Sunday, December 25, 2016

ကျွန်တော့် ခေါင်းထဲရှိ အိပ်ပုပ်ကြီးနေသော ကာလနဂါးကြီးအား လှုပ်နှိုး ကြည့်ခြင်း

ပိုက်ဆံ မချမ်းသာချင်သူများ စိတ်ချမ်းသာရင်တော်ပြီဆိုသူများ ယောင်လို့တောင် မဖတ်ပါနှင့်
===============================================
ကျွန်တော့် ခေါင်းထဲရှိ အိပ်ပုပ်ကြီးနေသော ကာလနဂါးကြီးအား လှုပ်နှိုး ကြည့်ခြင်း
**********************************************************************
ရေးသူ - သိန်းထက်စိုး (ဆြာသိန်း)

ခုရက်ပိုင်း လူငယ် စွန့်ဦးတီထွင်စီးပွားရေးပညာရှင် တစ်ယောက်ဖြစ်တဲ့ Ameer Rosic ရဲ့ အပြောတွေကို သဘောတွေ့ မနောခွေ့ ဖြစ်နေတယ်။ သူရဲ့ ဘဝအောင်မြင်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတွေ ဘယ်လိုလှမ်းရမယ်ဆိုတာ ကျွန်တော် ဘာသာပြန်ထားတယ်။

ခံစားကြည့်ရအောင်ပါ...


" ခင်ဗျားတို့ကို ဘဝ အောင်မြင်ရေးနဲ့ စပ်လျဉ်းတဲ့ ဖော်မြူလာတစ်ချို့ ကို ကျုပ်ပြောပြချင်တယ်။
ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေ အကောင်အထည်ဖော်ဖို့ ရာ ငွေရှိဖို့ လိုပါတယ်။
မင်းဘယ်လိုရှာမလဲ ဘယ်လောက်ထိလိုချင်သလဲ? မင်း ဘဏ် အကောင့်ထဲမှာ ဘယ်လောက်ထိ ဝင်နေသလဲ မင်းစိတ်ကူးကြည့်စမ်း။ မင်းရဲ့ အချိန်တွေ ခွန်အားနဲ့ ဦးနှောက်အရင်းအနှီးတွေအားလုံး ဒီလုပ်ငန်းအတွက် ဘယ်လောက်ထိ ပေးဆပ်ချင်သလည်း ငါ့ကို ပြောစမ်း။ မလိမ်ပါနဲ့ ။

မင်းလည်း မင်းကိုယ့်ကိုယ်ကိုယ် ပြောဖူးပါလိမ့်မယ်။ ငါအရမ်းချမ်းသာချင်တယ် ဒါမှ ငါ့မိသားစု အတွက် ငါကျေးဇူးပြုနိုင်မယ်။ ငါ့ပတ်ဝန်းကျင်အတွက် ငါလုပ်ပေးနိုင်တာလုပ်ပေးလို့ ရမယ်။ စသည်ဖြင့်ပေါ့။

ကောင်းပါပြီ။
-----------------------------------------------------------
ပထမ အဆင့်အနေနဲ့ ဘဝ အောင်မြင်ဖို့ အတွက်အရေးအကြီးဆုံးကတော့

နောက်ကလိုက်ဆိုကြည့်...

step (1) Wake the f**k up

မင်းကိုယ်မင်း အရင်နိုးထလိုက်ပါ။

==========================
ဘယ်သူကမှ ရော့အင့် ပိုက်ဆံ တစ်ဘီလျံ၊ ရော့အင့် လုပ်ငန်းကြီးတစ်ခု၊ ရောဒီမှာ ချမ်းသာဖို့ ဆေးတစ်ခွက် ဆိုပြီးတော့ မင်းကို အဆင်သင့် လာပေးမယ်တော့ မအောင့်မေ့လိုက်နဲ့။
ဘယ်သူကမှလည်း မင်းကိုယ်လုံးလေးလှအောင် ရော့အင့်၊ မင်းလူတွေနဲ့ ဆက်ဆံရင် အဆင်ပြေစေဆိုပြီး ရော့အင့် ဆိုပြီး လာပေးမှာတော့ မဟုတ်ဘူး။
ဒါတွေအားလုံး မင်းလိုချင်ရင် မင်းကိုယ်တိုင် ဖန်တီးရလိမ့်မယ်။ မင်းအရင်ဆုံး ခြေလှမ်းတွေ လှမ်းရလိမ့်မယ်။

