Monday, September 12, 2016

᠌᠌᠌᠌᠌᠌အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့


ရေးသူ - မောင်ခိုင်မာ (အထက်မင်းလှ)
---------------------------

ယနေ့ ကမ္ဘာကြီးဝယ် ရာသီဥတု အစွန်းရောက် ပြောင်းလဲမှု နှင့်အတူ မမျှော်မှန်းနိုင်သော သဘာဝ ဘေးအန္တရာယ်များ၊ တစ်နှစ်ထက် တစ်နှစ် ပိုမို များပြား ပြင်းထန်ကာ ခံစားနေကြရပါသည်။ ဤသို့သော သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အဓိက ပြဿနာများတွင် အိုဇုန်းလွှာ ပျက်စီးမှုသည်လည်း တစ်ခု အပါအဝင် ဖြစ်ပါသည်။

အိုဇုန်းဆိုသည်မှာ ဓာတုဗေဒ ဖွဲ့စည်းပုံအရ အောက်ဆီဂျင် အက်တမ် သုံးလုံး ပေါင်းစပ် ဖွဲ့စည်းထားသည့် ဓာတ်ငွေ့ ဖြစ်ပါသည်။ ဓာတုဗေဒ သင်္ကေတအားဖြင့် O3 ဟု ရေးလေ့ရှိပါသည်။

အိုဇုန်းဆိုသည့် စကားရပ်မှာ ဂရိဘာသာ စကားအားဖြင့် ''အနံ့ထွက်ခြင်း'' ဟု အဓိပ္ပာယ် ရသည်။ အရောင်အားဖြင့် အပြာရောင် ဖျော့ဖျော့၊ အနံ့ ပြင်းပြင်း၊ အလွန် အဆိပ်ပြင်းသော ဓာတ်ငွေ့ ဖြစ်ကြောင်း၊ မြေပြင်မှာ ဆိုလျှင် ယင်းဓာတ်ငွေ့မှာ ညစ်ညမ်းမှု တစ်ခုသာ ဖြစ်ကြောင်း သိရသည်။ အိုဇုန်းလွှာ၏ တည် နေရာကို သိရှိရန် ကမ္ဘာ့လေထုအလွှာကို လေ့လာရပါမည်။ လေထုသည် ကမ္ဘာမြေကြီး၏ ဆွဲအားကြောင့် က္ဘာ မြေကြီးနှင့်အတူ ရွေ့လျားသဖြင့် အာကာသ ဟင်းလင်းပြင် (Space) ထဲသို့ လွင့်ထွက်မသွားခြင်း ဖြစ်သည်။ အပူချိန် မှာမူ လေထု၏ အမြင့်ကို လိုက်၍ လျော့သွားခြင်း၊ တိုးသွားခြင်း ရှိသည်။ ကမ္ဘာ့လေထုကို အကြမ်းအားဖြင့် (၁) ထရိုဖို စဖီးယား (Troposphere) (၂) စထရာတိုစဖီးယား (Stratosphere) (၃) မီဆိုစဖီးယား (Mesosphere) နှင့် (၄) သာမိုစဖီးယား (Thermosphere) ဟူ၍ ခွဲခြားထားသည်။

လေထု၏ ဒုတိယအလွှာ ဖြစ်သော စထရာတိုစဖီးယားတွင် သဘာဝ အိုဇုန်းလွှာ (Natural Ozone Layer ရှိသည်။ ကမ္ဘာ့ မြေမျက်နှာပြင် အထက် ၁ဝ ကီလို မီတာ (ခြောက်မိုင်) မှ ၅ဝ ကီလိုမီတာ (၃၁ မိုင်) အတွင်းတွင် အိုဇုန်းလွှာ တည်ရှိပါသည်။ အဆိုပါ အိုဇုန်းလွှာတွင် ကမ္ဘာ့လေထု (Atmosphere) အတွင်းရှိ အိုဇုန်းဓာတ်ငွေ့ စုစုပေါင်း ပမာဏ၏ ၉ဝ ရာခိုင်နှုန်းခန့် စုစည်း တည်ရှိနေပြီး အိုဇုန်းလွှာသည် အထူ သုံးမီတာခန့် ရှိသော်လည်း သက်ရှိတို့အား အန္တရာယ်ပေးသည့် ခရမ်းလွန် ရောင်ခြည်များ (Ultraviolet Rays) အား ကာကွယ်ပေးထားသည့် ဒိုင်း (Shield) တစ်ခု ဖြစ်ပါသည်။

