Sunday, December 25, 2016

ကျွန်တော့် ခေါင်းထဲရှိ အိပ်ပုပ်ကြီးနေသော ကာလနဂါးကြီးအား လှုပ်နှိုး ကြည့်ခြင်း

ပိုက်ဆံ မချမ်းသာချင်သူများ စိတ်ချမ်းသာရင်တော်ပြီဆိုသူများ ယောင်လို့တောင် မဖတ်ပါနှင့်
===============================================
ကျွန်တော့် ခေါင်းထဲရှိ အိပ်ပုပ်ကြီးနေသော ကာလနဂါးကြီးအား လှုပ်နှိုး ကြည့်ခြင်း
**********************************************************************
ရေးသူ - သိန်းထက်စိုး (ဆြာသိန်း)

ခုရက်ပိုင်း လူငယ် စွန့်ဦးတီထွင်စီးပွားရေးပညာရှင် တစ်ယောက်ဖြစ်တဲ့ Ameer Rosic ရဲ့ အပြောတွေကို သဘောတွေ့ မနောခွေ့ ဖြစ်နေတယ်။ သူရဲ့ ဘဝအောင်မြင်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတွေ ဘယ်လိုလှမ်းရမယ်ဆိုတာ ကျွန်တော် ဘာသာပြန်ထားတယ်။

ခံစားကြည့်ရအောင်ပါ...

Sunday, December 11, 2016

My Blog, My Memo: ယူနီကုဒ်နဲ့ ဇော်ဂျီ ဘယ်ကစ

My Blog, My Memo: ယူနီကုဒ်နဲ့ ဇော်ဂျီ ဘယ်ကစ: ယူနီကုဒ်ဆိုတာ ဖောင့် မဟုတ်ပါခင်ဗျာ။ ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာစကား၊ သင်္ကေတအားလုံးကို စံသတ်မှတ်ပြီး စနစ်တကျ နေရာချထားပေးတဲ့ စနစ်တစ်ခု ဖြစ်ပါတ...

Sunday, September 18, 2016

မြန်မာ ဗန်းစကားများ (Myanmar Slangs)

ဗန်းစကားတွေဟာ ဘယ်ဘာသာစကားမှာမဆို ရှိတတ်တဲ့ ခေတ်ပေါ်အသုံးတွေဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းအလိုက် အချို့အသုံးတွေက တဖြည်းဖြည်း မှေးမိန် ပျောက်ကွယ်သွားသလို အချို့အသစ်အသစ်တွေကလည်း အများအပြား ထပ်တိုးလာပါတယ်။
ဘာသာစကားကို အထူးဂရုစိုက်ချစ်မြတ်နိုးသူ၊ ထုံးတမ်းစဉ်လာတွေကို ထိန်းသိမ်းလိုသူတွေကတော့ ဒီဗန်းစကားတွေဟာ မိခင်ဘာသာစကားကို ဖျက်လိုဖျက်စီးလုပ်တာရယ်လို့ ရှုံ့ချကြတယ်။

Saturday, September 17, 2016

မလျော့သောဇွဲ၊ မယိုင်လဲသောစိတ်ဓါတ်၊ မြဲမြဲခိုင်သော ပန်းတိုင်

လူတွေက ဘဝမှာ ရည်မှန်းချက်ပန်းတိုင် တစ်ခုမဟုတ်တစ်ခု သတ်မှတ်ပြီး မရရအောင် ကြိုးပမ်းလေ့ရှိတယ်။ မလုပ်ရင်လည်း သူများနောက်လိုက်၊ ခိုင်းဖက် စသဖြင့် နောက်မြီးဆွဲ တန်ဖိုးနည်းဘဝမှာ ကျန်နေရစ်မှာလေ။
မာရသွန်နဲ့ တူတဲ့ ဘဝခရီးကြမ်းရှည်မှာ ယိမ်းယိုင်ပြိုလဲသွားတာ၊ လိုချင်တဲ့ ပန်းတိုင်ကို မရနိုင်တော့ပါဘူးလေဆိုပြီး လက်လျော့ အရှုံးပေးပြီး ကစားပွဲထဲက ထွက်သွားတာတွေလည်း အများကြီး တွေ့ဖူးမှာပါ။ အဲဒီလို မဖြစ်ဖို့ လက်တွေ့နဲ့ နီးစပ်တဲ့ ပန်းတိုင်တွေချမှတ်ပြီး မဆုတ်မနစ်ကြိုးစားတဲ့ အခါမှာ အထောက်အကူပြုမယ့် နည်းလမ်းလေးတစ်ခုကို မျှဝေပါရစေ။ ခေါင်းစဉ်က ကျနော့်ဘာသာ စဉ်းစားမိသလို ပေးထားတာပါ။ ရေးသူက ကိုမင်းမြတ်မောင် ဖြစ်ပါတယ်။ သူ့ရဲ့ ရေးဟန်နဲ့ အဲဒီအချိန်က မြန်မာ့နိုင်ငံရေး အနေအထားကို အနည်းငယ်မြင်ယောင်နိုင်ဖို့ မတည်းဖြတ်ဘဲ မူရင်းအတိုင်း ပြန်လည် ဖော်ပြလိုက်ပါတယ်။ ပုံကိုလည်း သူမျှဝေထားတဲ့ဆီကပဲ ကူးယူဖော်ပြပါတယ်။

Monday, September 12, 2016

᠌᠌᠌᠌᠌᠌အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့


ရေးသူ - မောင်ခိုင်မာ (အထက်မင်းလှ)
---------------------------

ယနေ့ ကမ္ဘာကြီးဝယ် ရာသီဥတု အစွန်းရောက် ပြောင်းလဲမှု နှင့်အတူ မမျှော်မှန်းနိုင်သော သဘာဝ ဘေးအန္တရာယ်များ၊ တစ်နှစ်ထက် တစ်နှစ် ပိုမို များပြား ပြင်းထန်ကာ ခံစားနေကြရပါသည်။ ဤသို့သော သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အဓိက ပြဿနာများတွင် အိုဇုန်းလွှာ ပျက်စီးမှုသည်လည်း တစ်ခု အပါအဝင် ဖြစ်ပါသည်။

ကိုယ့်ကိုကိုယ်ရဲ့ အကောင်းဆုံး (Be the Best Version of You)



သင်ဟာ ဘယ်လောက်တော်တော်၊ ဘယ်လောက်ထူးချွန်ထူးချွန် နောက်ထပ် "အိုင်းစတိုင်း"တစ်ယောက် မဖြစ်နိုင်ပါဘူး။

သင်ဟာ ဘယ်လောက်ပဲလှလှ နောက်ထပ် "အင်ဂျလီနာဂျိုလီ"တစ်ယောက် မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် သင်ဟာ "မောင်ဖြူ"ဆိုရင် "မောင်ဖြူ"တစ်ယောက်ရဲ့ အကောင်းဆုံးပုံစံတွေနဲ့ ထူးချွန်လို့ရပါတယ်။

သင်ဟာ "မလှ"ဆိုရင် "မလှ"တစ်ယောက်ရဲ့ အလှပဆုံးအလှနဲ့ လှပလို့ရပါတယ်။

တစ်ခြားဘယ်သူ့ကိုမှ မတုပပါနဲ့။ သင့်ကိုယ်သင်ရဲ့ အကောင်းဆုံးပုံစံတွေနဲ့ ရှင်သန်ရပ်တည်ပါ။

Monday, August 22, 2016

တန်ဖိုး



တစ်ခါတုန်းက စတိုင်းဆိုင်တစ်ခုရှေ့တွင် ဆိုင်းဘုတ်တစ်ခုချိတ်ထားလေသည် ။

“ ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည် စိတ်ပါဝင်စားသူများ လာရောက်လေ့လာဝယ်ယူနိုင်ပါသည် ”

Saturday, August 20, 2016

အချိန် စောင့်လိုက်ပါ

တစ်ခါတုန်းက ပညာရှိ အဖိုးအိုတစ်ဦးနဲ့ သူ့တပည့်တွေဟာ ခရီးတစ်ခုကို အတူထွက်လာခဲ့ကြတယ်။ လမ်းခရီးတခုမှာ တောနက်ထဲ ရောက်တဲ့အခါ သူတို့အားလုံး ခဏနားကြတယ်။

သောက်စရာ ရေလည်း ကုန်နေပြီဖြစ်တဲ့အတွက် မလှမ်းမကမ်းမှာရှိတဲ့ အိုင်ထဲကနေ ရေသွားခပ်ဖို့ အဖိုးအိုက စေညွှန်လိုက်တယ်။

ဒီတော့ တပည့်တွေလည်း ရေကန်ရှိရာကို သွားကြတယ်။

အဲဒီအခါမှာ ရေကန်မှာ မကြာသေးခင်ကမှ သမင်ဒရယ်တွေ ရေသောက်ဆင်းလာကြတဲ့အတွက် ရေတွေနောက်ပြီး အနည်တွေ ထနေတာ တွေ့လိုက်ရတယ်။ ဒီတော့ တပည့်တွေလည်း စိတ်ပျက်လက်ပျက်နဲ့ အဖိုးအိုဆီ ပြန်လာခဲ့ကြတယ်။

အဖိုးအိုကလည်း ဘာမှမပြောပဲ ဒီအတိုင်းပဲ တိတ်တိတ်ဆိတ်ဆိတ်နေတယ်။

နောက်တစ်နာရီလောက် ကြာတဲ့အခါ တပည့်တွေကို ရေသွားခပ်ခိုင်းပြန်တယ်။

ဒီတခါတော့ ရေကန်ဟာ အနည်တွေထိုင်ပြီး အပေါ်ကရေတွေ ကြည်လင်နေတာကို တွေ့လိုက်ရတယ်။
ဒီတော့ ဝမ်းသာအားရနဲ့ တပည့်တွေအားလုံး ရေခပ်ပြီး ပြန်လာကြတယ်။

ဒီတော့ အဖိုးအိုက မေးတယ်။

'' ရေတွေ အားလုံး ကြည်လင်သွားအောင် ဘာ လုပ်လိုက်ကြသလဲ''

'' ဘာမှ မလုပ်ပါဘူး''

တပည့်တွေ အားလုံး ဝိုင်းဖြေကြတယ်။


အဲဒီထဲကမှ တပည့် တစ်ယောက်က ဖြေတယ်။

'' အချိန်စောင့်လိုက်ရပါတယ်''

အဖိုးအိုက ပြုံးပြီး ပြောတယ်။

'' ဟုတ်တယ် ရေကန်ထဲက ရေတွေအားလုံး ကြည်လင်ဖို့ ဘာမှမလုပ်ပဲ အချိန်တစ်ခုကို စောင့်ရပါတယ်။ 
အဲဒီလိုပဲ တစ်စုံတစ်ခုက သင်တို့ကို ဒေါသထွက်အောင် နာကျင်အောင် ပြုလုပ်လို့ သင်တို့ စိတ်တွေ နောက်ကျိနေပြီဆိုရင်... ဘာမှမလုပ်ပဲ ဒီအတိုင်းပဲ ထားလိုက်ပါ။
အချိန်ကာလတစ်ခု လွန်မြောက်ပြီးတဲ့အခါ ဒေါသတွေ အမုန်းတရားတွေ မရှိတော့ပဲ စိတ်ဟာ ပြန်လည် ကြည်လင်လာပါလိမ့်မယ်''

+++++++++++++++++++++++++++

သင့်စိတ်ကို တစုံတaယာက်က နာကျင်အောင် ထိခိုက်အောင် ဒေါသထွက်အောင် ပြုလုပ်လို့ သင့်စိတ် နောက်ကျိနေပြီဆိုရင်တော့...