မင်းအလုပ်တစ်ခုလုပ်နေမယ် မင်းမကြိုက်ဘူး မင်းထွက်လိုက်။ မင်းအလုပ်တစ်ခုလုပ်နေမယ် မင်းဘယ်လိုမှ ဆက်လုပ်ချင်စိတ်မရှိတော့ဘူး နားလိုက်တော့။ တစ်ချို့ လူတွေမင်းအပေါ် မကောင်းကြဘူး ဘာအားနာနေမလဲ လစ်ပေါ့။ သွားခွင့်ပေးလိုက်တော့။
မကြိုက်ဘူးမလား ထွက်သွားလိုက် ထွက် ထွက် ထွက် ထွက်...။

ဘယ်သူကမှ မင်းကို အတင်းကာရော ဆွဲမထားဘူးကွ။

တစ်ရက်တစ်ရက် အဆင်မပြေတာတွေ ငြီးတွားနေတာတွေ၊ ငြီးငြူနေတာတွေ စိတ်ပျက်စရာ စကားလုံးတွေပြောနေတာတွေ အားလုံး ရပ်ထားလိုက်တော့။
မင်းကိုယ်တိုင်ကလွဲလို့ ဘယ်သူကမှ မင်းကို အမှန်တကယ် မပြောင်းနိုင်ဘူးဆိုတာ နားလည်ထားလိုက်ဟေ့။

************************************************************

step (2) Invest in yourself

မင်းကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် ရင်နှီးမြှုပ်နှံပါ

==========================

အဟမ်း.. ငါပြောချင်တာက မင်းဘာနဲ့ ဘွဲ့ ရရ ဘယ်ကျောင်းကပဲ အောင်အောင်၊ ငါလုံးဝ ဂရုမစိုက်ဘူး။ အားလုံး ခုချိန်ကစလို့ ခေါက်ထားလိုက်တော့။

ငါလုပ်စေချင်တာတွေက

  • မင်း တစ်နေ့ စာအုပ်တစ်အုပ်ပြီးအောင်ဖတ်
  • Workshop ဆိုတဲ့ ပညာရှင်တွေ ရှင်းပြတဲ့ ဦးဆောင်တဲ့ ဟောပြောပွဲ သင်တန်းတိုတွေတက်
  • မင်းကို အကောင်းဆုံးသင်ပေးမည့် လမ်းညွှန်သူ နည်းပြကောင်းကောင်းတစ်ယောက်ရှာ
  • စာအုပ်ထဲက အကြောင်းအရာတွေကို လက်တွေ့ သင်ပေးမယ့် ပညာရှင်တွေဆီသွားစေချင်တာ။


ဒါတွေကို မင်းတကယ် လုပ်ချင်ပြီဆိုရင်တော့ မင်းကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်တော့ဘူး။

မင်းကိုယ့်ကိုယ် မေးခွန်းတစ်ခွန်းမေးကြည့်...။
နောက်ဆုံးဘယ်တုန်းက အကျိုးရှိတဲ့ စာအုပ်တစ်အုပ်လှန်လိုက်သလဲလို့ ။

ဒီမှာ ပြောမယ်။ လေ့လာချက်တွေအရ တက္ကသိုလ်တစ်ခုခုက အောင်လာတဲ့ လူတွေရဲ့ ၇၀% က စာအုပ်တွေ မဖတ်ကြတော့ဘူးတဲ့ဗျာ။ ဘယ်လောက်စိတ်ပျက်ဖို့ ကောင်းလိုက်သလဲ။

