုက်ပြီး

“ပေါတယ်နော် ပေါတယ်၊ ဟောဒါမျိုးကိုစား ကျားမှကျား၊ တစ်ဆယ်သား သုံးကျပ်ခွဲ“ ဟုအသံကုန်ဟစ်သည်။

“အင်း အဲဒါဝယ်ရင်တော့ တစ်ဝက်လောက် သက်သာတယ်“ ကွန်ပျုတာထက်ပင်မြန်သော ဒေါ်လှမေဦးနှောက်က ဖျက်ကနဲ တွက်လိုက်မိသည်။

            “အင်း ဒါပေမယ့် သုံးဆယ့်ငါးကျပ်သားဈေးပေးပြီး အပုပ်မစားဘူး၊ ခြောက်ဆယ်ဈေးပေးပြီး အကောင်းပဲ စားတော့မယ်။ ဘာဖြစ်သေးလဲ တစ်ခါတစ်လေစားတာ၊ အဖေကြီးက ပင်စင်စားမို့ ငါ့ကို ဟင်း
ကောင်းကောင်းမကျွေးတော့ဘူးလို့ စကားနာထိုးတာ နှစ်ခါတောင်ရှိနေပြီ“ ဟုဆက်၍တွေးမိတော့ ခြေနှစ်
လှမ်း ပြန်တိုးလိုက်မိသည်။ စိမ်းပြီးလက်နေသော အကောင်ကြီးများကို ခပ်ရဲရဲကောက်ကိုင်ကာ

            “ဆယ့်ငါးကျပ်သားလောက် ချိန်စမ်းအေ“ ဟု လေသံတင်းတင်းနှင့် ပြောလိုက်သည်။
“အင်း တကယ်မစားရသေးဘူး၊ ဝယ်ရတာတောင် အရသာရှိလိုက်တာဟဲ့“ ဟုဆက်၍တွေးနေရင်း တစ်ဦး
တည်း ပြုံးမိလေသည်။

             “ဟောဒီမှာကြည့်၊ အသာကြီး“

              “ အလေးတော့ မှန်ပါတယ်နော်“

           “ကြိုက်တဲ့နေရာသွားချိန်၊ ချိန်ပြီးတော့မှ ပိုက်ဆံပေး၊ ပုစိန်တို့က ကြိုက်ဈေးပြောရောင်းတာ အလေး
            မခိုးဘူး“

ချိန်ခွင်ခွက်ထဲမှ ပုဇွန်ကျားများကို ခြင်းတောင်းထိုး မခံသေးပဲ တစ်ကောင် နှစ်ကောင် ရေတွက်မိသည်။ စုစုပေါင်း ခုနှစ်ကောင်။ တစ်ဆယ့်ငါးကျပ်သားကို ဒီလိုအရွယ် ပုဇွန်ကျား ခုနှစ်ကောင်ရသည် ဆိုကတည်းက
အလေးမခိုးမှန်းတော့ အသိသာကြီးပင်။

            “မချိန်ပါဘူးအေ၊ ပါးစပ်က အကျင့်ပါနေလို့သာ ပြောတာ၊ ယုံပါတယ်“

ဒေါ်လှမေသည် လေချိုသွေးလိုက်ပြီး လက်ထဲမှ တစ်ဆယ်တန်ကို လှမ်းပေးလိုက်သည်။ ဒီနေ့တော့ လျှာရင်း
မြက်မြက်လေး စားလိုက်ဦးမည်။ ခုနတုန်းက ဈေးအဝမှ ကင်ပွန်းချဉ်ရွက်တွေ တွေ့ခဲ့သည်။ တစ်စည်းကိုပြား
ခြောက်ဆယ်တဲ့၊ ကင်ပွန်းချဉ်ရွက် တစ်စည်းကို ကန်စွန်းရွက်တစ်စည်းရောပြီး ချဉ်ရည်ချက်၊ ငါးပိရည်ကျိုထဲ
တွင် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းထောင်းထည့်၊ အိမ်နောက်ဖေး ကပြင်နား၊ မြေကလေးတစ်တောင်
လောက်တွင်ကပ်ပြီးပေါက်နေသော ခရမ်းကဖော့ပင်က အသီးလေးတွေခူးပြီး ရေနွေးဖျော်၍တို့၊ ဒေါ်လှမေ
တစ်ယောက် တွေးရင်းပင် လျှာစိုလာသည်။