Let it be... ထားလိုက်ပါ။ ဘာမှမလုပ်ပဲ ဒီအတိုင်းပဲထားလိုက်ပါ။ အချိန်ပေးလိုက်ပါ။ အချိန်ကာလတခု ကျော်လွန်ပြီးတဲ့အခါ အရာရာဟာ ပြန်လည်ကြည်လင် သွားပါလိမ့်မယ်။

-----------------

(မူရင်းဖန်တီးသူ၊ ဘာသာပြန်သူ၊ မျှဝေသူ အားလုံးကို ကျေးဇူးတင်ပါသည်။)

Saturday, August 13, 2016

ဆေးပညာရှင်များသို့ ရည်ရွယ်ဟောကြားထားသော ပါမောက္ခချုပ်ဆရာတော်ကြီး၏ တရားတော်


ဆေးတက္ကသိုလ် (မန္တလေး)မိသားစု၏ ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဩဝါဒ ခံယူပွဲကို ဂျူလိုင်လ ၂၆ ရက်၊ ၂၀၁၆ ခုနှစ် တွင် အောင်ပင်လယ်ခန်းမ၌ ကျင်းပပြုလုပ်ရာတွင် "ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ"မှ ဟောကြားသည်ကို ပြန်လည်ကူးယူ တင်ပြပါသည်။
(စောသဇင် (မန္တလေး)နှင့် Dimple Mit ဆိုသူအား ကျေးဇူးတင်ပါသည်။)

=======================

မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်

=======================

ဒီကနေ့ ဆေးပညာရပ်ကို သင်ယူနေကြတဲ့ ကောင်းသားကျောင်းသူများဟာ ဆေးပညာနဲ့ ဘဝခရီးကို လျှောက်လှမ်းနေကြတဲ့ ဆရာ ဆရာမများဟာ လုပ်ငန်းသဘောအရပြောမယ်ဆိုရင် မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်တွေလို့ ဆိုရမယ်။ ဘာလို့လဲဆိုရင် ဆရာ၊ ဆရာမများဆီက ဒီပညာကို သင်မယ်လို့စဉ်းစားတဲ့ အချိန်မှာ ဆေးပညာရပ်ဟာ မေတ္တာကို အခြေခံပြီးသင်ယူရတာဖြစ်တယ်။ မေတ္တာနဲ့ လုပ်ဆောင်ပေးရတာဖြစ် တယ်။ မေတ္တာရှေ့သွားရှိတဲ့ အတတ်ပညာကို သင်ယူမယ်ဆိုပြီးတော့ ပထမဆုံး ဒီပညာရပ်ကို သင်ယူဖို့ ရွေးချယ်ရတယ်။ တကယ်ကြည့်မယ်ဆိုရင်လည်း လုပ်ငန်းဟာ ဆင်းရဲဒုက္ခရောက်နေတဲ့ ရောဂါဝေဒနာခံစားနေရတဲ့ပုဂ္ဂိုလ်တွေအတွက် ရောဂါဝေဒနာကနေ သက်သာပျောက်ကင်းသွားအောင် ကုသပေးမယ်ဆိုတဲ့ပညာရပ်ဟာ အင်မတန်မှ မြင့်မြတ်တဲ့ပညာရပ်သာဖြစ်တယ်။

အဲဒါကို မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေထဲမှာ မြင့်မြတ်တယ်လို့ ဘာကြောင့်ပြောရသလဲဆိုတော့ ရောဂါခံစားနေတဲ့ သတ္တဝါတွေအပေါ်မှာ ဖြစ်သင့်ဖြစ်ထိုက် ကောင်းမြတ်တဲ့ ကူညီစောင့်ရှောက်မှုကို ပေးမှာဖြစ် သောကြောင့် မြင့်မြတ်တယ်လို့ ဆိုနိုင်တယ်။ မေတ္တာမရှိပဲ ကရုဏာမရှိပဲ ဒီလုပ်ငန်းကို မလုပ်နိုင်ဘူး။ ဒါကြောင့်မို့ မေတ္တာ၊ ကရုဏာကို အခြေခံတယ်ဆိုကတည်းက မြင့်မြတ်တဲ့နှလုံးသားနဲ့ လုပ်ဆောင်တဲ့အလုပ်လို့ ပြောနိုင်တယ်။ ဒီမြင့်မြတ်သောနှလုံးသားမျိုး ရင်ထဲမှာ ပုံဖော်ထားဖို့ ခိုင်မာအောင် လေ့လကျင့်ထားဖို့ အင်မတန်မှ အရေးကြီးတယ်ပေါ့။ ဆေးပညာနဲ့ပတ်သက်ပြီး မြတ်စွာဘုရားဟောကြားထားတာ တစ်ခုရှိတယ်။ မကျန်းမမာပုဂ္ဂိုလ်ကို ကျန်းမာအောင် စောင့်ရှောက်တာနဲ့ပတ်သက်ပြီး မြင့်မြတ်တဲ့နှလုံးသားနဲ့ အသိပညာဟာ ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာ ဟောထားတယ်။ သတ္တဝါတွေ ရောဂါဖြစ်နေတဲ့ပုဂ္ဂိုလ်ကို ကူညီစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ဟာ -

နံပါတ်(၁) ဆေးအကြောင်းနားလည်ရမယ်။

ရှေးခေတ်က အဆင်သင့်ဖော်ထားတဲ့ဆေးနဲ့ကုတာမဟုတ်ဘူး။ သဘာဝ တောတောင်က သစ်မြစ်၊ သစ်ဥ၊ သစ်ခေါက် ဆိုတာတွေကနေပြီးတော့ ဆေးထုတ်လုပ်ပြီးကုရတယ်။ ဆေးကို ဖော်စပ်စွမ်းနိုင်ရမယ်လို့ ဟောထားတယ်။ ယနေ့ခေတ်မှာတော့ ဆေးကို ဖော်စပ်တာဆိုတာထက် ဆေးကို ဘယ်ရောဂါနဲ့ ဘယ်ဆေးဆိုတာ တွဲဖက်သိနိုင်စွမ်းရှိရင်ကို လုံလောက်တဲ့အတိုင်းအတာတခုရှိနေပြီဖြစ်တယ်။

နံပါတ်(၂)က ရောဂါနဲ့တည့်မတည့် လူရဲ့ကျန်းမာရေးအတွက် အကျိုးဖြစ်မဖြစ်ကြည့်တတ်ရမယ်။ မတည့်တာကို ဖယ်ရှားဖို့ တည့်တာကို ညွှန်ကြားမယ်။ အကျိုးမဲ့မယ့်အရာကို ဖယ်ရှားပြီး အကျိုးရှိတာကို ညွှန်ကြားမယ်။ ဒါဟာ ဆေးသမားရဲ့ ဆေးပညာသင်ယူမှုမှာ အရေးပါတဲ့အချက်ဖြစ်တယ်။ 

နောက်တတိယတစ်ချက်က

နံပါတါ(၃) ဆေးကုသပေးတယ်လို့ဆိုတာ ရောဂါဖြစ်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို ရောဂါပျောက်ဖို့ဆိုတာ ဒီ ရည်ရွယ်ချက်ကလေးပဲ စိတ်ထဲမှာထားရမယ်။ ရလာမယ့် ဆေးဖိုးဘာညာ စိတ်ထဲမထားရဘူး။ မေတ္တာစိတ်ကလေးနဲ့ပဲထားပြီး ကုရမယ်။ မေတ္တာစိတ်ကလေးကုလို့ ပျောက်လာတဲ့အခါ ဆေးဖိုးဝါးခဆိုတာ တစ်ဖက်သားရဲ့ စေတနာနဲ့ တုန့်ပြန်မှုသာဖြစ်တယ်။ ဒါကြောင့်မို့ ဒီ ဆေးပညာရှင်ဟာ ကုသတဲ့အခါမှာ မေတ္တာစစ်ထားဖို့လိုတယ်။ မြတ်စွာဘုရားက ဒီလိုဟောထားတယ်။ မေတ္တာစိတ်နဲ့ပဲကု။ ဆေးဖိုးဝါးခကို မမျှော်မှန်းနဲ့။

နံပါတ်(၄)က ဆေးပညာတတ်တဲ့ပုဂ္ဂိုလ် လူမမာကို ကြည့်ရှုပေးမယ်ဆိုလို့ရှိရင် ရွံတတ်လို့ရှိရင်မဖြစ်ဘူး။ မရွံတတ်မှဖြစ်မယ်။ လူမမာဆိုတဲ့သဘောတရားက အားလုံးသိပြီးသားဖြစ်ပါမယ်။

နံပါတ်(၅)ကကျ အင်မတန်မှ ပြည့်ပြည့်စုံစုံဟောထားပါတယ်။

ဆေးပညာရှင်တစ်ယောက် လူနာကိုပြုစုစောင့်ရှောက်တဲ့အခါမှာ ပညာရှင်တစ်ယောက်ဟာ အားပေးစကား ပြောတတ်ရမယ်။ အပြောနဲ့လည်းကုတတ်ရမယ်။ လူတစ်ယောက်ကို စိတ်နှလုံးအေးချမ်းသွားအောင် အားပေးစကားပြောတယ်။ Psychotherapy လို့ခေါ်တယ်ပေါ့။ လူတစ်ယောက်ကို စိတ်နှလုံးအေးချမ်းသွားအောင် အားပေးစကားပြောတတ်ခြင်းသည်လည်း အလွန်အောင်မြင်တဲ့ ကုသနည်း တစ်မျိုးပဲနော်။ အဲတော့ မြတ်စွာဘုရားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၆ဝဝ) ခန့်ကတည်းက ဒီအချက်တွေကို ထုတ်ဖော်ဟောခဲ့တယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာရှိတဲ့ ပိဋကတ်သုံးပုံစာအုပ်ထဲမှာကိုပဲ ဒါတွေပါပါတယ်။ 

အဲဒီတော့ ဗုဒ္ဓရဲ့ အဆုံးအမကို ရရှိထားတဲ့ သူတောင်စင်တွေဟာ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း လိုက်နာမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ။ တို့တတွေ သိခွင့်ရပြီးရင် လိုက်နာကြရမယ်လို့ ဘဝမှာ စီးပွားရေးပဲဖြစ်ဖြစ်၊ ပညာရေးပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲဖြစ်ဖြစ် မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း လိုက်နာ ဆောင်ရွက်မယ်ဆိုရင် တကယ်ကို ကြီးမားပြောင်းလဲတဲ့ အကျိုးကျေးဇူးတွေရလာမှာဖြစ်တယ်။