  • မင်းရဲ့ စိတ်ဓာတ်တွေ မြှင့်တင်လိုက်
  • မင်းရဲ့ ယုံကြည့်ချက်တွေကို ပြုပြင်လိုက်
  • မင်းရဲ့ သံချေးတက်နေတဲ့ ဦးနှောက်ကို ဆေးကြောလိုက်စမ်းပါ
  • မင်းရဲ့ ဒိတ်အောက်နေတဲ့ ရှေးဟောင်း အတွေးအခေါ်တွေကို ခေါက်ထားလိုက်တော့ကွာ

ငါကတော့ ငါကို အကြံလာတောင်းတဲ့ ကုမ္ပဏီတွေ လူငယ်အဖွဲ့ တွေကို ပြောလေ့ရှိတယ်။
မင်းတို့တတွေ Workshop လေးတွေလုပ်ကြပါ။ အနည်းဆုံး တစ်လ တစ်ခါတော့လုပ်ပါပေါ့။

မင်းရဲ့ ခေါင်းထဲကအသိတွေကို အဆင့်မြှင့်ဖို့ လိုတယ်။ ဘာမှာ ဆင်ခြေဆင်လက်တွေ လာပေးမနေနဲ့ တော့ဟုတ်ပြီလား။

မင်းကိုယ်မင်းခု အမေရိကန်မှာသဘောထား။ မနက်ဖန် မင်းတရုတ်ပြည်သူ့ သမ္မတနိုင်ငံရောက်ပြီ။ ကဲ နောက်နေ့ အင်္ဂလန်၊ သဘက်ခါ သြဇီသွားတယ်ဆိုပါတော့ကွာ။
ဘာတွေ မင်းတွေ့ မလဲ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြားမှာ မတူညီတဲ့ အတွေးအခေါ်၊ မတူညီတဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေ အများကြီးမှ အများကြီး မင်းလေ့လာနိုင်တယ်လေ။
မင်းကိုယ့်ခေါင်းထဲမှာ ကိုယ်တိုင်ရင်းနှီးမြှုပ်နှံထားတာတွေဟာ ဘယ်နေရာမဆို မင်းယူသွားလို့ ရပြီလေ။

ကမ္ဘာကျော် သန်းကြွယ်သူဌေးကြီး ဝေါရန့် ဘူဖတ် တစ်ခါကပြောဖူးတယ်။
သူ့ တစ်သက်နဲ့ တစ်ကိုယ် သူ့ ဘဝမှာ အမှန်ဆုံးနဲ့ အကောင်းဆုံး ရင်နှီးမြှုပ်နှံမှုဟာ ဘာလဲဆိုတော့ သူအင်တာဗျူး တစ်ခုမှာပြောခဲ့ဖူးတယ်။
သူဟာ ဒေါ်လာ ၅ဝဝတန်တဲ့ ဒေးလ်ကာနဂျီရဲ့ သင်တန်းကို တက်ပြီး ရင်းနှီးမြှုပ်နှံလိုက်တာ
ခုဆိုရင် သူဟာ ဘီလျံနာဖြစ်နေပြီ။

ကဲ ဘယ်လောက် လေးစားအံ့သြဖို့ ကောင်းလိုက်သလဲ။ မင်းကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံ ဖို့ မသတီဘူးလား မင်းသောက်ရမ်းမတော်လာချင်ဘူးလား။

အေး... မင်းတစ်ခုတော့ သိထားရမယ်။ မင်းစာအုပ်တွေဖတ် အရည်ကျိုသောက်နေရုံနဲ့ တော့ဘာမှ ဖြစ်လာမှာတော့မဟုတ်ဘူး။ မင်းဖတ်ရမယ်၊ သင်ကြားရမယ်၊ လက်တွေ့ ဘဝမှာ မင်းအသုံးချရမယ်ကွ။ ဒီမယ် မင်း အူတူတူ အတတတော့ လုပ်မနေနဲ့တော့။ မင်းလူတိုင်းထက် ပိုတော်ရမယ် ထက်မြက်အောင်လုပ်ရမယ်။