အိုဇုန်း ဖြစ်တည်မှုကို သိပ္ပံပညာရှင်များက လေ့လာကြရာ လေထုအတွင်း၌ ပါဝင်မှု များပြားသော အောက်ဆီဂျင် (O2) မော်လီကျူးများသည် နေရောင်ခြည်ကြောင့် အက်တမ်နှစ်ခု (O+O) ကွဲထွက်သွားကြောင်း၊ ကွဲထွက် သွားသော အက်တမ်နှစ်ခုသည် လေထုအတွင်း အခြား အောက်ဆီဂျင် မော်လီကျူး တစ်ခုနှင့် တိုက်မိသောအခါ အိုဇုန်း (O3) မော်လီကျူးတစ်ခု ဖြစ်လာကြောင်း၊ အဆိုပါ အိုဇုန်း မော်လီကျူးများ စုစည်းမိသောအခါ အိုဇုန်းလွှာ ဖြစ်ပေါ်လာကြောင်း၊ အောက်ဆီဂျင် မော်လီကျူးနှင့် အောက်ဆီဂျင် အက်တမ်တို့ တိုက်မိရာမှ ဖြစ်ပေါ်လာသည့် အိုဇုန်း မော်လီကျူး အချို့သည် အခြားသော ဓာတ်ငွေ့ များနှင့် ဓာတ်ပြုပြီး ပြိုကွဲသွားကြောင်း၊ အသစ်ဖြစ်လာသော အိုဇုန်း မော်လီကျူးများနှင့် ပြိုကွဲသွားသော အိုဇုန်း မော်လီကျူးများသည် ဖြစ်ခြင်း၊ ပျက်ခြင်း ဟန်ချက်ညီ နေသဖြင့် စထရာတိုစဖီးယား အလွှာ၌ရှိသော အိုဇုန်း ပမာဏနှင့် တစ်သမတ်တည်း ရှိနေကြောင်း ဆိုပါသည်။

အိုဇုန်းလွှာသည် နေမှလာသော ခရမ်းလွန်ရောင်ခြည် သုံးမျိုး အနက် အေအမျိုးအစား (Ultraviolet A(UV-A)Radiation) များကို စုပ်ယူခြင်း မပြုကြောင်း၊ ဘီအမျိုးအစား (UV-B) များကို အများဆုံး စုပ်ယူကြောင်း၊ စီအမျိုးအစား (UV-C) ကို လုံးဝနီးပါး စုပ်ယူကြောင်း၊ ထို့ကြောင့် အိုဇုန်းလွှာသာ အကောင်း ပကတိ ဖြစ်နေပါက UV-A အများစုနှင့် UV-B မဆိုစလောက်သာလျှင် ကမ္ဘာမြေပေါ်သို့ ကျရောက်နိုင်မည် ဖြစ်ကြောင်း၊

အကယ်၍သာ အိုဇုန်းလွှာပါး၊ ပေါက်ပါက ခရမ်းလွန်ရောင်ခြည် လှိုင်းသုံးမျိုး စလုံး ကမ္ဘာမြေပြင်ပေါ်သို့ ကျရောက်ပြီး လူသားနှင့် သက်ရှိအားလုံး ရောဂါကျရောက် ဒုက္ခတွေ့ ကြမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အိုဇုန်းလွှာကို သက်ရှိတို့အတွက် လိုအပ်သော သဘာဝ အကာအရံ တစ်ခုအဖြစ် သတ်မှတ်နိုင်ကြောင်း လေ့လာ သိရှိရပါသည်။