အေး..ဒါကြောင့် ဒီတရားတော်တွေကို လူတွေရဲ့ နှလုံးသားထဲမှာပြန့်ပွားလာအောင် သင်ယူခြင်း၊ ဖြန့်ဖြူးခြင်းဖြင့် လုပ်ဆောင်ကြရမှာဖြစ်တယ်။ သို့သော် ဒီ သင်ယူခြင်း၊ ဖြန့်ဖြူးခြင်းဟာ မြန်မာလူမျိုးတွေရဲ့ နှလုံးသားထဲမှာ အကုန်ဝင်သွားမှာတော့မဟုတ်ဘူး။ ဘာကြောင့် မရောက်သလဲဆိုတော့ ဘာသာစကားရဲ့ အတားအဆီးတစ်ခုကြောင့်လို့ဆိုရမယ်။ မြတ်စွာဘုရားက ပါဠိဘာသာနဲ့ဟောကြားခဲ့တာမို့ အဲဒီဘာသာစကား ရဲ့ ခက်ခဲမှုကြောင့် လူတိုင်းရင်ထဲတော့ ရောက်နိုင်ဖို့ ခဲယဉ်းမှာပေါ့။ အကယ်၍ ဥပမာပြရမယ်ဆိုရင် မြန်မာနိုင်ငံမှာ မြန်မာလိုပြန်ထားတဲ့တရားတော်တွေကို ဖတ်ရှုလေ့လာကျင့်ကြံကြမယ်ဆိုရင် အလွန်တရာမှ တန်ဖိုးမဖြတ်နိုင်အောင် ဖြစ်ပါမယ်။ လက်ရှိတိုးတက်ကြီးပွားရေးတင်မက သံသရာဝဋ်က လွတ်မြောက်စေမယ့် အဆုံးအမတရားတွေမို့ လူတိုင်း လေ့လာနာယူလိုက်နာသင့်လှပါတယ်။ 

ဒီယနေ့ လူ့ဘဝရလာတဲ့အခါ ဘုန်းကြီးတို့နှလုံးသားမှာ မြင့်မြတ်သောနှလုံးသားနဲ့ ကြင်နာတဲ့စိတ်ထားနဲ့ အဲဒီလို စိတ်ထားပြီး လုပ်ဆောင်ကြရမယ်။ အားလုံးသိကြတဲ့အတိုင်းပဲ။ ပါရမီဆယ်ပါးဆိုတာ ဘုရားလောင်းမှ လုပ်ရမှာမဟုတ်ဘူး။ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တိုင်း လုပ်ဆောင်ကြရမှာဖြစ်တယ်။ ဘယ်သူပဲဖြစ်ဖြစ် မြင့်မြတ်သောပုဂ္ဂိုလ်တို့ရဲ့ အလုပ်မို့ မိမိကိုယ်တိုင် ဒီအလုပ်တွေကို လုပ်မယ်ဆိုရင် အလုပ်နဲ့ လုပ်သူ ဒီနှစ်ခုမှာ လုပ်ငန်းက လုပ်သူကို မြင့်မြတ်စေတယ်။ အလုပ်သဘောမှာ လုပ်သူရဲ့ လုပ်ရပ်ကိုကြည့်ပြီး လုပ်ရပ်က လုပ်သူကို မြင့်မားစေတယ်။ လုပ်ရပ်က လုပ်သူကို နိမ့်ပါးသွားစေတယ်။ 

အဲဒါကြောင့် တကယ့်မြင့်မြတ်တဲ့အလုပ်ကို လုပ်ကြမယ်ဆိုရင် မြင့်မြတ်တဲ့အလုပ်ဆိုတာ ဘာတွေလဲဆိုတော့ တကယ်တော့ ဆေးပညာနဲ့ အနီးစပ်ဆုံးဟာ မေတ္တာရယ်၊ ကရုဏာရယ်၊ မုဒိတာရယ်၊ ဥပေက္ခာရယ်ပါပဲ။ သမားအတတ်တတ်ကြတဲ့ပုဂ္ဂိုလ်တို့ဟာ ဒီပညာရပ်ကို သင်ခြင်းအားဖြင့် အများရဲ့ ကျန်းမာမှုဆိုတဲ့ အကျိုးကို မျှော်ကိုးပြီးလုပ်တာသည် မေတ္တာစိတ်။ မကျန်းမမာဖြစ်လာရင် မကျန်းမာမှုကို မကြည့်ရက်လို့ အကြင်နာတရားနဲ့ ကရုဏာစိတ်ထားပြီး ရောဂါဝေဒနာ ပျောက်ကင်းမယ့် နည်းလမ်းပေးတာသည် ကရုဏာလို့ ခေါ်မယ်။ အဲဒီလို ကရုဏာနဲ့ ကုသပေးလိုက်တဲ့ လူမမာတစ်ယောက်ဟာ ကျန်းမာပျော်ရွှင်တဲ့ဘဝရသွားတာကိုမြင်ရတော့ မုဒိတာစိတ်ကလေး ဖြစ်မယ်။ အဲတော့ မေတ္တာကို အခြေခံပြီး ကရုဏာနဲ့ မုဒိတာနဲ့ ဒီလိုမြင့်မြတ်တဲ့နှလုံးသားနဲ့ ဆေးပညာရှင်တွေဟာ သမားတော်တွေဟာ လုပ်ဆောင်ကြရမယ်။ ဒါကလည်း အလွယ်တကူ ဒီစိတ်ကလေးတွေ ဖြစ်ပေါ်စေပါတယ်။ အဲဒီလို အလွယ်တကူဖြစ်လာတဲ့ ဥပေက္ခာတရားနဲ့ပဲ မိမိရဲ့နှလုံးသားကို ထိန်းသိမ်းစောင့်ရှောက်သွားရမှာဖြစ်တယ်။ ဥပေက္ခာတရားဆိုတာ ဘက်လိုက်မှုကင်းရမယ်။ ကိုယ့်အပေါ်မှာ မလိုရင်တမျိုး။ လိုရင်တမျိုးဆိုပြီးပြောင်းလဲတဲ့စိတ်မျိုးမထားပဲ အားလုံးအပေါ်မှာ တစ်သားထဲ ထားပြီး ဆက်ဆံ ကုသပေးရမယ်။ အရပ်ထဲက နားမလည်တဲ့သူတွေကပြောကြတယ်။ ဥပေက္ခာဆိုတာ မပြောမဆိုချင်လို့ ပစ်ထားတာလို့ ပြောကြတယ်။ ဒါ မှားတယ်နော်။ ဒီ ဗြဟ္မဝိဟာရတရားထဲပါတဲ့ ဥပေက္ခာက အများရဲ့ အကျိုးစီးပွားကို အခြေခံထားပြီးမှ နိမ့်ကျလာတဲ့ပုဂ္ဂိုလ်၊ အခက်အခဲကြုံလာတဲ့ပုဂ္ဂိုလ်အပေါ်မှာ မကြည့်ရက်လို့ ကူညီပေးချင်လို့ ကူညီလိုက်တယ်။ ဒါ မေတ္တာအခြေခံတာပဲ။ ဘာတစ်ခုမှ မမျှော်လင့်ပဲ ကူညီလိုက်တာဟာ ဥပေက္ခာပဲ။ 

ဒီလို မေတ္တာနဲ့ ဥပေက္ခာတရားတွေနဲ့ လုပ်ဆောင်မယ်။ ခွဲခြားမှု မပြုပဲ ကူညီတယ်။ ပေးကမ်းတယ်။ ဒါသည်လည်း ဒါနပါရမီပဲ။ သူတို့ကို ထိခိုက်နစ်နာမှုမဖြစ်စေအောင် ရှောင်ရှားပေးခြင်းသည်လည်း ဒါ စောင့်ရှောက်မှုတစ်ခုပဲ။ 

သီလဆိုတာ သူ့အတွက်လား။ ကိုယ့်အတွက်လား။ စဉ်းစားကြည့်ပါ။ သီလဆိုတဲ့ သဘောတရားဟာ ကိုယ့်ပတ်ဝန်းကျင်ကို မထိခိုက်အောင် ကိုယ့်ကိုယ်ကို စောင့်ထိန်းခြင်းပဲ။ ပါဏာတိပါတ ဆိုတဲ့ သူတစ်ပါးအသက်သတ်တာ စောင့်ထိန်းလိုက်ရင် တဖက်သား ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လောက် အန္တရာယ်ကင်းသွားမလဲ။ အဲလိုပဲ ငါးပါးသီလလုံအောင်စောင့်ထိန်းနေထိုင်မယ်ဆိုရင် ကိုယ့်အတွက်ကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ထိခိုက်စရာမလိုတော့ဘူး။ ပတ်ဝန်းကျင်ကိုလည်း စောင့်ရှောက်ပြီးသားဖြစ်သွားပြီနော်။ 

တစ်ခါ ဒါနလုပ်တယ်။ သီလစောင့်ထိန်းတယ်။ ရံခါရံခါ စောင့်ထိန်းရခက်တာမျိုးကျ နိက္ခမပါရမီလိုလာမယ်။ အဲဒီအခါ ပညာပါမှ ပြည့်စုံတော့မယ်။ ပညာရဖို့ ဘာလုပ်ရမလဲ၊ စာများများဖတ်ရမယ်။ လေ့လာရမယ်။ ဒါသည်ပင် ဝီရိယပါလာပြီနော်။ အလုပ်လုပ်တဲ့အခါ အခက်အခဲ မကြုံဘူးမဟုတ်ဘူး။ ကြုံလာမယ်။ ကြုံလာတဲ့အခါ သည်းခံခြင်းဆိုတဲ့ အခက်အခဲတွေကို အောင့်အည်းပြီးသည်းခံတဲ့စွမ်းရည်သတ္တိတွေ လိုလာမယ်။ စိတ်ပျက်အားငယ် နောက်ဆုတ်မသွားပဲ ကျော်လွှားနိုင်ရမယ်။ ကိုယ့်စိတ်ကိုယ် ထိန်းသိမ်းနိုင်မှ အောင်မြင်မယ်။ 

နောက်တစ်ခါ တဖက်သားအပေါ်မှာ သစ္စာရှိမယ်။ ကတိတည်မယ်ဆိုတဲ့ တကယ့်ပညာရှိတွေရဲ့ စိတ်မျိုးနဲ့ လုပ်ဆောင်ရမယ်။ ကိုယ်လုပ်တဲ့အလုပ်ကို စွဲစွဲမြဲမြဲလုပ်မယ်ဆိုတဲ့ အဓိဋ္ဌာန ပါရမီလည်း ပါသွားမယ်။ အဲဒီနောက်ပိုင်းကျ သတ္တဝါတွေရဲ့ အကျိုးကို မိိမိအတွက်ငဲ့ခြင်းမရှိပဲ ကိုယ်ကစပြီးတော့ အများကျိုးအတွက် ပြုလုပ်ချင်တာသည် မေတ္တာပဲ။ ကိုယ်လုပ်ပေးတဲ့ ပုဂ္ဂိုလ်တွေအပေါ် တစ်စုံတစ်ရာ မျှော်လင့်ချက်မထားတာသည် ဥပေက္ခာပဲ။ အဲဒီအခါမှာ မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင်အဖြစ် လုပ်ဆောင်ခြင်းဖြစ်သွားပြီ။ မြင့်မြတ်တဲ့နှလုံးသားနဲ့ လုပ်ဆောင်တာသည်ပင် မြတ်မြတ်သူအဖြစ် ရောက်စေပြီပေါ့။ အေး ဆေးပညာတတ်တဲ့ပုဂ္ဂိုလ်တွေဟာ အချိန်အခါအားလျော်စွာ မြင့်မြတ်တဲ့စိတ်နေသဘောထားနဲ့ လုပ်ဆောင်ကြရမယ်။ 