မင်းပတ်ဝန်းကျင် လောက ကမ္ဘာကြီးထဲကို နည်းနည်းလေး လေ့လာကြည့်လိုက်။ ခေါင်းဆောင်ကြီးတွေ ဘီလျံနာကြီးတွေ သူတို့ ဘာတွေ ထူးခြားနေလဲ။

အဖြေကရှင်းရှင်းလေး မင်းတို့ ငါတို့ ထက်သူတို့ ပိုပြီး Smart ဖြစ်တယ် ပိုကြိုးစားတယ်လေ။ မင်းတို့ ငါတို့ မသိသေးတာတွေ သူတို့ အများကြီးသိတယ်ကွ။ ဒါဟာ ဘာကိုပြသလဲဆိုရင် ငါတို့ ကြိုးစားရမယ် အများကြီးလေ့လာရမယ်။ ကိုယ့်ဖာသာကိုယ် ရင်နှီးမြှုပ်နှံတာတွေ လုပ်ကြရလိမ့်မယ်။ နေ့ တိုင်းနေ့ တိုင်း နောက်နေ့ တွေ မရှိသကဲ့သို့ အကောင်းဆုံး မင်းကြိုးစားရမယ်ကွ။

-----------------------------------------------------------

step (3) Friends

မိတ်ဆွေ အပေါင်းအသင်းတွေ

==========================

မင်းခု ဘယ်လိုလူတွေနဲ့ မိတ်ဆွေလုပ်ထားလဲ။ မင်းရဲ့ သူငယ်ချင်းတွေ ငါ့ကို ပြစမ်း၊ မင်းရဲ့ ဖြစ်လာမယ့် အနာဂတ်ပုံရိပ်ကို ငါမင်းကိုပြောပြလိုက်မယ်။ မင်းရဲ့သူငယ်ချင်းဟာ ချီးထုတ်တွေ၊ အသုံးမကျတဲ့ကောင်တွေ ၊ငြီးတွားပြီး ဆင်ခြေတွေ ပေးနေတဲ့ ကောင်တွေဆိုရင် မင်းတော့ သွားပြီမှတ်။ မင်းလည်း ချီးထုတ်ကောင် ငြီးတွားတဲ့ကောင် ၊ဆင်ခြေဆင်လက်တွေ လောက်ပဲ ပေးဖို့လောက်ပဲ သိတဲ့ကောင် ဖြစ်လာမှာပဲ။

မင်း မိတ်ဆွေတွေဟာ တစ်နှစ်ကို ကန်ဒေါ်လာ ငါးသောင်းထိ ရှာနိုင်ရင် ဘာဖြစ်မယ်ထင်လဲ။ မင်းလည်း အဲ့ဒီလောက် ရှာနိုင်လာမှာပဲကွ။ ဒီတော့ ငါပြောချင်တာက မင်းရဲ့ အပေါင်းအသင်းဆိုတဲ့ အဝန်းအဝိုင်းကို မင်းအဆင့်မြှင့်တင်ရလိမ့်မယ်။

ဂျွန်စတီဗင်နဲ ငါတို့ ပြောခဲ့ဖူးတယ်။ မင်းအပေါင်းအသင်း မိတ်ဆွေတွေကို A,B,C အုပ်စုခွဲပြီး မြင်ကြည့်လိုက်ပါ။ မင်းသိထားရမှာက မင်းအချိန်ဟာ သိပ်တန်ဖိုးရှိတယ်၊ မင်းရဲ့ စွမ်းအင်တွေဟာ တန်ဖိုးရှိတယ်။ ဒီတော့ မင်းကို အရေမရ အဖတ်မရလာပြောတဲ့ လူတွေနဲ့ မင်း အချိန်ဖြုန်းချင်သေးလား။ ဘယ်ဟုတ်ပါ့မလည်းကွာ။ မင်းဘဝကို မြှင့်တင်ပေးမယ့် A အဆင့် မိတ်ဆွေတွေနဲ့ ပဲမင်းအချိန်ကုန်ခံတော့မှာပေါ့။