ခရမ်းလွန် ရောင်ခြည်လှိုင်း သုံးမျိုးတွင် နံနက်ခင်း နေရောင်ခြည်နု၌ ပါဝင်သော အေအမျိုးအစားသည် လူတို့အတွက် ကျန်းမာရေးကို အထောက်အကူ ပြုနိုင်သော်လည်း နံနက် ၉ နာရီမှ ညနေ ၄ နာရီခန့်အတွင်း ကျရောက်သော နေရောင်ခြည်တွင် ပါဝင်သည့် ဘီအမျိုးအစားသည် လူ့ခန္ဓာကိုယ်ပေါ်သို့ တစ်ဆက်တည်း မိနစ် ၃ဝ ထက်ပို၍ ကျရောက်ပါက အရေပြား နေလောင်ခြင်း၊ အရေပြားကင်ဆာ ဖြစ်နိုင်ခြင်း၊ မျက်စိ အကြည်လွှာ ပျက်စီးစေနိုင်ခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ကြောင်း၊ လှိုင်းအလျား အတိုဆုံး (100 mm မှ 280 mm) ဖြစ်သည့် စီအမျိုးအစား ကျရောက် ခံရပါက လူ့ခန္ဓာကိုယ် ခုခံအားစနစ်ကို ထိခိုက်စေပြီး အသက် ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည့် အပြင် ကောက်ပဲသီးနှံများ ပျက်စီးခြင်းနှင့် ရေနေသတ္တဝါများ သေဆုံးခြင်းတို့ ဖြစ်ပေါ်တတ်ကြောင်း သိရပါသည်။ ဤမျှ ကြီးမားသည့် အန္တရာယ် ခရမ်းလွန် ရောင်ခြည်လှိုင်း စီအမျိုးအစားကို အိုဇုန်းဓာတ်ငွေ့၏ ထူးခြားသော ဖွဲ့စည်းပုံစနစ် (Configuration) က ၉၇ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းအထိ စုပ်ယူပေးထားသည်။ ထို့ကြောင့် အိုဇုန်းလွှာသည် ကျွန်ုပ်တို့ အတွက် တန်ဖိုး မဖြတ်နိုင်သော သဘာဝ လက်ဆောင် သို့မဟုတ် ဘုရားပေးသော ဆုလာဘ်အဖြစ် ဆိုရပေမည်။

ဤမျှ အကျိုးထူးကို ပေးစွမ်းနေသော အိုဇုန်းလွှာတွင် တောင်ဝင်ရိုးစွန်း ဒေသ၌ အပေါက်ကြီး တစ်ခု (အိုဇုန်း ဓာတ်ငွေ့ လျော့နည်းနေခြင်း) ဖြစ်ပေါ်နေသည်ကို အန္တာတိကရှိ Hally Bay အခြေစိုက် ဗြိတိသျှ သုတေသန စခန်းမှ Joe Farman ဦးဆောင်သည့် အဖွဲ့က ၁၉၈၅ ခုနှစ်တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ ယင်း အိုဇုန်းလွှာ အပေါက်ကြီးသည် သန်းပေါင်း ၁၁ စတုရန်းမိုင်ခန့် ကျယ်ပြန့်သည်ဟုလည်း မှတ်တမ်းများက ဆိုပါသည်။ သို့သော် အဆိုပါ အိုဇုန်းလွှာ အပေါက်၏ အရွယ်အစားကို အမေရိကန်နှင့် ယူကေသုတေသီ အုပ်စုက ဂြိုဟ်တုမှ အချက်အလက်များကို ကြည့်၍ လေ့လာရာ ၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလအထိ အိုဇုန်းလွှာ၏ အရွယ်အစား မှာ စတုရန်း ကီလိုမီတာ လေးသန်းခန့် ကျုံ့သွားခဲ့ကြောင်း၊ ကမ္ဘာကြီး၏ အခြေအနေ တိုးတက် ကောင်းမွန်လာပြီဟု ၄င်းအုပ်စုက အတည်ပြု ပြောကြားကြောင်း အင်န်အိတ်ခ်ျကေ သတင်း တစ်ရပ်အရ သိရှိရသည်။