သာမန်အားဖြင့်ကြည့်လိုက်ရင် အားလုံးကျန်းမာကြပါစေဆိုတဲ့စိတ်က တွေးတယ်။ မကျန်းမာလို့ ဆေးရုံရောက်လာတဲ့သူတွေကို အကြင်နာထားတယ်။ ကုပေးမယ်။ ဒါသည် ကရုဏာစိတ်ဖြစ်မယ်။ ကုပေးလို့ရတဲ့ရောဂါရှိတယ်။ မရတဲ့ရောဂါရှိမယ်။ ကုလို့ရလို့ ကောင်းသွား တဲ့အပေါ် ဝမ်းသာတယ်။ မုဒိတာဖြစ်မယ်။ အေး တစ်ခါတစ်ရံကျတော့ ကုလို့မရတော့ဘူး။ ရောဂါကဆိုးနေပြီဆိုတဲ့အခါ ကရုဏာဖြစ်ပြီးတော့ အစွမ်းကုန်ကုပေး ပြီး မရတော့တဲ့အခါ နောက်ဆုံးမှာ ကံတရားအတိုင်းပဲလို့ ဥပေက္ခာနှလုံးသွင်းထားလိုက်ရမှာပဲ။ 

ပြောရမယ်ဆိုရင် ဒီဆေးပညာရှင်တွေမှာက ဒီဗြဟ္မစိုရ်တရားနဲ့ လည်ပတ်နေတဲ့ အလုပ်ကို လုပ်နေရတယ်။ ဒီစိတ်ဓာတ်တွေထားနိုင်မယ်ဆိုရင်တော့ ကုသိုလ်စိတ်တွေချည်းဖြစ်နေမှာပဲနော်။ မေတ္တာကို အခြေခံထားပြီး ကရုဏာဖြစ်မယ်။ ရောဂါပျောက်ကင်းတော့ မုဒိတာဖြစ်မယ်။ ကုမရတော့ရင် ဥပေက္ခာဖြစ်မယ်။ ဒါသည် မြင့်မြတ်သောနှလုံးသားမှာဖြစ်ပေါ်နေတဲ့ ကုသိုလ်စိတ်တွေချည်းပဲနော်။ ဒီတရားတွေချည်း လွှမ်းမိုးနေတဲ့ဘဝ သည် မြင့်မြတ်တဲ့ဘဝကို ပိုင်ဆိုင်ထားသူသာဖြစ်တယ်။ဒါကြောင့်မို့လို့ မြင့်မြတ်တဲ့ နှလုံးသားနဲ့သာ ကိုယ်လုပ်တဲ့ အလုပ်တိုင်းကို တည်ဆောက်တော့မယ်လို့ သံဓိဋ္ဌာန်ချလို့ ကြိုးစားသွားမယ်ဆိုရင် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာကြမှာမလွဲဘူးလို့ ဟောပြောရင်းနဲ့ အားလုံးလည်း မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်များ ဖြစ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု။
စောသဇင်(မန္တလေး)
Credit : Dimple Mit

Tuesday, August 2, 2016

မျောက်ကုန်သည်


တစ်ရံရောအခါက ရွာတစ်ရွာတွင် လူတစ်ယောက်ရောက်လာပြီး မျောက်တစ်ကောင် ငွေ ၅၀၀၀ နှင့် ဝယ်မည်ဟု ကြေငြာသည်။
ရွာသားများလည်း မျောက်ပေါသည့်နယ်ဖြစ်သဖြင့် တောထဲသွားပြီး မျောက်ဖမ်းကြသည်။
ထိုလူလည်း မျောက်ကောင်ရေ ထောင်ချီပြီး တစ်ကောင် ၅၀၀၀ နှုန်းဖြင့် ဝယ်လိုက်သည်။
မျောက်များ အလွယ်တကူ ဖမ်းမရတော့ချိန်တွင် ရွာသားများလည်း ဆက်မဖမ်းတော့ပေ။

Friday, July 22, 2016

မြန်မာ ယူနီကုဒ် ဘယ်လိုရိုက်မလဲ။ How to type Myanmar Unicode?

မြန်မာယူနီကုဒ်စနစ်ကို အသုံးပြုရန် တွန့်ဆုတ်နေသူများ၊ စတင်ပြောင်းလဲ အသုံးပြုရာတွင် ခက်ခဲနေသူများ၊ အဆင်မပြေသူများအနေဖြင့် အ​ောက်ပါ စာမျက်နှာများကို လေ့လာကြည့်နိုင်သည်။
(ယခု အ​ောက်တွင် ဆက်လက်ဖော်ပြထားသည့် လမ်းညွှန်များသည် "မြန်မာယူနီကုဒ်ဧရိယာ" မှ ဆွဲယူဖော်ပြပေးထားခြင်းများ ဖြစ်သည်။)

http://www.myanmarlanguage.org
ကိုဆန်းထွန်းရဲ့ လမ်းညွှန် -

Wednesday, July 6, 2016

ယူနီကုဒ်စနစ် သုံးစွဲသူတစ်ယောက်ဆိုတာ . . .

ယူနီကုဒ်စနစ်ရဲ့ ကောင်းကျိုးတွေကိုတော့ နားမဆန့်အောင် ကြားဖူးပြီး၊ သိထားပြီး ဖြစ်မှာပေါ့။
ဒီတော့ လက်ရှိအချိန်မှာ လူအများစုမှ ခွဲထွက်ပြီး အဲဒီစနစ်ကို စွဲစွဲမြဲမြဲသုံးတဲ့လူတစ်ယောက်အဖို့ရော?

ကျနော် သိသလောက်

ယူနီကုဒ် အသုံးပြုသူတစ်ယောက်၏ ကောင်းကျိုးများ . . .


၁/ မိခင်ဘာသာစကားကို အမှန်တကယ် ချစ်မြတ်နိုးသူ၊ ထိန်းသိမ်းလိုသူ၊ ပြန့်ပွားလိုသူ တစ်ဦးဖြစ်ခြင်း (Love, promote and conserve mother language)

အမျိုး၊ ဘာသာ၊ စာပေကို မြတ်နိုးသူ၊
အနာဂါတ်မျိုးဆက်များ အလွယ်တကူ တူးဖော်ရှာဖွေ စားသုံးနိုင်ရန် စာပေအချက်အလက်များ ချန်ထားခဲ့လိုသူ၊
မြန်မာကို ကမ္ဘာနှင့် ရင်ဘောင်တန်း တွင်ကျယ်စေလိုသူ၊
တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ ဘာသာစကားများကိုလည်း လေးစားသူ၊ မပျောက်ပျက်အောင် ထိန်းသိမ်းလိုသူ၊
ရေရှည်ကိုကြည့်၍ အနာဂါတ်ကို မျှော်တွေးတတ်သူ၊ အမြင်ကျယ်သူများသာ စံမှီသော မြန်မာစာစနစ်ကိုပဲ သုံးတော့မည်ဟု စိတ်ဒုန်းဒုန်းချ သုံးတတ်ကြသည်။

Friday, June 17, 2016

“ခေတ်ပညာတတ်ဆိုတာ”

ရေးသူ - ဒေါက်တာ ဖြိုးသီဟ / Phio Thiha
-----------------------
ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ Knowledge ဆိုတာကို ဗဟုသုတလို့ မှတ်ခဲ့ကြတာပေါ့။ ခုခေတ်မှာတော့ ပညာလို့ ပြောင်းလဲသုံးနှုံးနေကြပါတယ်။
 Knowledge နဲ့ ပတ်သက်ရင် ဖတ်ဖူးတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုကတော့
Knowledge = Education + Experience

ဒီနှစ်ခုက အပြန်အလှန် ဆက်စပ်ပါတယ်။ အတွေ့အကြုံမပါတဲ့ အသိဟာ မပြည့်စုံသလို၊ အသိတစ်ခုမယူနိုင်လိုက်ဘူးဆိုလည်း အဲဒီအတွေ့အကြုံဟာ အလဟဿပါပဲ။

Wednesday, June 8, 2016

မြန်မာစာ(ဗမာစာ) နဲ့ ဒစ်ဂျစ်တယ်နည်းပညာ

မနေ့တစ်နေ့ကမှ Tablet အသစ်လေးတစ်ခု စာဖတ်မယ် ရည်ရွယ်ပြီး ဝယ်လိုက်တယ်။ Google နဲ့ Android ပရိသတ်ဆိုတော့ တစ်ကယ်တမ်း Chrome Pixel C မဟုတ်တောင် Nexus 9 ဖြစ်ဖြစ်သုံးချင်တာ။ နောက်ဆုံးထုတ် android OS နဲ့ အစောဆုံး update တွေ လည်း ရတယ်။ ဒါပေမယ့် အခြေအနေရ Samsung Galaxy Tablet E 9.6 inches ပဲ ဝယ်ဖြစ်သွားတယ်။
ဝယ်ပြီးမှ ကြည့်တော့ သူနဲ့ ပတ်သက်တဲ့ အချက်အလက်က မက်လောက်စရာ တစ်ကွက်မှ မရှိ။
-- Android version က 4.4.4 တဲ့ (6.* Marshmallow မက 7 "N" preview တောင် ထွက်နေတဲ့ အချိန်မှာ)
-- Storage Memory က 8 GB (external microSD slot တော့ ပါပါရဲ့)
-- RAM က 1.5 GHz
-- Display ကလည်း TFT; 157 ppi
လျော့ဈေးလည်းမဟုတ် ပုံမှန်ဈေးနဲ့ ဒေါ်လာ နှစ်ရာကျော် သုံးရာနီးပါး ပေးပြီးမှဆိုတော့ နောင်တရသလို ဖြစ်သွားတယ်။


အဓိက ပြောချင်တာက အဲဒါမဟုတ်ပါဘူး။ specs တွေကြည့်ပြီး စိတ်ညစ်နေချိန်မှာ ဝမ်းသာစရာလေးတစ်ခုကြုံရတာကို ပြောချင်လို့ပါ။


အဲဒါကတော့ . .
ဘာ setting မှ မပြင်၊ ဘာ app မှ မသွင်းဘဲနဲ့ ပထမဆုံး စဖွင့်သုံးတဲ့အချိန်မှာကို ဗမာစာတွေ (တိတိကျကျပြောရရင် မြန်မာယူနီကုဒ်နဲ့ ရေးထားတဲ့စာတွေ အကုန်(အမှန်အတိုင်း)) မြင်ရတယ်။ ဇော်ဂျီဖောင့်နဲ့ ရေးထားတာတွေတော့ မပါဘူးပေါ့လေ။
MUA (ဗေ)၊ M3 စတဲ့ မြန်မာ ယူနီကုဒ် ကီးဘုတ် တွေသုံးရင် ဗမာစာပါ ရိုက်လို့ရတယ်ဗျာ။


ဒါပေမယ့်..
Settings>>Language and Input List ထဲမှာ မြန်မာစာ (ဗမာ) မတွေ့ဘူး။
Display >> Font Style ထဲမှာလည်း မြန်မာစာ (ဗမာ) မရှိဘူး။
နောက်မှပဲ iFont Donate app နဲ့ဖြစ်ဖြစ်စမ်းပြီး အခြား မြန်မာယူနီကုဒ်ဖောင့်အလှတွေ ရလား စမ်းကြည့်ဦးမယ်။