ဘာဖြစ်လို့လဲဆိုရင်တော့ ငါဟာ အဲ့ဒီလူတွေရဲ့ အရည်အချင်းတွေကို အတုယူချင်တယ်။ သူတို့ရဲ့လုပ်ပုံကိုင်ပုံတွေကို ငါလေ့လာချင်တယ်။ သူတို့ပြောတဲ့ ဗဟုသုတတွေကို ရှာဖွေဆည်းပူးချင်တယ်လေ။ သူတို့ရဲ့ အဆင့်အတန်းရောက်အောင် ငါကြိုးစားချင်တယ်။ ဒီလိုပဲ ဖြစ်ရမှာပေါ့။

သိပ္ပံနည်းကျလေ့လာမှုတစ်ခုအရဆိုရင် မင်းရဲ့သူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေကို ပေါင်းလိုက်၊ ဘယ်လောက်ထိ အရည်အသွေးရှိသလဲ ဆင်ခြင်လိုက်။ ပြောချင်တာက မင်းရဲ့ သူငယ်ချင်းလောက်ပဲမဟုတ်ဘူးနော်။ မင်းဘေးမှာ ဝန်းရံထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ မင်းရဲ့ မိသားစုဝင်တွေ အားလုံး အားလုံး မင်းဟာ ဘယ်လိုလူမျိုးဖြစ်လာမလဲ ဆိုတာကို သူတို့တွေဟာ သွယ်ဝိုက်ပြီး ကိုယ်စားပြုနေကြတာပဲလေ။ ဒါကြောင့် မင်းကို ဖျက်လိုဖျက်ဆီးလုပ်မယ့်သူတွေကို မင်းဆီကနေ ထွက်ခွာခွင့်ပေးလိုက်။ မိတ်ဆွေကောင်းတွေ များများရှာ။ ဟုတ်ပြီလား။

မင်းကိုယ်မင်း ဘယ် အတိုင်းအတာအထိ သွားမလဲပေါ်မူတည်ပြီး မင်းရဲ့ Frequency ဆိုတဲ့ ပေါက်ရောက်နိုင်မယ့် လိုင်းထဲရောက်အောင် မင်းညှိယူရလိမ့်မယ်။ မင်းခပ်နိမ့်နိမ် လိုင်းထဲမှာနေရင် မင်းဟာ ခပ်ညံ့ညံ့ အတန်းအစားကနေ တက်လာမှာကို မဟုတ်ဘူးကွ။ မင်းကိုယ့်ကိုယ် အမြင့်ဆုံးထိတွန်းတင်ရလိမ့်မယ်။

--------------------------------------------------

step (4) Hunger 

ဆာလောင်မွတ်သိပ်မှု

==========================

မင်းဟာ အမြဲတမ်း တွန်းအားတွေပြည့်နေရမယ် အမှန်တကယ် ဘဝတိုးတက်မှုကို အမြဲဆာလောင်နေဖို့ လိုမယ်။

တစ်ရက် တစ်ရက် မင်းဘဝတိုးတက်ဖို့ မင်းဘယ်လောက်ထိ ရင်းနှီးမလဲ။ မင်းတိုးတက်ဖို့ မင်း ဘာတွေ လေ့လာမယ် ဘာတွေသင်ယူမလဲ။ ငါဆိုချင်တာကတော့ မင်းကိုယ့်ကိုယ်ကို ဘယ်တော့မှမလိမ်နဲ့ ။ မင်းရဲ့ တိုးတက်ခြင်းကို ဆာလောင်မှုဟာ အမြဲရှိနေရမယ်။