အိုဇုန်းလွှာ ပါးခြင်း၊ ပေါက်ခြင်းသည် သဘာဝကြောင့် မဟုတ်၊ လူ့ပယောဂကြောင့် ဖြစ်ပါသည်။ ကမ္ဘာကြီးကို ပူနွေးစေသည့် မှန်လုံအိမ် အာနိသင်ရှိသည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ ထုတ်လွှတ်နေခြင်းကြောင့် ဖြစ်ပါသည်။ ကလိုရင်း (Chlorine) နှင့် ဘရိုမင်း (Bromine) ပါဝင်သော ဓာတုပစ္စည်းများ လေထုအတွင်းသို့ ရောက်ရှိသွားပြီး အိုဇုန်းလွှာနှင့် ထိတွေ့ ကာ ဓာတ်ပြုမှု အဆင့်ဆင့်ဖြင့် အောက်ဆီဂျင် အက်တမ်များ ကွဲထွက်ပြီး အိုဇုန်းလွှာ ပျက်စီးစေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါ ဒြပ်ပစ္စည်းများကို အိုဇုန်းလွှာ လျော့ပါးစေသော ဒြပ် ပစ္စည်း (Ozone Depleting Substances-ODS) ဟု ခေါ်ပါသည်။ ယင်းတို့မှာ ကလိုရင်း ပါဝင်သည့် ကလိုရိုဖလူရို ကာဗွန် (Chlorofluro Carbon-CFC) ၊ ကာဗွန်တက်ထရာ ကလိုရိုက် (Carbon Tetrachloride)၊ မီသိုင်းလ်ကလိုရို ဖောင်း (Methyl Chloroform) နှင့် ဟိုက်ဒြိုကလိုရို ဖလူရိုကာဗွန် (Hydro Chlorofluro Carbon-HCFC) တို့ဖြစ်ပါသည်။ CFCကို ရေခဲသေတ္တာ၊ လေအေးပေးစက်၊ စပရေး (spray) ဘူးများ၊ ရေမြှုပ် (Foam) များတွင် ထည့်သွင်း အသုံးပြုပါသည်။

ဘရိုမင်းပါသော ဒြပ်ပစ္စည်းများမှာ မီးသတ်ဆေးဘူးများတွင် အသုံးပြုသည့် ဟေလွန် (Halon) ဓာတ်ငွေ့နှင့် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများတွင် အသုံးပြုသည့် မီသိုင်းလ် ဘရိုမိုက် (Methyi Bromide) တို့ဖြစ်သည်။ အဆိုပါ ဓာတ်ငွေ့ များသည် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ထက် အဆ နှစ်ထောင်ခန့် ပို၍ စွမ်းအင်ရှိပြီး မှန်လုံအိမ် အာနိသင် ဖြစ်စေသည့် ဓာတ်ငွေ့များ ဖြစ်သည်ဟု ဆိုပါသည်။

အထက်ဖော်ပြပါ အခြေအနေများကြောင့် ၁၉၈၅ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ အိုဇုန်းလွှာဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်း (The Vienna Convention for the Protection of the Ozone Layer) ကို ကျင်းပပြီး ''အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများ ဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲ သဘောတူ စာချုပ် ''(Montreal Protocol) ကို ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကမ္ဘာ့နိုင်ငံ များက ချုပ်ဆို လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ အဆိုပါ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည့်နေ့ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် စက်တင်ဘာလ ၁၆ ရက်နေ့ကို ''အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့'' (International Day for the Preservation of the Ozone Layer) အဖြစ် သတ်မှတ်ကာ နှစ်စဉ် ကမ္ဘာ့နိုင်ငံများတွင် အခမ်းအနား ကျင်းပနေခြင်း ဖြစ်ပါသည်။

အိုဇုန်းလွှာ ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံများ အနေဖြင့် အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ လန်ဒန်ပြင်ဆင်ချက် ၁၉၉ဝ၊ ကိုပင်ဟေဂင် ပြင်ဆင်ချက် ၁၉၉၂၊ ဗီယင်နာ ညှိနှိုင်း သတ်မှတ်ချက်များ ၁၉၉၅၊ မွန်ထရီရယ် ပြင်ဆင်ချက် ၁၉၉၇၊ ပေကျင်း ပြင်ဆင်ချက် ၁၉၉၉ တို့ကို စာချုပ် ချုပ်ဆို သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါသည်။