ဒီလို အရသာကို ဇော်ဂျီဖောင့်ပဲ သုံးတတ်တဲ့လူဆို ဘယ်လိုမှ မသိနိုင်ဘူး။
နိုင်ငံခြားက ထုတ်ကုန်တစ်ခုခုသုံးမယ့် မြန်မာ(ဗမာ) တစ်ယောက်ကို အဲဒီ ပစ္စည်းကို ဖွင့်လိုက်တာနဲ့ ဘာတစ်ခုမှ မလုပ်ရဘဲ ကိုယ့်မိခင်ဘာသာစကားနဲ့ ရေးလို့ ရိုက်လို့၊ ဖတ်လို့မရချင်ဘူးလားလို့ မေးရင် ရချင်တဲ့ လူချည်းပဲလို့ထင်ပါတယ်။


အရင်တုန်းက နောက်ဆုံးပေါ် ဖုန်းဝယ်တာ ဗမာစာ တန်းမမြင်ရလို့၊ ဂြိုဟ်သားစာတွေလို ဖြစ်နေလို့ နည်းလမ်းပေါင်းစုံ စမ်းပြီး ထည့်ရတာ အမှတ်ရမိတယ်။
root လုပ်ချင်လုပ်၊ မလုပ်လည်း third party app တွေ ထည့်၊ ဖောင့်တွေ download လုပ်ထည့်ပေါ့လေ။
ခုလည်း သုံးတဲ့ ဖုန်း၊ တက်ဘလက် အမျိုးအစားအလိုက် အဲလို လုပ်တဲ့လူတွေ ရှိတုန်းပဲလို့ ထင်ပါတယ်။ ဒီစာဖတ်တဲ့လူထဲမှာများရှိရင် အောက်မှာ မှတ်ချက်လေး ပေးသွားပါလား။ အကယ်၍ မြန်မာယူနီကုဒ်စနစ်ကို အပြည့်အဝပြောင်းသုံးဖို့ စိတ်ပိုင်းဖြတ်မိပြီး ဘယ်လိုလုပ်ရမှန်း မသိရင် တတ်နိုင်သလောက် အွန်လိုင်းပေါ်က ကူညီပါ့မယ်။





"ပေး"

"ပေး"

ရေးသူ - (ယက္ခ)ရဲကြီး

. . . အသက်လေး ၃ဝကျော်လာပြီးတဲ့အခါမယ် ကျွန်တော့်ကို စိတ်အနှောင့်အယှက်အဖြစ်စေဆုံး စကားလုံးက "ပေး"ဆိုတာပဲ။
. . . ဘာသာစကားကို ကျွမ်းဝင်လေ့လာခဲ့ခြင်းက တချို့အချိန်တွေမှာ သူလိုငါလိုလူတွေထက် စိတ်ထိရှမှုပိုများစေသလားမဆိုနိုင်ဘူး။ "ဟေ့ရောင် သားကြီး" လို့ အခေါ်ခံရရင်လည်း နားထဲမှာထောင့်ခနဲဖြစ်ဖြစ်သွားရ။ "ဒစ်လည်နေတယ်ဟ" လို့ ကြားရင်လည်း မျက်နှာမှာ စပ်ဖျဉ်းဖျဉ်းဖြစ်ရ။ "တိုင်ပတ်နေတယ်" ဆိုတာရော မူလရင်းမြစ်ကဘာလဲသိကြရဲ့လားမသိ။ ညကလပ်တွေဆီက အဖော်အချွတ်နဲ့ တိုင်လုံးပတ်ပြီးက(ကတယ်ဆို)တဲ့ဆီက ဆင်းသက်လာပုံပါ။ "လန်ထွက်" ဆိုတာ .. ပိုဆိုးသွားပြီ။ ချရေးပြီးရှင်းပြလို့ မကောင်းတော့ဘူး။ မ အင်္ဂါကို ပြောတာလို့သာ သိထားလိုက်ပါတော့။ "မှတ်တောင်ထားရဦးမယ်" က ပြည့်တန်ဆာရပ်ဝန်းက စကားလုံးဖြစ်ပါတယ်။ ညမယ်တွေဆိုတာ လူတစ်ယောက်ကို မှတ်မထားနိုင်ကြဘူးလေ ၊ သူတို့ကို 'မှတ်ထားနော်'လို့ပြောရင် "အင်း မှတ်တောင်ထားရဦးမယ်ဆိုပဲ" ဆိုတာမျိုး တုံ့ပြန်တတ်ကြတာကိုး။

Sunday, May 22, 2016

"သံဃာဟူသည်"

ရေးသူ - အရှင်ပညာသီရိ
--------------------------------
"သံဃာ" ဆိုသည်မှာ
"သုဋ္ဌု ကိလေသေ ဟနတီတိ သံဃော = ကောင်းစွာ ကိလေသာတို့ကို သတ်တတ်သောကြောင့် သံဃာမည်၏။"


တနည်းအားဖြင့် " ဒိဋ္ဌိ သီလသာမညေန သံဟတောတိ သံဃော = အယူ သီလ ပေါင်းအပ်သောကြောင့်သံဃာမည်၏။"

Friday, May 13, 2016

"ဥယျာဉ်မှူးကောင်းတွေဖြစ်ဖို့"

ရေးသူ - ဒေါက်တာ ဖြိုးသီဟ / Phio Thiha
-----------------------
စကားပုံတွေ မသုံးတော့ဘဲ လိုရင်းပဲ တည့်တည့်ပြောရရင် ကလေးဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ပါပဲ။ အနာဂတ်က ဘာဖြစ်မယ်ဆိုတာ မသိဘူးလို့ ပြောတတ်ကြပေမဲ့ အဲဒီအနာဂတ်ကို ပုံဖော်ကြမယ့် ခုလက်ရှိကလေးတွေရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် အနာဂတ်ကိုလည်း အနည်းနဲ့အများ ခန့်မှန်းကြည့်လို့ ရပါတယ်။ မှားယွင်းစွာ ပျိုးထောင်ခံထားရတဲ့ ကလေးတွေနဲ့ တည်ဆောက်ရမဲ့အနာဂတ်ဟာ ရင်လေးစရာ ကောင်းပါတယ်။ ဒါကြောင့် မွေးကင်းစအရွယ်ကစလို့ ဆယ်ကျော်သက်ဘဝအထိ ကလေးကိုပြုစုပျိုးထောင်တဲ့နေရာမှာ သတိထားသင့်တာလေးတစ်ချို့ကို ရေးချင်ပါတယ်။

Wednesday, May 4, 2016

မြန်မာယူနီကုဒ်စနစ် ပြောင်းလဲသုံးစွဲရန်

ကိုယ့်ဗမာနိုင်ငံ အရှိန်ဖြင့် တိုးတက်ရေးအတွက် အရေးပါတဲ့ ပြောင်းလဲမှုတစ်ခုအတွက် လှုပ်ရှားမှုလေးတစ်ခုကို မှတ်တမ်းတင်ထားချင်လို့ ဒီနေရာမှာ ဖော်ပြပါတယ်။
ကျွန်တော်တို့ ဘယ်လောက် ခေတ်နောက်ကျ ကျန်နေရစ်တယ် ဆိုတာကိုလည်း နောင်လာနောက်သားတွေ သိရတာပေါ့။

ကွန်ပျူတာသုံးမြန်မာစာစံစနစ်သတ်မှတ်အသုံးပြုရေးကို ဦးစားပေး ဆောင်ရွက်ပေးပါရန်တောင်းဆိုခြင်း



Sunday, May 1, 2016

ခွင့်လွှတ်ခြင်း (Forgiveness)

ခွင့်လွှတ်ခြင်း (နဲ့ အခြားတစ်ဖက်က လက်စားခ​ျေခြင်း) အက​ြောင်းနဲ့ ပတ်သက်လို့ သူငယ်ချင်း တစ်ယောက်ရဲ့အမြင်လေးက ဗုဒ္ဓတရားတော်နဲ့ ညီပြီး ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အတွေးအခေါ်ကောင်းတစ်ခုမို့ မျှဝေလိုက်ပါတယ်။
ရေးသူက ဒေါက်တာ ခင်မို့မို့ဇင် (https://www.facebook.com/kmmz.1987) ပါ။
---------------------------

Tuesday, April 26, 2016

ဘယ်လို စာဖတ်မလဲ

ဘာသာပြန် - နိုင်းနိုင်းစနေ (April. 26. 2016)
--------------------------------------
ဘယ်လို စာဖတ်မလဲ
-------------------------------------

သာမန်လူတစ်ယောက် စာကြည့်တိုက်ထဲရောက်သွားတယ်။ စာအုပ်စင်ပေါ်က များပြားလှတဲ့စာအုပ်တွေကို ကြည့်ပြီး သူ့မျက်စိမွဲပြာ (ပျာဝေ) သွားတယ်။ ဒါဟာ ဒီလောကမှာရှိတဲ့ အသိပညာဗဟုသုတတွေကို သူနည်းနည်းမှ စိတ်ဝင်စားမှုမရှိတဲ့အတွက်ကြောင့်ပါပဲ။
အသိဉာဏ်ပညာသုတေသနပြုမှုမှာ လူတိုင်းပါဝင်စရာမလိုပါဘူး။ ဒါပေမယ့် အထူးစိတ်ဝင်စားမှုတစ်ခုတော့ လူတိုင်းမှာရှိသင့်ပါတယ်။ ဥပမာသတင်းစာကြည့်တယ်.. တချို့က သတင်းကဏ္ဍကို စိတ်ဝင်စားတယ်၊ တချို့က ဝတ္ထုဆောင်းပါးကို စိတ်ဝင်စားတယ်၊ တချို့ကလည်း ကုန်သွယ်စီးပွားရေးကို စိတ်ဝင်စားတယ်။ စိတ်ဝင်စားမှုတစ်ခုခုရှိသူတိုင်းက သတင်းစာတစ်စောင်ရတာနဲ့ ပျော်ရွှင်မှုတစ်ခုကို သူတို့ရလိုက်ပြီဖြစ်တယ်။

Monday, April 18, 2016

“မှန်လိုလူလား၊ ပန်းချီကားလိုလူလား”

ရေးသူ - ဒေါက်တာ ဖြိုးသီဟ / Phio Thiha
-----------------------
သတိထားမိသလောက် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့သူ၊ ရပ်တည်ချက်ခိုင်မာတဲ့သူတွေဟာ သူများတွေရဲ့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ အသိအမှတ်ပြုခြင်း မပြုခြင်း၊ ကျေးဇူးတင်ခြင်း မတင်ခြင်းတွေအပေါ်မှာ သိပ်ပြီး ခံစားလေ့မရှိဘူး။
ချီးမွမ်းခံရလည်း ဘဝင်မြင့်မသွား၊ အောက်ခြေလွတ်မသွားသလို၊ ကဲ့ရဲ့ခံရလို့လည်း လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အရာတွေကို နောက်မဆုတ်ပစ်တတ်ဘူး။ သူ့တန်ဖိုး သူသိတယ်၊ ဘယ်သူဆုံးဖြတ်ပေးတာကိုမှ မခံဘူး။

Sunday, April 10, 2016

မှတ်သားဖို့ စကားလုံး (၁၀)လုံး

သားတို့သမီးတို့အတွက်သိမှတ်ဖွယ် စကားလုံး ၁၀ လုံးကို ဆရာပြန်မျှဝေပါရစေ....