အေး ဟုတ်ပြီ၊ ဒါဆိုရင် မင်းစူပါမင်းလို အားတွေ အမြဲရှိနေလိမ့်မယ်။ မင်းကိုယ်မင်း စူပါမင်းလို့ စိတ်ထဲ ညွှတ်ယူကြည့်စမ်း မင်းစူပါမင်းလို အားတွေရှိလာမယ်။ မင်းကိုယ်မင်း လက်ဝှေ့အကျော်အမော် မိုက်တိုင်ဆန်လို မြင်ကြည့်လိုက်စမ်း၊ ဘယ်ပြိုင်ဖက်မျိုးမဆို မင်းထိုးသတ်ဖို့ ဝန်မလေးတော့ဘူး။

------------------------------------------------------------

နောက်ဆုံးအဆင့် Step (5) Adaptable သို့မဟုတ် Antifragile 

( မင်းဘယ်လောက်ခံနိုင်ရည်ရှိမလဲဆိုတာပဲ။)

==========================

မင်းဘဝမှ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမှ မင်းတုန်လှုပ်မနေနဲ့ ။
အသစ်အဆန်းတစ်ခုလုပ်မလား၊ လုပ်လိုက်။ ပညာရပ်တစ်ခု လက်မှုအတတ်ဖြစ်ဖြစ် သင်ဖို့ လိုအပ်မလား၊ သင်လိုက်စမ်း။ မင်း ရဲ့ လုပ်ငန်း ကြီးကျယ်ဖို့ ပိုက်ဆံလိုက်ချေးဖို့ လိုမလား။ မင်းလိုက်ချေးလိုက်။ မင်းလုပ်ငန်းတိုးတက်ဖို့ တစ်မြို့လုံးပတ်ပြီး အလုပ်လုပ်ဖို့ လိုအပ်မလား လုပ်လိုက်စမ်း။

ကမ္ဘာ့သမိုင်းထဲက ပုံပြင်တွေ မင်းတွေ့မယ်၊ အလက်ဇန်းဒါး ဘုရင်တို့၊ ဂျိမ်းမက်ကမ်းတို့လို မင်း ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်မလား။ ဘယ်လုပ်နိုင်ပါ့မလည်းကွာ။ သူတို့ နဲ့ မင်းတို့ငါတို့ မတူညီတဲ့ အချက်ဟာ ခံနိုင်ရည် ဘယ်လောက်ရှိသလဲဆိုတာမှာ ကွားခြားသွားတာပဲ။
အဲ့လိုလူမျိုးတွေက စိန်ခေါ်မှုတစ်ခုခုကြောင့် ဘယ်ယိမ်းမလား ရတယ် ညာယိမ်းမလားရတဲ့လူမျိုးတွေချည်းပဲ ဆိုတာသိထားလိုက်။

မင်းဟာ ရေ လိုကျင့်ရမယ်။ ရေဟာ ဘယ်လို နေရာဖြစ်ဖြစ် လိုအပ်သလို ပုံသွင်းလို့ ရတယ်။ ခံနိုင်ရည်ရှိနေတယ်လေ။ မင်းခံနိုင်ရည်ရှိပြီလား ဆိုတာ ကိုယ့်ကိုယ် ပြန်မေးကြည့်လိုက်။ အေး မရှိသေးဘူးဆိုရင်တော့ မင်းခုထိ အိပ်ပုပ်ကြီးနေသေးလို့ပဲ။

ကဲ ငါပြောချင်တာ ဒါပဲ။ မင်းဒါတွေ ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာမူတည်ပြီး မင်းဘဝ ဘယ်လောက်ထိ ပြောင်းလဲ သွားမယ် တိုးတက်သွားမလဲဆိုတာ မင်းသိလာလိမ့်မယ်။



အချိန်ကာလ၏ တိုက်စားခြင်းမှ ကင်းသော မေတ္တာအနန္တဖြင့်

ဆြာသိန်း (ဘာသာပြန်)