လတ်တလော အနေအားဖြင့် အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲ စာချုပ် အဖွဲ့ဝင်နိုင်ငံများ (၃၇) ကြိမ်မြောက် လုပ်ငန်း အဖွဲ့ဆိုင်ရာ ပြန်လည် စိစစ်ရေး အစည်းအဝေး၊ (၃၈) ကြိမ်မြောက် လုပ်ငန်း အဖွဲ့အစည်းအဝေးနှင့် တတိယ အကြိမ်မြောက် ဝန်ကြီးအဆင့် အထူး အဖွဲ့ အစည်းအဝေးကို ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ဇူလိုင် ၁၅ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ပြီး ယင်း အစည်းအဝေးများမှ ဟိုက်ဒရို ဖလူရိုကာဗွန် လျှော့ချရေး ဆိုင်ရာ စိန်ခေါ်မှုများ၊ ဖြေရှင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ ရန်ပုံငွေနှင့် နည်းပညာ ထောက်ပံ့ခြင်းဆိုင်ရာ ကိစ္စရပ် များနှင့် ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များဆိုင်ရာ ဆွေးနွေး ဆုံးဖြတ်ခြင်းများကို ချမှတ်ခဲ့ပြီး ၂ဝ၁၆ ခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် အဖွဲ့ဝင် နိုင်ငံများ၏ (၂၈) ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးတွင် ဆက်လက် တင်ပြမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ ကွန်ဗင်းရှင်းများ ၊ ပြင်ဆင်ချက် စာချုပ်များတွင် ပါဝင် လက်မှတ်ရေးထိုးပြီး အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများကို ၁၉၉၅ ခုနှစ်မှ စတင် ပြုလုပ်ခဲ့ကြောင်း အခမ်းအနားအနေဖြင့် ၂ဝဝ၉ ခုနှစ်မှစ၍ ကျင်းပနိုင်ကြောင်း သိရပါသည်။ ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် (UNEP) ၏ ပံ့ပိုးမှုဖြင့် အမျိုးသား အိုဇုန်းယူနစ် (National Ozone Unit) ကို ၂ဝဝ၄ ခုနှစ်တွင် တည်ထောင်ကြောင်း၊ CFC တင်သွင်းမှုကို ၂ဝဝ၇ ခုနှစ်က စတင်၍ ရပ်ဆိုင်းထားကြောင်း၊ HCFC သုံးစွဲမှု လျှော့ချ ရပ်ဆိုင်းနိုင်ရေး လုပ်ငန်း စီမံချက် (HPMP) ကို UNEP နှင့် ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးမှု အဖွဲ့အစည်း (UNIDO) တို့၏ နည်းပညာနှင့် ငွေကြေး အကူအညီဖြင့် ရေးဆွဲပြီး HCFC ထောက်ပံ့မှု ကန့်သတ်ခြင်း နည်းဗျူဟာ ဝန်ဆောင်မှု လုပ်ငန်းများတွင် HCFC သုံးစွဲမှု လျှော့ချခြင်း နည်းဗျူဟာနှင့် HCFC အသစ် တင်သွင်းခြင်းများကို ကန့်သတ်ခြင်း နည်းဗျူဟာ စသည့် နည်းလမ်း သုံးသွယ်ဖြင့် ဆောင်ရွက်နေကြောင်း ၊ ကမ္ဘာကြီး ပူနွေးမှု ဖြစ်နိုင်ချေ အနည်းဆုံး ဖြစ်သည့် အိုဇုန်းလွှာ ပျက်စီးမှု မဖြစ်စေသည့် အစားထိုး ဒြပ်ပစ္စည်း အသစ်များ တီထွင်ရန် လိုအပ်ချက်ကိုလည်း ကမ္ဘာသို့ အကြံပြုကြောင်းများကို လေ့လာ တွေ့ရှိရပါသည်။