၁။ တစ်ကိုယ်ကောင်းဆန်တဲ့ ပထမဆုံး စကားလုံး " ငါ " ဆိုတာပါ။
တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။ တတ်နိုင်သလောက် "ငါ" အတွက်ရယ်လို့ မစဉ်းစားပဲ ကိုယ်နဲ့ပတ်သက်တဲ့သူတွေအတွက်ပါ ထည့်စဉ်းစားပြီး ပြုမူဆောင်ရွက်ကြပါ။

၂။ ကျေနပ်စရာကောင်းတဲ့ ၂ ခုမြောက် စကားလုံးက "ငါတို့" ဆိုတာပါ။
အမြဲတမ်း အသုံးပြုနိုင်အောင် ကြိုးစားပါ။ "ငါ့"ဘဝ ဆိုတာထက်"ငါတို့ မိသားစု" "ငါတို့လူမျိုး" "ငါတို့နိုင်ငံ"ဆိုတဲ့ အများအတွက်ပါထည့်ပြီး စဉ်းစားပေးတက်တဲ့ စိတ်ထားမျိုးရအောင် မွေးမြူပါ။

၃။ အဆိပ်အပြင်းဆုံး ၃ ခုမြောက် စကားလုံးက "မာနတရား" ပါ။
မာနတရားကို မွေးမြူမထားပါနဲ့။ သတ်ပစ်ပါ။တစ်ခါတစ်ရံမှာ မခံချင်စိတ်နဲ့ မာနတရားကို အမှတ်မှားတတ်ကြတယ်နော်။

၄။ လူတွေ အသုံးအများဆုံး ၄ ခုမြောက်စကားလုံးက "ချစ်ခြင်းမေတ္တာ" ပါ။
တန်ဖိုးထားပါ။ ကိုယ်နဲ့ပတ်သတ်တဲ့သူတွေနဲ့ ကိုယ့်ကိုကိုယ်ချစ်သော မျက်စိနဲ့ အကောင်းဘက်က ရှုမြင်ပြီး မေတ္တာထားနိုင်ပါစေ။

၅။ ကျေနပ်စရာ အကောင်းဆုံး ၅ ခုမြောက် စကားလုံးက "အပြုံး" ပါ။
ထိန်းသိမ်းပါ။ ဘဝမှာ ကြုံဆုံလာမယ့် လောကဓံတရားတွေကို စိတ်ပျက်အားငယ်မနေပဲ အပြုံးနဲ့ ရင်ဆိုင်နိုင်ဖို့ ကြိုးစားပါ။

၆။ အမြန်ဆုံး ပျံ့နှံ ့ကူးစက်နိုင်တဲ့ ၆ ခုမြောက် စကားလုံးက "ကောလဟာလ" ပါ။
လျစ်လျူရှှုထားလိုက်ပါ။အခုလို မြန်ဆန်တဲ့ အင်တာနက်ခေတ်ကြီးထဲမှာ မမှန်ကန်တဲ့ ကောလဟာလတွေအပေါ် ခံစားမနေပဲလျှစ်လျူရှုထားပြီး ကိုယ်လုပ်သင့်အလုပ်ကိုသာ အာရုံစိုက်ပြီး လုပ်ပါ။

၇။ အခက်ခဲဆုံး ၇ ခုမြောက် စကားလုံးက "အောင်မြင်မှု" ပါ။
ဆွတ်ခူးရယူနိုင်အောင်ကြိုးစားပါ။ အောင်မြင်မှုဆိုတာ နေ့ခြင်းညခြင်း ဖြစ်ပေါ်လာတဲ့ အရာမဟုတ်ဘူးဆိုတာ သဘောပေါက်ထားပါ။ ဖြတ်လမ်းနည်းနဲ့အောင်မြင်မှုနောက်ကို မလိုက်ပါနဲ့။
အဲဒီလို ဖြတ်လမ်းနည်းနဲ့ ရတဲ့ အောင်င်မြင်မှုက ရေရှည်မတည်မြဲဘူးဆိုတာ နားလည်ထားပါ။လောကမှာ တကယ်အောင်မြင်တဲ့လူတွေဟာ တိကျပြတ်သားတဲ့ရည်ရွယ်ချက်ထားရှိပြီး အဲဒီရည်ရွယ်ချက်နောက်ကို အားမလျှော့ပဲ ဉာဏ်ပညာ၊ ဇွဲ၊ လုံ့လ၊ ဝီရိယတွေကို အချိုးကျပေါင်းစပ် အသုံးပြုနိုင်တဲ့ သူတွေပါ။

၈။ အန္တရာယ် အရှိဆုံး ၈ ခုမြောက်စကားလုံးက "မနာလိုခြင်း" ပါ။
ဝေးဝေးနေပါ။ မနာလိုခြင်းဆိုတာ နိမ့်ကျတဲ့ စိတ်တစ်ခုပါ။ မနာလိုခြင်းဟာ အရမ်းပူလောင်တဲ့ မီးစတစ်ခုလည်း ဖြစ်ပါတယ်။ သန့်စင်တဲ့ ကိုယ့်ရဲ့ နှလုံးသားကို လောင်ကျွမ်းစေနိုင်တဲ့ သဘောရှိတယ်လို့ မှတ်ယူထားပါ။ မနာလိုခြင်းဟာ အကုသိုလ်တရားကို တိုးပွားစေပါတယ်။ ဆင်ခြင်တုံ့တရားကို ယုတ်လျှော့စေပါတယ်။

၉။ အစွမ်းထက်ဆုံး ၉ ခုမြောက် စကားလုံးက "အသိဉာဏ်ဗဟုသုတ" ပါ။
ဘယ်အချိန်ဖြစ်ဖြစ် ဘယ်နေရာရောက်ရောက် ရှာဖွေပြီး အရယူနိုင်အောင်ကြိုးစားပါ။ ဘဝမှာ အောင်အောင်မြင်မြင် အေးအေးချမ်းချမ်း ဖြတ်သန်းဖို့ ဒီ "အသိဉာဏ် ဗဟုသုတ" ကအရေးပါပါတယ်။ သူရှိမှ ကောင်းမွန်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရှေ့ဆက်ရမှာမို့ပါ။

၁၀။ မရှိမဖြစ် အရေးကြီးဆုံး ၁၀ ခုမြောက် စကားလုံးက "ယုံကြည်မှှု" ပါ။
မြတ်နိုးပါ။ အရမ်းအရေးကြီးပါတယ်။ သူပျောက်ဆုံးရင်တော့ ဘဝမှာရှေဆက်ဖို့ အရမ်းကိုခက်ခဲသွားပါလိမ့်မယ်။ ကိုယ့်ကိုယုံကြည်မှု၊ မိသားစုရဲ့ကိုယ့်အပေါ်ယုံကြည်မှု၊ ကိုယ်ရှင်သန်ရာ ပတ်ဝန်းကျင်ရဲ့ ယုံကြည်မှုရရှိအောင် တည်ဆောက်ကြပါလို့ သတိပေးစကား မျှဝေလိုက်ပါတယ်။

သားတို့သမီးတို့နဲ့အတူ အားလုံးသော မိတ်ဆွေသူငယ်ချင်းအပေါင်းတို့ ကိုယ့်ဘဝကို တန်ဖိုးထား မြတ်နိုးတက်ပြီး ကိုယ့်ရဲ့ အနာဂတ်၊ ကိုယ့်ရဲ့ မိသားစု ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့နိုင်ငံအတွက် ပခုံးပြောင်းတာဝန်ထမ်းဆောက်နိုင်တဲ့ ယောက်ျားကောင်း ယောက်ျားမြတ်၊ မိန်းမကောင်း မိန်းမမြတ်များ ဖြစ်နိုင်ကြပါစေလို့ ဆရာ ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။
အားလုံးသော ဘဝတွေအေးချမ်းသာယာမှုရှိကြပါစေ။

Credit: Hlaing Chit Zaw

Monday, April 4, 2016

နွားနို့ တစ်ခွက်

ဘာသာပြန် - ဇော်ငြိမ်းအေး
------------------------------------
တစ်နေ့မှာ ကျောင်းစရိတ်ကာမိအောင်  ပစ္စည်းတွေတစ်အိမ်တက်တစ်အိမ်ဆင်း လိုက်ရောင်းရတဲ့ ဆင်းရဲသား ကောင်လေးတစ်ယောက်ဟာ အိပ်ကပ်ထဲမှာ အသပြာဆိုလို့ ခြူးပြားလေး တစ်ချပ်ပဲ ရှိတဲ့အချိန် ဗိုက်ကလည်း အရမ်းဆာနေသတဲ့။
အဲဒါနဲ့ နောက်တစ်အိမ်ရောက်ရင်တော့ အစားလေး တစ်ခုခု တောင်းစားမယ်ဆိုပြီး ဆုံးဖြတ်ထားတာပေါ့။

Tuesday, March 29, 2016

ခံစား တုံ့ပြန်မှု လူ့အရည်အသွေး (Locus of Control )

ရေးသူ - ဒေါက်တာ ဖြိုးသီဟ / Phio Thiha
--------------------------------------------
"ILOC သမားလား ELOC သမားလား"

ILOC ဆိုတာက Internal Locus of Control ကို ဆိုလိုတယ်၊ ELOC ကတော့ External Locus of Control ပေါ့။ စီမံခန့်ခွဲမှုအပိုင်းနဲ့ပတ်သက်တာတွေ မပြောတော့ဘူး။ လူတစ်ယောက်ချင်းစီနဲ့ဆိုင်တာကိုပဲ ပြောပါမယ်။

သဘောတရားကတော့ အကြောင်းအရာတစ်ခုအပေါ် ထိန်းချုပ်လွှမ်းမိုးနေတဲ့အရာက အတွင်းပိုင်းမှာ(ကိုယ့်မှာ)ရှိတယ်လို့ ယုံကြည်တယ်ဆိုရင် အဲဒီလူကို ILOC သမား၊ ပြင်ပအကြောင်းအရာတွေကြောင့်လို့ ယူဆတယ်ဆိုရင် ELOC သမားလို့ သတ်မှတ်နိုင်တယ်။

Wednesday, March 23, 2016

World Tuberculosis Day (ကမ္ဘာ့ တီဘီရောဂါ နေ့)

ဗမာပြည်ကလူတစ်ယောက်အဖို့ "တီဘီရောဂါ"တို့၊ "ငှက်ဖျားရောဂါ"တို့ကို စိမ်းမယ် မထင်ပါ။ တီဘီရောဂါကိုတော့ အများစုက "တီဘီအဆုတ်ရောင်" ရောဂါအဖြစ် သိကြပါတယ်။




"အဆုတ်တီဘီ"က အဖြစ်အများဆုံး ဆိုပေမယ့် တကယ်တမ်း တီဘီ ရောဂါကတော့ အဆုတ်တစ်ခုတည်းမှ မဟုတ်ဘူး။ ဦးနှောက်မြေး၊ အစာအိမ်အူလမ်းကြောင်း နဲ့ နောက်ဆုံး အရိုးထဲထိ စသဖြင့် ရှားရှားပါးပါး ကူးစက်ပြန့်နှံ့ နိုင်ပါတယ်။ 