            “မလှမေ ဘာရခဲ့လဲ“       

ဈေးကအပြန်လမ်းတွင်တော့ မျက်စောင်းထိုးအိမ်မှ ဒေါ်စိန်အေးနှင့် တွေ့သည်။ ကင်ပွန်းချဉ်ရွက်နှင့် ကန်စွန်း
ရွက်စည်းတို့ကို အောက်ဘက်ပို့ပြီး ပုဇွန်ကျားကို မြင်သာထင်သာအောင် အပေါ်ပြောင်းထည့်ခဲ့မိသည့်
အတွက် ဒေါ်လှမေ ကျေနပ်သွားသည်။ ဒေါ်စိန်အေး၏ မျက်လုံးက ခြင်းတောင်းထဲ လှမ်းကြည့်လိုက်သည်ကို
မြင်တော့ ပို၍ကျေနပ်သွားသည်။ တစ်ဆယ်သား ခြောက်ကျပ်ဆိုတော့ လူတိုင်းစားနိုင်တာမှတ်လို့။

            “ မလှမေတို့က စနေနေ့သားတွေ ချွေးမတွေလာတတ်လို့ ဟင်းကောင်းချက်ကျွေးတော့မယ်ထင်
တယ်“

ဒေါ်စိန်အေး၏ စကားကိုကြားတော့ ကျေနပ်စိတ်နှင့် ဝင်းမှေးနေသော ဒေါ်လှမေ၏ မျက်လုံးအစုံသည် ရုတ်
တရက် ပြူးထွက်လာသည်။

            “ဟုတ်သားပဲ၊ ဒီနေ့ စနေနေ့၊ အဖေကြီးရုံးသမား မဟုတ်တော့လို့ ငါမေ့နေတာ၊ ဒီလိုဆိုပုဇွန်အစိတ်
သားလောက်ဝယ်ခဲ့မိရင် အကောင်းသား“ ဒေါ်လှမေက တွေးရင်း စိတ်မကောင်းဖြစ်သွားသည်။

သူတို့မှာက အဘိုးကြီး၊ အဘွားကြီးနှစ်ယောက်တည်း၊ ပင်စင်လစာလေးနှင့် ခြစ်ခြစ် ခြုတ်ခြုတ်နေရသော်
လည်း သားတွေလာလျှင် မရှိ ရှိတာလေးတွေထုတ်ပြီး ကောင်းနိုးရာရာလေးတွေတော့ ကျွေးချင်သည်။
အမေ့လက်ရာကို အားပါးတရထိုင်စားနေသော သားတို့၏မျက်နှာကို ကြည့်ပြီး ကြည်နူးချင်သား။ သားသုံးဦး
စလုံးကို သူတို့ပညာအပြည့်သင်ပေးခဲ့သည်ဖြစ်၍၊ သင့်တင်သောဝင်ငွေနှင့် အသင့်အတင့် ချောင်လည်ကြ
လေသည်။

            “သူတို့ဟာ သူတို့စားနိုင် သောက်နိုင်နေရင် ဝမ်းသာနေရတာပါပဲ၊ တို့ကိုပြန်ထောက်ဖို့ မလိုပါဘူး“
အဖေကြီးဦးအောင်မြတ်က ပြောတတ်သည်။ ဒေါ်လှမေကတော့ အမေမို့လားမသိ၊ သားတွေ မြေးတွေကို
ဘာကျွေးရပါ့မလဲ၊ ဘာပေးရပါ့မလဲနှင့် စဉ်းစားတတ်သည်။ သားတွေဆီကလည်း ပြန်ပြီးမျှော်လင့်မိသည်က
တော့အမှန်ပင်။

            “အင်းသားသုံးယောက် တစ်ယောက်ကို ငါးဆယ်ထောက်ရင်တောင် သုံယောက်ဆိုတော့ တစ်ရာ့ငါးဆယ်၊ ဒါဆိုရင် ကုသိုလ်ကောင်းမှု့လေးဘာလေး ပြုနိုင် လှူနိုင် တန်းနိုင်မှာပေါ့ ဟုတွေးမိသည်။
သို့သော် သားတွေ၊ ချွေးမတွေကလည်း အဘိုးကြီး အဘွားကြီး နှစ်ယောက်တည်းပင်စင်လစာနှင့် အေးအေး
ဆေးဆေး စားနေနိုင်သည်ဟု ယူဆ၍လား၊ ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေကြသည်လားတော့ မသိ။
ငါးဆယ်မပြောနှင့် အစိတ်ပင်မထောက်ပံ့ကြချေ။ အိမ်လာလျှင်တော့ သရက်သီးလေးအစ၊ ကိတ်မုန့်လေးအစ
ဝယ်ခြမ်းလာတတ်ကြသည်။ ဒါ့အပြင်တော့ တစ်ပြားမှထွက်မလာ။
            သူကလည်း စိတ်ထဲကသာ မျှော်မိသော်ငြား၊နှုတ်ကတော့ ထုတ်မပြောတော့ပေ။ ဟိုတစ်ခါတုန်းက
နှုတ်ကထုတ်ပြောမိတုန်းကတော့ အိမ်က အဖေကြီးနှင့် စကားများရသည်။ အဖေကြီးကတော့ ပြတ်သည်။
သားတွေကို လုံးဝအားမကိုး။ လိုချင်မျက်စိလည်းမရှိ။ ရကောင်းစေဟုလည်း သဘောမထား။ စောစောထ
လမ်းလျှောက်၊ နေ့ခင်းတရားထိုင်၊ တရားစာအုပ်ဖတ်၊ တစ်ခါတစ်ရံလည်း အပေါင်းအသင်းများနှင့် တရား
ဆွေးနွေး၊ ညရောက်လျှင် ဘုရားစင်ရှေ့ တရားထိုင်၊ အမျှဝေပြီး ချမ်းသာစွာအိပ်စက်လေသည်။ ဟိုတွေးဒီ
တွေး တလူးလူး တလွန့်လွန့်နှင့် အိပ်မပျော်သောညဟူ၍ သူ့မှာမရှိပေ။