ကမ္ဘာ့ကုလသမဂ္ဂ (Economic and Social Commission for Asia and the Pacific- ESCAP) ကလည်း ''ကာဗွန်ထွက်ရှိမှု လျှော့ချရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လုပ်ငန်းခွင်အတွင်း လိုက်နာ ကျင့်သုံးနိုင်မည့် အချက် ၁ဝ ချက်'' ကို ထုတ်ပြန်ထားပါသည်။ ယင်းတို့မှာ
(၁) သင်၏ ကိုယ်ပိုင် သုံးစွဲမှုများအား ထိန်းညှိပါ (Adjust your personal expectations)
(၂) မော်တော်ယာဉ် သုံးစွဲမှု နည်းပါးပါစေ (Drive Less)၊
(၃) ပြန်လည်သုံးစွဲမှု ပိုမို ဆောင်ရွက်ပါ (Recycle more)၊
(၄) အသိဉာဏ် ရှိစွာ စားသုံးပါ ။ သောက်သုံးပါ (Eat and drink wisely) ၊
(၅) အသိပညာ ဖြန့်ဝေပါ (Spread the word)၊
(၆) စာရွက်သုံးစွဲမှုကို လျှော့ချပါ (Use Less Paper)၊
(၇) အမြင်ကျယ်စွာဖြင့် ဝယ်ယူပါ၊ လျှော့ဝယ်ပါ (Buy Wisely and Less)၊
(၈) လေယာဉ် ခရီးသွားလာခြင်းအား မလိုအပ်ပါက ရှောင်ကြဉ်ပါ ((Avoid Unnessary air travel)၊ (လေကြောင်းသွားလာခြင်းသည် ကမ္ဘာကြီး ပူနွေးမှုအား ဖြစ်ပေါ်စေသည့် အဓိက အခန်းကဏ္ဍတွင် ပါဝင်နေပြီး သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ၏ ၁၂ ရာခိုင်နှုန်းသည် လေကြောင်းခရီး ဖြစ်သည်။ အချို့ ဂျက်လေယာဉ်များသည် သဘာဝ အိုဇုန်းလွှာ တည်ရှိသည့် စထရာတို စဖီးယား အလွှာအတွင်း ကမ္ဘာမြေပြင်မှ အမြင့်ပေ လေးသောင်းခန့် (၁၂ ကီလိုမီတာခန့်) မှ ပျံသန်းကြသည်။ ထိုအမြင့်တွင် လေပါးလွှာသဖြင့် ပွတ်မှု အားလျော့နည်း သောကြောင့်ဖြစ်၏)၊
(၉) သယံဇာတ အားလုံးအား အကျိုးရှိစွာ သုံးစွဲပါ (Use all resources Wisely)၊
(၁ဝ) ကွန်ပျူတာများနှင့် စက်ကိရိယာများအား မလိုအပ်ပါက ပိတ်ထားပါ (Turn off Computers and office machinery) ဟူ၍ ဖြစ်ပါသည်။

အနှစ်ချုပ်အားဖြင့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ အသက်ဝင်ခဲ့သည့် ကမ္ဘာ့ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင် (၁၇) ရပ်အနက်၊ ပန်းတိုင် (၁၃) တွင် ''ရာသီဥတု ပြောင်းလဲခြင်းနှင့် ယင်း၏ အကျိုး သက်ရောက်မှုများကို လျော့ပါးစေရေးအတွက် အရေးကြီး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရေး'' (Goal 13-Take urgent action to combat climate change and its impacts) ဟု ရည်မှန်း ဖော်ပြထားသည် နှင့်အညီ ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်များအတွက် ကမ္ဘာ့လေထုအတွင်း အိုဇုန်းလွှာ ပျက်စီးစေသည့် ဒြပ်ပစ္စည်း ကင်းဝေးစေရေးနှင့် ရာသီဥတု ပြောင်းလဲခြင်းနှင့် ယင်း၏ အကျိုးသက်ရောက် မှုများကို လျော့ပါးစေရေး လုပ်ငန်းများတွင် ကျွန်ုပ်တို့ အားလုံးသည် လက်တွေ့ ကျကျ ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ လိုအပ်နေပြီ ဖြစ်ပါကြောင်း...။ ။

-------------------
Credit: Facebook page @mmarticles (ဖတ်စရာ၊ မှတ်စရာ)