Sunday, March 20, 2016

World Down Syndrome Day (ကမ္ဘာ့ ဒေါင်းရောဂါစု နေ့)


မိမိတို့ ပတ်ဝန်းကျင်မှာ မွေးရာပါ ကိုယ်ကာယအားဖြင့် ချို့ယွင်းသူ၊ ဉာဏ်ရည်နည်းပါးသူများကို တွေ့ဖူးကြမှာပါ။ ဗုဒ္ဓဘာသာ အလိုအရ (အတိတ်အကုသိုလ်ကံ အကျိုးပေးလို့ ဖြစ်လာတဲ့) ဝဋ်နာကံနာ လို့ ဆိုချင်ဆို၊ ခရစ်ယာန် အလိုအရ ဘုရားသခင် အလိုတော် အတိုင်းပဲ ဆိုချင်ဆို အချို့ ကလေးငယ်တွေက ရုပ်ခန္ဓာပိုင်း၊ ဉာဏ်ရည်ပိုင်း ချို့ယွင်းချက်တွေ အနည်းအများနဲ့ မွေးဖွားလာတတ်တယ်။

Friday, March 18, 2016

မျက်ဖြေ လင်္ကာ (အနန္တသူရိယ အမတ်ကြီး)

<><>
သူတည်းတစ်ယောက် ၊ ကောင်းဖို့ရောက်မူ ၊ 
သူတစ်ယောက်မှာ ၊ ပျက်လင့်ကာသာ ၊ 
ဓမ္မတာတည်း ။
<><>
ရွှေအိမ်နန်းနှင့် ၊ ကြငှန်းလည်းစံ ၊
မတ်ပေါင်းရံလျက် ၊ ပျော်စံရိပ်ငြိမ် ၊
စည်းစိမ်မကွာ ၊ မင်းချမ်းသာကား ၊
သမုဒ္ဒရာ ၊ ရေမျက်နှာထက် ၊
ခဏတက်သည် ၊ ရေပွက်ပမာ ၊
တစ်သက်လျာတည်း ။
<><>
ကြင်နာသနား ၊ ငါ့အားမသတ် ၊
ယခုလွှတ်လည်း ၊ မလွတ်ကြမ္မာ ၊
လူတကာတို့ ၊ ခန္ဓာခိုင်ကြည် ၊
အတည်မမြဲ ၊ ဖောက်လွဲတတ်သည် ၊
မချွတ်စသာ ၊ သတ္တဝါတည်း ။
<><>
ရှိခိုးကော်ရော် ၊ ပူဇော်အကျွန် ၊
ပန်ခဲ့တုံ၏ ၊ ခိုက်ကြုံဝိပါက် ၊
သံသာစက်၌ ၊ ကြိုက်လတ်တွန်မူ ၊
တုံ့မယူလို ၊ ကြည်ညိုစိတ်သန် ၊
သခင်မွန်ကို ၊ ချန်ဘိစင်စစ် ၊
အပြစ်မဲ့ရေး ၊ ခွင့်လျှင်ပေး၏ ၊
သွေးသည်အနိစ္စာ ၊ ငါ့ခန္ဓာတည်း ။

ရေးစပ်သူ - အနန္တသူရိယ အမတ်ကြီး

EQ မြင့် မမြင့် ဘယ်လိုသိနိုင်မလဲ

ရေးသူ - ဒေါက်တာ ဖြိုးသီဟ
------------------------------------
ခုခေတ်မှာ Intellectual Quotient (IQ) မြင့်ဖို့ထက် Emotional Quotient (EQ) မြင့်ဖို့က အောင်မြင်မှုအတွက် ပိုအရေးပါတယ်လို့ လက်ခံလာကြပါတယ်။ တချို့အနုပညာသမားတွေ၊ အားကစားသမားတွေ၊ ပညာရှင်တွေဟာ သက်ဆို်င်ရာနယ်ပယ်မှာတော့ ပါရမီရှင်လို့ ပြောရလောက်အောင် ထူးချွန်ကြပေမဲ့ EQ ကနိမ့်နေတဲ့အခါမှာ ထင်သလောက် မအောင်မြင်တာ၊ အောင်မြင်မှုက မကြာရှည်တာမျိုးတွေ တွေ့ဖူးကြမှာပါ။ ဒါကြောင့် EQ မြင့်ဖို့ အရေးကြီးပါတယ်။
ကိုယ်ဟာ EQ မြင့်တဲ့သူ ဟုတ်မဟုတ် ဆိုတာကိုတော့ ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်လို့ ရပါတယ်။

Saturday, March 12, 2016

သတ်သတ်နှင့် တခြားစီ (သာဓု)

၁၉၆၀ ခုနှစ်၊ သာဓု၏ ဒုတိယကားဖြစ်သော “အငိုလွယ်သည်” ဇာတ်ကား စတင် ပြသသည့် ဒုတိယနေ့၊ နေ့လယ်ဘက်။ သာဓု ပင်ပန်းလွန်းသဖြင့် အတိုးချ အိပ်မောကျနေဆဲ တစ်စုံတစ်ယောက်က မရဲတရဲ လာနှိုးနေသဖြင့် အော်လိုက်တော့မည် ပြုပြီးမှ မျက်လုံးဖွင့်အကြည့်တွင် သားကြီး မောင်ဝဏ္ဏကို တွေ့ရသဖြင့် ဖက်နမ်းလိုက်ရင်း အကြောင်းကို မေးသည်တွင်

“ရုပ်ရှင်ရုံက ဖုန်းဆက်တယ်ဖေဖေ၊ အရေးကြီးလို့ နှိုးပေးပါတဲ့”

“ဘာပြဿနာ ပေါ်နေပါလိမ့်” ဟု စိုးရိမ်သွားကာ အလူးအလဲ ထထိုင်မိ၏။

Wednesday, March 9, 2016

World Kidney Day (ကမ္ဘာ့ကျောက်ကပ်နေ့)

ဒီတစ်ခါတော့ ကျောက်ကပ်ရဲ့ အခန်းကဏ္ဍ အရေးကြီးပုံ သတိထားမိစေဖို့ International Federation of Kidney Foundations (IFKF) နဲ့ International Society of Nephrology (ISN) တို့ ပူးပေါင်းပြီး ရည်ရွယ်ချက်ကောင်းနဲ့ အစပြု လှုပ်ရှားခဲ့တာ ဆယ်စုနှစ် တစ်ခုမျှ ရှိခဲ့ပြီဖြစ်တဲ့ World Kidney Day (ကမ္ဘာ့ကျောက်ကပ်နေ့)နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

World Kidney Day လို့ ခေါ်တဲ့ ကမ္ဘာ့ကျောက်ကပ်နေ့ကို နှစ်စဉ်နှစ်တိုင်း မတ်လ ဒုတိယပတ် ကြာသပတေးနေ့အဖြစ် သတ်မှတ်ပြီး ကျင်းပလေ့ ရှိတယ်။
နှစ်စဉ် မတ်လ ဒုတိယပတ်ရောက်တိုင်း ကျောက်ကပ်ကျန်းမာရေး အသိပညာနိုးကြားဖို့ campaign တွေနဲ့ တက်တက်ကြွကြွ လှုံ့ဆော်ပေးကြလေ့ရှိတယ်။ လူမှုကွန်ရက်တွေကနေ သတင်းစကား ဖြန့်ဝေတာ၊ တီရှပ်၊ လက်ကမ်းစာစောင်တွေ အခမဲ့ ဝေပေးတာအပြင် နိုင်ငံအလိုက် အဖွဲ့အစည်း အချို့နဲ့ ပူးပေါင်းပြီး လူထု လမ်းလျှောက်ပွဲတွေ လုပ်တာအထိ အစုံပါပဲ။

Friday, March 4, 2016

Multiple Personality Day (ပုဂ္ဂိုလ်အသွင် ထွေပြား ရောဂါ နေ့)

နှစ်စဥ် မတ်လ (၅)ရက်နေ့ကိုတော့ Multiple Personality Day လို့ သတ်မှတ်ထားကြပါတယ်။
ဘယ်သူက စထွင်လိုက်တယ်၊ ဘယ်အဖွဲ့အစည်းက သတ်မှတ်လိုက်တယ်တော့ မသိပါ။ Valentine's Day တို့ ဘာတို့လို ပေါ်ပြူလာ မဖြစ်ပေမယ့် ကျွန်တော့်လို ဆေးပညာနယ်ပယ်ကလူအဖို့ ဗယ်လင်တိုင်းဒေး ထက် တောင် ပို အဓိပ္ပါယ်ရှိတယ်လို့ ပြောရမယ်။

ဒီနေရာမှာ personality နဲ့ personality disorders အကြောင်းကို အနည်းငယ် ပြောမှ ပို အဓိပ္ပါယ် ပြည့်စုံမယ် ထင်ပါတယ်။
လူတစ်ယောက်ချင်းတိုင်းမှာ သူ့ ပင်ကိုယ်ဟန် သဘာဝ တစ်ခုတော့ ပုံမှန်ရှိကြပါတယ်။ ကိုဘယ်သူကတော့ စကားပြောရင် တစ်လုံးချင်း လေးလေးမှန်မှန် ပြောတတ်တာ။ မဘယ်ဝှာကတော့ဖြင့် လမ်းလျှောက်ရင် ဘယ်လို ဆက်တောက်ဆက်တောက် လျှောက်တတ်တာ စသဖြင့် လူတစ်ယောက်ကို ပုံဖော်လေ့ရှိကြတယ်။ 

Saturday, February 27, 2016

တပို့တွဲ လပြည့်နေ့

အရှင် ပညဇောတ (Ashin Pannajota) ရေးသားသော စာစုကို ဖြည့်စွက် ပြင်ဆင် တင်ပြပါသည်။
#####################################
တပို့တွဲလပြည့်နေ့ဟာ ဗုဒ္ဓယဉ်ကျေးမှုသမိုင်းနဲ့ပတ်သတ်ပြီး အလွန်ထူးမြတ်တဲ့ နေ့ပါ … ။
ဩဝါဒပါတိမောက်အခါတော်နေ့ လို့ အသိများတယ်။
(မှတ်သားရန် - ဘုရားရှင်တို့၏ အဆုံးအမ ဩဝါဒါနှင့် ပညတ်တော်မူသော သိက္ခာပုဒ်များကို ပါတိမောက်ဟုခေါ်ပါသည်။ ပါတိမောက်တွင် ဩဝါဒပါတိမောက်နှင့် အာဏာပါတိမောက်ဟူ၍ နှစ်မျိုးရှိသည်။ ဩဝါဒပါတိမောက်ကို ဘုရားရှင်တို့သာ ပြခွင့်ရှိသည်၊ တပည့်သာဝကတို့ ပြခွင့်မရှိပါ။ သက်တမ်းရှည်သော ဘုရားတို့မှာ သြဝါဒပါတိမောက်ကို သာသနာခေတ်ဆုံးတိုင် ပြတော်မူကြသည်။ သက်တမ်းတိုသော ဘုရားရှင်တို့မှာ ပထမဗောဓိ ခေါ်သော ဝါတော် ၂၀ အတွင်း၌သာ ဩဝါဒ ပါတိမောက်ကို ပြတော်မူလေ့ရှိပါသည်။ သိက္ခာပုဒ်တော် ပညတ်ချိန်မှစ၍ ဩဝါဒ ပါတိမောက်ကို ပြတော်မမူဘဲ အာဏာပါတိမောက်ကိုသာ ပြစေတော်မူပါသည်။)