            “အမေ“
            “ဟောတော့ အဖေ“

ကိုယ့်စိတ်ကူးနှင့်ကိုယ်တစိုက်စိုက် လျှောက်လာသော ဒေါ်လှမေသည် သူ့လက်ကို တစ်စုံတစ်ဦးက လှမ်းဆွဲ
လိုက်သောအခါမှ တုံ့ခနဲရပ်သွားသည်။ သူ့ကိုပြုံးရယ်ပြီးကြည့်နေသာ ဦးအောင်မြတ်အား ယောင်ကန်းကန်း
နှင့် ပြန်ကြည့်မိသည်။
            “လမ်းလျှောက်ပြန်လာတာ၊ အမေ့ကို တွေ့လို့ ရပ်စောင့်နေတာ၊ ဘာတွေစဉ်းစားလာတာတုံး“

             “ဒီလိုပါပဲ“

ဦးအောင်မြတ်က ဒေါ်လှမေလက်ထဲမှ ဈေးခြင်းတောင်းကို လှမ်းယူလိုက်သည်။

            “ဟာ ပုဇွန်ကျားတွေ ဘာတွေနဲ့ပါလား“

            “ဟုတ်တယ်၊ အဖေကြိုက်တယ် မဟုတ်လား“

           “ကြိုက်တော့ ကြိုက်တာပေါ့၊ ဒါပေမယ့် ဈေးကြီးမှာပေါ့ အမေရယ်“

            “အို တစ်ခါတစ်လေပဲဟာ“

ဒေါ်လှမေက မျက်စောင်းမသိမသာ ဝဲကာပြောမိသည်။ ဦးအောင်မြတ်က ဆွဲခြင်းကို ဆွဲကာလျှောက်တော့
သူကဘေးမှယှဉ်လျှောက်ရင်း

            “အဖေကြိုက်သလို ကြက်သွန်နီ အကွင်းကြီးတွေ အုပ်ပြီးကျော်ပေးမယ်လေ၊ နောက်ပြီး ကင်ပွန်း
ရွက်ချဉ်ရေလး ချက်ပေးမယ်၊ ကြိုက်တယ်မဟုတ်လား“ ဟုတယုတယပြောမိစဉ် လမ်းမှ လူပျိုပေါက်လေး
နှစ်ဦးက သီးချင်းတစ်ပုဒ် စောင်းဆိုလိုက်သောကြောင့် အတန်ငယ်ရှက်သွားသည်။

            “အဘွားကြီး မင်းက အဘိုးကြီး ငါ့ကို မောင်တွေဘာတွေ ခေါ်ပါဦး“ တဲ့။

                                        ***** ***** *****

“နောက်ဆုံးတော့ အဘိုးကြီး၊ အဘွားကြီး နှစ်ယောက်တည်း တစ်ယောက်နဲ့ တစ်ယောက် အဖော်လုပ်နေရ
တော့တာပါပဲ၊ သားတွေကတော့ သူတို့ အဖော်နဲ့ သူတို့ ဒီလိုပဲပေါ့လေ၊ ငါတို့ ငယ်ငယ်တုန်းကလဲ ကိုယ့်အ
ဖော် ကိုယ်ရှာပြီး မိဘကိုထားခဲ့ကြတာပဲ မဟုတ်လား“