သြဝါဒပါတိမောက္ခ - မှာ ပါတဲ့ "ပါတိ"ဆိုတာက ကျဆုံးခြင်း ကျရှုံးခြင်း၊ "မောက္ခ"ကလွတ်မြောက်တာ … ။
မြတ်ဗုဒ္ဓက ကျဆုံးခြင်း ကျရှုံးခြင်းမှ လွတ်မြောက်စေဖို့၊ အောက်တန်းကျ နောက်တန်းကျခြင်းမှ လွတ်မြောက်စေဖို့ ဒီသြဝါဒကို ပေးခဲ့တာ။
အဲ့ဒါကြောင့် ဒီသြဝါဒကို "သြဝါဒပါတိမောက္ခ" … လို့ ခေါ်တာ ။

Thursday, February 18, 2016

တစ်ကိုယ်စာ ပြောင်းရင် (သို့) ဖိနပ် စတင် ဖြစ်ပေါ်လာပုံ


တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးဟာ ရုပ်ဖျက်ပြီး သူ့တိုင်းပြည် တခွင် လှည့်လည်သွားလာခဲ့တယ်။ ဒီလိုနဲ့ လှည့်လည် ကြည့်ရှုပြီးလို့ ဘုရင်ကြီး သူ့ရဲ့ နန်းတော်ကို ပြန်ရောက်တဲ့အခါ ခြေထောက်တွေ အရမ်းနာနေခဲ့တယ်။
လမ်းတလျှောက် မှာ ရှိတဲ့ ကျောက်တုံး ကျောက်ခဲတွေကြောင့် သူ့ခြေထောက် နာရပါတယ် ဆိုပြီးတော့ တတိုင်းပြည်လုံး ရှိရှိသမျှလမ်းတွေကို နွားသားရေ တွေနဲ့ ခင်းရမယ် လို့ အမိန့်ထုတ် လိုက်တယ်။

Wednesday, February 17, 2016

ပုံပြင်တိုလေး (၅)ပုဒ်


တစ်ခါတုန်းက ရွာမှာ မိုးခေါင်နေတဲ့ အတွက် ရွာသားတွေအားလုံးစုပြီး မိုးရွာအောင် ဆုတောင်းပွဲလုပ်ဖို့ စီစဉ်ကြတယ်။ အဲဒီနေ့ရောက်တဲ့ အခါ ဆုတောင်းပွဲ လုပ်တဲ့နေရာကို ကောင်လေးတစ်ယောက်ကပဲ ထီးတစ်လက်နဲ့ ရောက်လာတယ်။
ဒါဟာ (သူ့ရဲ့) ယုံကြည်ကိုးစားမှု (faith) ပေါ့ . . . ။

Tuesday, February 2, 2016

၁ ဒီဂရီ ပဲ လိုပါတယ်

ရေးသူ - ဖြိုးကိုကိုနိုင် (ကိုနိုင်)

နယ်ကမိတ်ဆွေတစ်ယောက် သူများငွေတွေကို အတိုးနဲ့ယူပြီး စီးပွားရေးလုပ်တယ်။
လုပ်ငန်း အောက်သက် မကြေတော့ အလှမ်းကျယ် အလယ်လပ်ပြီး အခက်အခဲတွေ ဖြစ်ကုန်တယ်။
ဒီတော့ အကူအညီ လာတောင်းတယ်။

Wednesday, January 27, 2016

ရချင်လျှင် အရင် ပေးကြည့်ပါ

အရမ်းကောင်းတဲ့ ဆောင်းပါးလေးမို့ ပြန်လည် မျှဝေလိုက်ပါတယ်။

ကျောင်းတစ်ကျောင်းမှာ ဆရာဟာ ကျောင်းသား ၅၀ ခန့်ကို ဘောလုံး တစ်ယောက် တစ်လုံးစီ ဝေလိုက်တယ်။
ပြီးတော့ ဘောလုံးတွေမှာ ကိုယ့်နာမည်ကို ရေးခိုင်းတယ်။
ရေးပြီးသွားတဲ့အခါ ကျောင်းသားတွေ အားလုံးကို အခန်းထဲမှာ ဘောလုံးတွေ ထားခဲ့ခိုင်းပြီးတော့ အပြင်ခဏထွက်စေတယ်။
ဆရာက ဘောလုံးတွေကို စိတ်ကြိုက် နေရာ ရွှေ့ပြီးတဲ့အခါကျမှ ပြန်ဝင်လာခိုင်းပြီး ကိုယ့်နာမည်ပါတဲ့ ဘောလုံးလေးတွေကို ပြန်ရှာစေတယ်။

Monday, January 25, 2016

ချစ်တီးခေါင်းမှာ သန်းရှာခြင်း

ရေးသူ - SOE MIN·(ငွေစန်းရောင်)
MONDAY, DECEMBER 14, 2015

တနေကုန် အလုပ်ထဲမှာ ငုတ်တုတ်မတ်တတ် လတ်လျားလတ်လျားလုပ်နေရတာ ထမင်းတောင် ညနေ ၄ နာရီလောက်မှ ညစာ မနက်စာ ပေါင်းပေါင်းစားရတာ များပါတယ်။ အကျင့်ရနေပြီမို့ ထူးထူးထွေထွေ ဆာတယ် မဆာဘူး သတိမထားမိတော့ပါဘူး။ ဆာတဲ့အချိန်စားရတာ ဘာစားစားကောင်းတယ် မဟုတ်လား။ ဝတော့မယ့် လက္ခဏာ ထင်ပါရဲ့။

Thursday, January 21, 2016

ကားမောင်းရင်းရတဲ့ သင်ခန်းစာ (၁၀)ချက်

ရေးသူ - ဒေါက်တာ ဖြိုးသီဟ / Phio Thiha

ကားတစ်စီးကို မောင်းပြီး လိုရာခရီးတစ်ခုကို သွားရတာဟာ တွေးကြည့်ရင် ဘဝတစ်ခုကို ဖြတ်သန်းရသလိုပါပဲ။ ရန်ကုန်လို နေရာတကာ ကားကြပ်နေတဲ့ မြို့မှာ မောင်းရတော့ အကြပ်အတည်းတွေကြားထဲမှာ ရှင်သန်ရပ်တည်နေရတဲ့ ဘဝတစ်ခုနဲ့ ပိုလို့တောင် တူနေပါသေးတယ်။ အဲဒီလို ကားမောင်းရင်းနဲ့ မြင်နေတွေ့နေရတာတွေဟာ ကျွန်တော်တို့ဘဝအတွက် ယူတတ်ရင် သင်ခန်းစာတွေချည်းပါပဲ။

Wednesday, January 20, 2016

"အတုယူတတ်ကြဖို့လိုတယ်"

ရေးသူ - ဒေါက်တာ ဖြိုးသီဟ / Phio Thiha

စိုင်းစိုင်းခမ်းလှိုင် MTV တစ်ခုမှာ စတိုင်ပင်ကို ခါးပတ်မပတ်ဘဲ ဝတ်ထားတာ သဘောကျလို့ လိုက်ဝတ်တယ်၊
တောသားမြို့တက် လို့ ပြောခံလိုက်ရတယ်၊၊
ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ်ဇူကာဘတ်ကို အားကျလို့ဆိုပြီး အလုပ်ကို တီရှပ်နဲ့ဂျင်းဘောင်းဘီ ဝတ်သွားလိုက်တယ်၊
မန်နေဂျာ ခေါ်သတိပေးတာ ခံလိုက်ရတယ်၊၊
ဦးကျော်သူကို အားကျလို့ မုတ်ဆိတ်မွှေး ပါးသိုင်းမွှေး လိုက်ထားတယ်။
အလုပ်အပ်ဖို့ စုံစမ်းတဲ့သူတွေ တစ်ယောက်မှ မလာတော့ဘူး၊၊
ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေ ပြည်သူတွေ ခုထိမမေ့နိုင်သေးတာကို ကြည့်ပြီး ကျန်းမာရေးဟောပြောပွဲမှာ "ခင်ဗျားတို့ ကိုယ့်ကျန်းမာရေးမှ ကိုယ်ဂရုမစိုက်လို့ကတော့ အကုန်လုံး -ာသည်ရွာ ဖြစ်ကုန်မယ်"လို့ သွားပြောတယ်၊
တစ်ရွာလုံး ဓါးမနဲ့ ထွက်ခုတ်လို့ မနည်းပြေးလာရတယ်၊၊

Monday, January 11, 2016

မီးဘေးရှောင် မလောင်ခင်တား Fire Hazard Prevention

မီးလောင်တာ ဘယ်လောက် ကြောက်ဖို့ ကောင်းပြီး ဆုံးရှုံးမှု ကြီးမားတယ်ဆိုတာ ကြုံဖူးတဲ့ သူတွေ အသိဆုံး ဖြစ်ပါလိမ့်မယ်။
မီးလောင်တာနဲ့ ပတ်သက်လို့ နမော်နမဲ့ ဆိုတာထက် ဘယ်လို အသေးအမွှား မတော်တဆလေးကပင် ကြီးကျယ်တဲ့ မီးဘေး ဖြစ်နိုင်ကြောင်း ဖြစ်ရပ်လေးတစ်ခုနဲ့ တင်ပြပြီးနောက် အိမ်နဲ့ လုပ်ငန်းခွင်အတွင်း ပြုလုပ်ထားရှိသင့်တဲ့ ကာကွယ်မှု နည်းလမ်းတွေကို စုံစုံလင်လင် တင်ပြပေးထားတဲ့ ဆရာ မောင်မောင်မြင့်ရဲ့ ဆောင်းပါးလေးကို အနည်းငယ် တည်းဖြတ်ပြင်ဆင် မျှဝေပါတယ်။

လွတ်လပ်ရေးနေ့ နှင့် စစ်မှန်သော လွတ်လပ်ရေး Independence Day and Freedom

လွတ်လပ်ရေးကို လူတိုင်း၊ တိတိပပ ပြောရရင် သက်ရှိသတ္တဝါတိုင်း လိုချင် မြတ်နိုးကြတယ်။
လွတ်လပ်ရေးနဲ့ ပတ်သက်လို့ လက်ရှိ မြန်မာပြည် မှာ ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ လွတ်လပ်ရေးကို ခပ်ပါးပါး မြင်အောင် ရေးထားတဲ့ ဟန်သစ်ငြိမ် ရဲ့ "လွတ်လပ်ရေး ဆိုတာ" ဆိုတဲ့ စာစုလေးကို တစ်ဆင့် မျှဝေ ပါရစေ။
---------------------------------
(((လွတ်လပ်ရေးဆိုတာ)))
လွတ်လပ်ရေးနေ့ကို အင်္ဂလိပ်လို Independence Day (Noun + Noun) လို့ ရေးမှ မှန်ပါမယ်။ ဇန်နဝါရီလ ၄ ရက်မှစတင်ပြီး မြန်မာပြည်ဟာ လွတ်လပ်တယ်လို့ ဆိုလိုခြင်းပါ။ တကယ်လို့ Independent Day (Adjective + Noun) ဆိုပြီးရေးရင် မှားသလား ဆိုတော့ မမှားပါဘူး။