ဒေါ်လှမေက ကြက်သွန်နီဥကြီးများကို အကွင်းလိုက်လှီးရင်း စဉ်းစားသည်။ အသက်ကြီးလာတော့ တစ်ဦးနှင့်
တစ်ဦး သံယောဇဉ်က ပိုကြီးလာသည်။ အရင်တုန်းကလို တဏှာချစ်၊ ဘယာချစ်မျိုးမဟုတ်တော့ပဲ၊ အေးမြ
သော မေတ္တာက အလေးကဲလာသည်။ ထိန်းစရာ မြေးမြစ်လည်းမရှိတော့ဘဝက ပျင်းခြောက်သယောင်ရှိ
သော်လည်း အေးချမ်းသည်ကတော့ အမှန်ပင်။ ဦးစွာအိမ်ထောင်ကျသော သားအလတ်က ယောင်္ကျားရော
မိန်းမပါ အလုပ်လုပ်သည်။ သားသမီးရလာတော့ နေ့ခင်းတိုင် အဘိုးအဘွားအိမ်လာပို့ထားသောကြောင့်
မြေးထိန်းလိုက်ရသေးသည်။ အလုပ်က တစ်ဖက်၊ လှည်းကျင်းရ လျှော်ရဖွပ်ရ၊ နို့ဘူးဖျော်ရ၊ အဟာရမှုန့်ကျို
ပြီးခွန့်ရနှင့် အဘိုးရော အဘွားရော တစ်ချက်ကလေးမျှ မအားကြရပေ။ အိမ်ရှေ့အိမ်မှ ဒေါ်ခင်ဝေက

            “မလှမေတို့က ညံ့တာကိုး၊ ငါ့ထမင်းတောင် ငါဘာသာငါ အနိုင်နိုင်ချက်စားနေရတာ၊ ငါ့ကိုကလေး
လာထိန်းခိုင်းရင် ငါ့မှာ ထမိန်တောင်ကပ်မှာ မဟုတ်တော့ဘူး“ လို့ ပြောလိုက်ရမှာ။

            “ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ၊ ကိုယ်နိုင်သမျှတော့ ကူရမှာပေါ့“ ဟုသူကပြန်ပြောခဲ့ရသည်။ ပင်ပန်း
သည်မှာမှန်သော်လည်း “သမီးရေ၊ ပူတူးရေနှင့် ချော့မြူနေရတော့လည်း အမောတော့ပြေသားပင်။ သို့သော်
ကလေးက အပျင်းဖျားပြီး၊ သွေးလွန်တုပ်ကွေးဖြစ်တော့ အဘိုးနှင့်အဘွားက တရားခံဖြစ်ရသည်။ ချွေးမလုပ်
သူက မျက်စိပျက်မျက်နှာပျက်နှင့် “သွေးလွန်တုပ်ကွေးခြင်က နေ့ခင်းကိုက်တဲ့ခြင်“ ဟုပြောလေသည်။
နေ့ခင်းတိုင် ကလေးကို ဂရုမစိုက်၍ ခြင်ကိုက်ခံရသည်ဟု ဆိုလိုချင်ဟန်ရှိပေသည်။ ကလေးကဆေးရုံက
ဆင်းတော့ သူတို့အိမ်ကိုလာမပို့တော့ပေ။ ချွေးမ၏ မိဘများဆီသို့ တစ်လှည့်ရောက်သွားသည်။ မပြောကောင်းပြောကောင်း သွေးလွန်တုပ်ကွေးကယ်လိုက်မှ အဖေကြီးလည်း တရားစာအုပ်ပြန်ဖတ်နိုင်သည်
ကတော့အမှန်ပင်ဖြစ်သည်။ ဒေါ်လှမေခမျာလည်း ကလေးသေးများနှင့် စိုကာ အကွက်အကွက်ဖြစ်နေသော
ဧည့်ခန်းက ကြမ်းကလေးကို ပြန်ပြီး ပြောင်စေရန် တကုန်းကုန်းနှင့် ခါးချည့်အောင် ပွတ်တိုက်ရင်း မြေးလေး
ကိုလွမ်းခဲ့ရသည်။ သည့်နောက်ပိုင်းတွင် ဘယ်သားကမှ ကလေးမထိန်းခိုင်းတော့ပေ။ ကလေးထိန်းစာမေးပွဲ
တွင် အဘိုးအဘွားက ပထမတန်းပင် မအောင်ပဲ ကျရှုံးသွားလေသည်။

                                    ***** ***** *****

            “အမယ် မွှေးလှချည်လားဟ“

ဦးအောင်မြတ်က မီးဖိုထဲဝင်လာကာ ဒေါ်လှမေ ဘေးတွင် ဖင်ထိုင်ခုံဆွဲ၍ ဝင်ထိုင်သည်။ ဒေါ်လှမေက အကွင်းလိုက်လှီးထားသော ကြက်သွန်နီများကို ဒယ်အိုးထဲမှ ပုဇွန်နီနီရဲရဲများအပေါ်သို့ အုပ်ချလိုက်သည်။

            “ငါ့သားကြီး ကျွေးချင်လိုက်တာကွာ၊ ဒီကောင်က ပုဇွန်ကျားများဆို အသေကြိုက်တာ“

ဦးအောင်မြတ်က အမှတ်ရပြောသည်။

            “သားသုံးယောက်လုံး ကြိုက်တာပဲ အဖေရယ်၊ အရင်တုန်းကတော့ အဆင်ပြေရင်ပြေသလို ချက်
ကျွေးနေကြ၊ ခုတော့ သူတို့မိန်းမတွေက ချက်မှကျွေးပါ့မလားမသိပါဘူးတော်“

            “ပူမနေနဲ့ ခင်ဗျားသားတွေက ဘဲဥပြုတ်လေး စားလို့ကောင်းလုပ်နေမှာ“

            “ဒီနေ့များ လာမလားမသိဘူး“

ဒေါ်လှမေက တမ်းတမ်းတတ ပြောမိသည်။ ဘယ်သားပဲလာလာ၊ လာတဲ့သူကို ပုဇွန်ကလေးကျွေးလိုက်ချင်
သည်။ အားပါးတရစားသောက်နေသော သားတို့၏မျက်နှာကို တစိမ့်စိမ့်ကြည့်ကာ ကျေနပ်နေချင်သည်။

            “အမေရေ ဘာဟင်းချက်တုန်းဗျ“

စိတ်ထဲတွင် တွေးနေမိတုန်း သားကြီး၏ အသံကိုကြားတော့ ဒေါ်လှမေ မြူးပျော်သွားသည်။

            “တယ်မွှေးပါလားဗျ“

ဒါကတော့ သားလတ်၏ အသံ။

            “ပုဇွန်ဟင်းဗျ ကျွန်တော်သိတယ်“

သားငယ်၏ အသံကိုပါ ဆက်တိုက်ကြားရတော့ ဒေါ်လှမေခမျာ ရင်များပင်ခုန်လာသည်။ သူတို့တစ်တွေ သူတို့ အိမ်ထောင်တွေနှင့် အသီးသီးခွဲခွာသွားကြသည့် နောက်ပိုင်းတွင် သားသုံးဦးလုံး မိဘအိမ်တွင် မဆုံ
မိကြတော့။ တစ်ဦးကအဝင်၊ တစ်ဦးကအထွက် လွဲနေတတ်ကြသည်။ ခုတော့ သူတို့တစ်တွေ ချိန်းထားကြ
လားမသိ။
            “လူစုံလှချည်လားကွ“

“မင်္ဂလာဆောင်မှာတွေ့လာတာ အဖေရေ“

သားသုံးဦးလုံး မီးဖိုထဲသို့ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြသည်။ ဧည့်ခန်းဘက်မှ ရယ်မောစကားပြောသံ
များကိုပါ ထပ်၍ကြားရသည်။ သူတို့၏ဇနီးမယားများပါ ပါလာဟန်ရှိလေသည်။

            “အဲဒါ ဆာနေလို့ အမေတို့ အဖေတို့အိမ် လှည့်ဝင်လာကြတာ“

            “မင်္ဂလာဆောင်ကအပြန် ဆာတယ်လို့ကွာ“

            “ဒီလိုအဖေရ၊ မင်္ဂလာဆောင်တာက ကျွန်တော်တို့သုံးယောက်လုံးနဲ့ ခင်တဲ့ကိုဘသောင်းသမီးလေ၊
            သူတို့က သိပ်လည်းမတတ်နိုင်တော့ အိမ်မှာပဲလုပ်တယ်၊ အချိန်က မနက်ရှစ်နာရီကနေ ဆယ်နာရီ
            ဆိုတော့ မုန့်ဟင်းခါးလောက်တော့ ကျွေးမယ်မှတ်တာ၊ အိမ်ကလည်းဘာမှ စားမသွားမိကြဘူး၊ ဟို
            ကျတော့ ရေခဲမုန့်ကလည်း ခွက်ထဲဇွန်းဖျားလေးနဲ့ ကော်ထည့်ထားတာ တကယ့်ကို နည်းနည်းလေး
            လှီးထားတဲ့ ပလိန်းကိတ်က တစ်ယောက်တစ်ချပ် ဝေပုံကျ“

             “အဟီး အဲဒီစာလေးတွေ စားပြီးတော့မှ အရမ်းကိုဆာလာတာပဲ၊ ဒါမျိုးပေါ့ ဆင့်ပါးစပ်နှမ်းပက်ဆိုတာ"

              “ဟားဟား ဒီမှာတော့ ပွဲတော်အုပ်နဲ့တိုးနေပြီမောင်၊ ပုဇွန်ကျားဗျ“

              “နီလို့ ရဲလို့ ကြွပ်လို့ ရွလို့၊ စားရမှာလား အဖေ“

              “အို မောင်ကလည်း အိမ်ကျမှ ထမင်းစားပါတော့“

              “အောင်မာ အဲဒီတော့ မင်းက ငါ့ကို ဘဲဥပြုတ်ဆီဆမ်းကျွေးမှာ မဟုတ်လား“

              “အမေ့လက်ရာလေး လွမ်းလန်းလို့ပါဗျာ“

              “အလွမ်းပြေလေး၊ အလွမ်းပြေလေး“

သားတွေက တစ်ယောက်တစ်ပေါက် ရယ်မောပြောဆိုနေကြစဉ် ဒေါ်လှမေက ငါးယောက်ဆံ့သော စားပွဲဝိုင်း
လေးကို ခင်းပြီး ထမင်းအမြန်ခူးသည်။ ဦးအောင်မြတ်က ပိုက်ဆံလေးငါးကျပ်ကို လက်ထဲမသိမသာ ဝှက်ယူ
သွားကာ လမ်းထိပ်ထမင်းဆိုင်သို့ပြေးသည်။ လက်ထဲတွင် ထမင်းထုပ်နှင့် သခွားသီးနှစ်လုံးပါလာသည်။

            အမေ့ထမင်းဝိုင်းလေးက ပုဇွန်ကျားဟင်း၊ ကင်ပွန်းရွက်ချဉ်ရည်၊ ငါးပိဖျော်ရည်၊ အတို့အမြုပ် စုံစုံလင်
လင်နှင့် မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသည်။ ငါးယောက်စားပွဲကို ခြောက်ယောက်ထိုင်တော့ အတန်ငယ်ကျပ်သော်
လည်း သားတွေက ပိုပြီးပျော်နေကြဟန်ပင်ရှိသည်။

            “စားကြစားကြ၊ ငါ့သားတွေ ကျွေးချင်လို့ မျှော်နေတာ“ ဟု အဖေကြီးက ပြုံး၍ပြောသည်။

            “ဟေ့ တစ်ကောင်တည်းချန်မထားကောင်းဘူး၊ ဒီတစ်ကောင်ထဲပျင်းနေမှာပေါ့“

            “အို မောင်ကလည်း အဖေတို့ဖို့ ကျန်သေးရဲ့လား“

            “အဖေတို့ စားပြီးပါပြီကွာ“

တစ်ကောင်တည်းကျန်တော့သော ပုဇွန်ကြီးကို သားကြီးက လှန်းနှိုက်မှ ချွေးမက ယောက္ခမနှစ်ဦးကိုသတိရ
သည်။ ဦးအောင်မြတ်ကခွင့်လွှတ်စာပြုံးရင်း မုသားမဆိုစဖူး ဆိုလိုက်သည်။

ဒေါ်လှမေကတော့ ပီပီပြင်ပြင်မပြုံးနိုင်၊ ကိုယ့်သားတွေစားနေတာကို ကျေနပ်ကြည်ဖြူသော်လည်း ချွေးမ
တွေ ပန်းကန်ထဲက ပုဇွန်အကောင်ကြီးများကိုတော့ နှမြောမိသည်မှာ အမှန်။ ကိုယ်မစားရတာတော့ ကိစ္စ
မရှိပေမယ့် အဖေကြီးပါ စားရေတော့မည်မဟုတ်ဟုတွေးမိတော့ အောင့်သက်သက်ကလေးတော့ ဖြစ်မိ
သည်။ သားကတော့ သား၊ ချွေးမကတော့ ချွေးမပင်၊ ချွေးမကို သမီးအရင်းလို သဘောမထားရကောင်းလား
ဟု အပြစ်တင်လည်း ခံရုံသာရှိသည်။ သမီးလို သဘောမထားနိုင်တာကတော့ အမှန်ပင်။ သူတို့ကလည်း ကိုယ့်မိဘလိုတော့ သဘောထားသည်မဟုတ်ဟုတွေးမိသည်။ သူတို့အမေ့အိမ်သာဆိုလျှင်တော့
“ဟာ အမေတို့ဖို့ရှိသေးရဲ့လား“ဟု မစားခင်ကတည်းက မေးမည်ထင်သည်။ ကိုယ့်ယောင်္ကျားပန်းကန်ထဲသို့
မထည့်မီ မိဘအတွက် အရင်ပန်ကန်လေးနဲ့ သက်သက်ခွဲပြီး ဖယ်ထားလိမ့်မည်ထင်သည်။

            “စားလို့ကောင်း ဝါးလို့ကောင်း ဗိုက်လည်းဖောင်းပြီ အမေရေ့“

သားတွေကပြောတော့ တွေးလက်စ အတွေးပြတ်ပြီး ဝမ်းသာအားရပြုံးမိသည်။ သူတို့မယားတွေ ချက်ကျွေးတာမဟုတ်ဘူး၊ အမေ့အိမ်ရောက်မှ စားကြရတာ၊ စားကြပါစေ၊ သူတို့လည်းမိန်းမ ရှေ့ထား
ပြီးဘယ်မျိုကျပါ့မလဲ။ သူတို့မိန်းမတွေပါ စားမှမျိုကျတော့မပေါ့၊ ဟုတ်တာပေါ့လေဟု ချက်ချင်းပင်ခွင့်လွှတ်
စိတ်ပြန်ဝင်လာသည်။ ချွေးမအငယ်က ပန်းကန်တွေ ထိုင်ဆေးမည်ပြုတော့

            “အဲသွားသွား၊ ဝတ်ကောင်းစားလှတွေဝတ်ပြီးဆေးမနေနဲ့၊ ထားခဲ့ ထားခဲ့၊ အမေဆေးလိုက်ပါ့မယ်“

ဟုစေတနာအရင်းခံနှင့်ပြောမိသည်။ ချွေးမလေးက ဇွတ်ပင်ဆေးကြောသွားသည်။ ချွေးမကြီးတွေက စားပွဲ
သုတ်ပြီး တံမြက်စည်းလှည်းသွားကြတော့ မီးဖိုချောင်လေးက ပြန်ပြီးသန့်ရှင်း သပ်ရပ်သွားသည်။

            “ကဲ မိန်းမ၊ မှတ်ထားစမ်း ငါက အမေ့အိမ်မှာ ဒီလိုပဲနေ့တိုင်းစား လာတယ်ဆိုတာမှတ်ထား“

            “အမေချက်တဲ့ ချဉ်ရည်ဟင်းကို ဘယ်သူမှမီအောင် မချက်နိုင်ဘူး၊ လျှာထဲကိုစွဲနေတာပဲ“

            “အောင်မာ ငါးပိရည်ကအစ အမေများဖျော်ထားရင် မွှေးပြီးချိုနေတာ“

သားတွေက တစ်ယောက်တစ်ပေါက် ချီးကျုးကြတော့ အဖေကြီး ဦးအောင်မြတ်က
            “အဲဒါ ငါ့မိန်းမကွ မှတ်ထား“ ဟု ပြုံးပြုံးကြီးပြောတော့ သားတွေရော၊ ချွေးမတွေပါ ဝါးခနဲရယ်ကြစဉ်
ဒေါ်လှမေ ကျေနပ်ပြုံးနှင့် ရှက်ပြုံးတစ်ပြိုင်နက် ပြုံးမိလေသည်။

သားတွေပြန်သွားတော့ ဆယ့်တစ်နာရီပင် ထိုးပြီးလေပြီ။ စကားပြောသံ၊ ရယ်မောသံများနှင့် ဆူညံစိုပြည်နေ
သော အိမ်ကလေးသည် ချက်ချင်းပင်တိတ်ဆိတ်သွားသည်။ ခြောက်ကပ်သွားသည်။ အမေချက်ထားသော
ပုဇွန်ကျားကလေးများသည် ဟိုအိမ်သည်အိမ်မျှပါသွားကြပြီ။

            “ကဲ အမေရေ ထမင်းစားကြစို့“

            “ဆာလှပြီလား“

            “ဆာပြီပေါ့ကွာ၊ သားတွေမျိုမကျမှာစိုးလို့ စားပြီးသားပြောထားတော့ ကိုယ့်စကားနဲ့ကိုယ် ထမင်း
            လည်း မစားရဲ၊ တော်သေးတာပေါ့ မောင်မင်းကြီးသားတွေ စောစောပြန်ပေလို့“

ဦးအောင်မြတ်က စားပွဲဝိုင်းလေးချကာ ထမင်းဇလုံကို ထဆွဲလေသည်။ စောစောတုန်းက သားတွေမျက်နှာ
ကြည့်ပြီး ပြောဆိုနေရသဖြင့် အဆာပြေသလိုလိုရှိသော်လည်း ယခုတော့ ရင်ထဲတွင်ပူနေအောင် ဆာလာ
လေသည်။

            “ခဏစောင့်ပါဦး၊ ဟင်းလေးနွှေးလိုက်ဦးမယ်“

ဒေါ်လှမေက အိုးထဲတွင် တစ်ပန်းကန်စာလောက် ကျန်နေသော ချဉ်ရည်ဟင်းလေးကို မီးဖိုပေါ်တင်ပြီးနွှေး
သည်။ ငါးပိရည်ထပ်ဖျော်သည်။ သခွားသီးစိတ်ကလေးများ စိတ်ပြီးတော့ ပုဇွန်ချက်ထားသော ဒယ်အိုးထဲ
တွင် ထမင်းထည့်ပြီးနယ်ရင်း ညနေကျရင်တော့ မြေပဲလေး ငါးမူးဖိုးလောက်ဝယ်ပြီး ထမင်းနဲ့ နယ်စားရမှာပဲ
ဟုတွေးမိသည်။

            “ကဲ အဖေစားနှင့် ချဉ်ရည်ခပ်လိုက်ဦးမယ်“ အိုးလူးထမင်းကို ဦးအောင်မြတ်ပန်းကန်ထဲ အကုန်
ထည့်ပေးလိုက်ပြီး ချဉ်ရည်ဟင်းခပ်သည်။

            “အမေတစ်ဝက်ယူလေ“

            “နေပါစေ အဖေစားပါ“

            “တစ်ဝက်စီပေါ့ကွာ၊ ပေးပန်းကန်“

ဦးအောင်မြတ်က သူ့ပန်းကန်ထဲမှ အိုးလူးထမင်းကို တစ်ဝက်ပြန်ခွဲထည့်ပေးလိုက်သည်။

            “ရသာ တဏှာဆိုတာ တယ်ပြီးဖြတ်နိုင်ခဲတာပဲနော်၊ သက်ရှိသတ္တဝါတွေအကုန်လုံးဟာ လျှာလေး
တစ်ချောင်းရဲ့ အလိုနောက်ကို ကောက်ကောက်ပါအောင် လိုက်နေကြတာ အမေရဲ့၊ တို့တစ်တွေလည်း အပါ
အဝင်ပေါ့ကွာ၊ ကိုယ့်အသက် ကိုယ့်ခန္ဓာကျတော့ နာမှာကျင်မှာကြောက်လိုက်ကြတာ၊ သူများအသက်သူများ
ခန္ဓာကျတော့ တယ်ပြီး စားလို့ကောင်းဝါးလို့ကောင်း၊ တရားရဲ့လား မစဉ်းစားကြဘူး“

            “အင်း ဟုတ်တာပေါ့“
ဒေါ်လှမေက ခေါင်းညိတ်ထောက်ခံလိုက်မိသည်။ သူများအသက် သူများခန္ဓာဟူသော စကားကရင်ထဲကို
လျှပ်စီးကြောင်းလို စီးဝင်သွားသည်။ မျက်စိထဲတွင် မြင်နေဆဲဖြစ်သော ပုဇွန်ကျားနီနီရဲရဲကြီးများက ချက်ချင်း
ပျောက်မသွားသော်လည်း အတန်ငယ်တော့ မှေးမှိန်သွားသည်။

            “သားတွေ သမီးတွေကတော့ စားလိုက်ကြတာ မြိန်ရည်ရှက်ရည်၊ အားရစရာပဲနော်၊ သူတို့တွေ
ကတော့ လူငယ်တွေမဟုတ်လား။ ဒီလိုသဘောကို ဘယ်ဆင်ခြင်နိုင်ဦးမှာလဲ။ တို့တစ်တွေကတော့
သင်္ချိုင်းကုန်းနားကို ခြေတစ်ဖက်ရောက်နေပြီပဲဟာ။ တရားမရှိတောင် တရားကိုသိရုံတော့ သိသင့်တာပေါ့
မဟုတ်ဘူးလား အမေ“

            “ဟုတ်တာပေါ့ရှင်“

ဒီတစ်ခါတော့ အာရုံတန်းနေသော ပုဇွန်ကျားကြီးများက မျက်စိထဲမှပျောက်သွားသည်။ သူ့အားကြင်နာစွာ
ကြည့်နေသာ အဖေကြီးအား ကြည်ကြည်လင်လင် ပြုံးပြမိသည်။

            “ဘာတဲ့ကွာ ခုနတုန်းကဆိုတာ၊ ကောင်းလိုက်တဲ့ သီချင်းလေး။ အဘွားကြီးက အဘိုးကြီးကို မောင်
တွေဘာတွေ ခေါ်ပါဦးဆိုလား ဟား ဟား“

            “ဒေါ်လှမေက မျက်စောင်းလေး မသိမသာဝဲရင်း သခွားသီးလေး တစ်စိတ်ကောက်ဝါးလိုက်သည်

သခွားသီးက ချိုပြီးအေးနေလေသည်။

                                                                                                                        မစန္ဒာ