Monday, August 22, 2016

တန်ဖိုး



တစ်ခါတုန်းက စတိုင်းဆိုင်တစ်ခုရှေ့တွင် ဆိုင်းဘုတ်တစ်ခုချိတ်ထားလေသည် ။

“ ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည် စိတ်ပါဝင်စားသူများ လာရောက်လေ့လာဝယ်ယူနိုင်ပါသည် ”

Saturday, August 20, 2016

အချိန် စောင့်လိုက်ပါ

တစ်ခါတုန်းက ပညာရှိ အဖိုးအိုတစ်ဦးနဲ့ သူ့တပည့်တွေဟာ ခရီးတစ်ခုကို အတူထွက်လာခဲ့ကြတယ်။ လမ်းခရီးတခုမှာ တောနက်ထဲ ရောက်တဲ့အခါ သူတို့အားလုံး ခဏနားကြတယ်။

သောက်စရာ ရေလည်း ကုန်နေပြီဖြစ်တဲ့အတွက် မလှမ်းမကမ်းမှာရှိတဲ့ အိုင်ထဲကနေ ရေသွားခပ်ဖို့ အဖိုးအိုက စေညွှန်လိုက်တယ်။

ဒီတော့ တပည့်တွေလည်း ရေကန်ရှိရာကို သွားကြတယ်။

အဲဒီအခါမှာ ရေကန်မှာ မကြာသေးခင်ကမှ သမင်ဒရယ်တွေ ရေသောက်ဆင်းလာကြတဲ့အတွက် ရေတွေနောက်ပြီး အနည်တွေ ထနေတာ တွေ့လိုက်ရတယ်။ ဒီတော့ တပည့်တွေလည်း စိတ်ပျက်လက်ပျက်နဲ့ အဖိုးအိုဆီ ပြန်လာခဲ့ကြတယ်။

အဖိုးအိုကလည်း ဘာမှမပြောပဲ ဒီအတိုင်းပဲ တိတ်တိတ်ဆိတ်ဆိတ်နေတယ်။

နောက်တစ်နာရီလောက် ကြာတဲ့အခါ တပည့်တွေကို ရေသွားခပ်ခိုင်းပြန်တယ်။

ဒီတခါတော့ ရေကန်ဟာ အနည်တွေထိုင်ပြီး အပေါ်ကရေတွေ ကြည်လင်နေတာကို တွေ့လိုက်ရတယ်။
ဒီတော့ ဝမ်းသာအားရနဲ့ တပည့်တွေအားလုံး ရေခပ်ပြီး ပြန်လာကြတယ်။

ဒီတော့ အဖိုးအိုက မေးတယ်။

'' ရေတွေ အားလုံး ကြည်လင်သွားအောင် ဘာ လုပ်လိုက်ကြသလဲ''

'' ဘာမှ မလုပ်ပါဘူး''

တပည့်တွေ အားလုံး ဝိုင်းဖြေကြတယ်။


အဲဒီထဲကမှ တပည့် တစ်ယောက်က ဖြေတယ်။

'' အချိန်စောင့်လိုက်ရပါတယ်''

အဖိုးအိုက ပြုံးပြီး ပြောတယ်။

'' ဟုတ်တယ် ရေကန်ထဲက ရေတွေအားလုံး ကြည်လင်ဖို့ ဘာမှမလုပ်ပဲ အချိန်တစ်ခုကို စောင့်ရပါတယ်။ 
အဲဒီလိုပဲ တစ်စုံတစ်ခုက သင်တို့ကို ဒေါသထွက်အောင် နာကျင်အောင် ပြုလုပ်လို့ သင်တို့ စိတ်တွေ နောက်ကျိနေပြီဆိုရင်... ဘာမှမလုပ်ပဲ ဒီအတိုင်းပဲ ထားလိုက်ပါ။
အချိန်ကာလတစ်ခု လွန်မြောက်ပြီးတဲ့အခါ ဒေါသတွေ အမုန်းတရားတွေ မရှိတော့ပဲ စိတ်ဟာ ပြန်လည် ကြည်လင်လာပါလိမ့်မယ်''

+++++++++++++++++++++++++++

သင့်စိတ်ကို တစုံတaယာက်က နာကျင်အောင် ထိခိုက်အောင် ဒေါသထွက်အောင် ပြုလုပ်လို့ သင့်စိတ် နောက်ကျိနေပြီဆိုရင်တော့...

Let it be... ထားလိုက်ပါ။ ဘာမှမလုပ်ပဲ ဒီအတိုင်းပဲထားလိုက်ပါ။ အချိန်ပေးလိုက်ပါ။ အချိန်ကာလတခု ကျော်လွန်ပြီးတဲ့အခါ အရာရာဟာ ပြန်လည်ကြည်လင် သွားပါလိမ့်မယ်။

-----------------

(မူရင်းဖန်တီးသူ၊ ဘာသာပြန်သူ၊ မျှဝေသူ အားလုံးကို ကျေးဇူးတင်ပါသည်။)

Saturday, August 13, 2016

ဆေးပညာရှင်များသို့ ရည်ရွယ်ဟောကြားထားသော ပါမောက္ခချုပ်ဆရာတော်ကြီး၏ တရားတော်


ဆေးတက္ကသိုလ် (မန္တလေး)မိသားစု၏ ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဩဝါဒ ခံယူပွဲကို ဂျူလိုင်လ ၂၆ ရက်၊ ၂၀၁၆ ခုနှစ် တွင် အောင်ပင်လယ်ခန်းမ၌ ကျင်းပပြုလုပ်ရာတွင် "ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ"မှ ဟောကြားသည်ကို ပြန်လည်ကူးယူ တင်ပြပါသည်။
(စောသဇင် (မန္တလေး)နှင့် Dimple Mit ဆိုသူအား ကျေးဇူးတင်ပါသည်။)

=======================

မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်

=======================

ဒီကနေ့ ဆေးပညာရပ်ကို သင်ယူနေကြတဲ့ ကောင်းသားကျောင်းသူများဟာ ဆေးပညာနဲ့ ဘဝခရီးကို လျှောက်လှမ်းနေကြတဲ့ ဆရာ ဆရာမများဟာ လုပ်ငန်းသဘောအရပြောမယ်ဆိုရင် မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်တွေလို့ ဆိုရမယ်။ ဘာလို့လဲဆိုရင် ဆရာ၊ ဆရာမများဆီက ဒီပညာကို သင်မယ်လို့စဉ်းစားတဲ့ အချိန်မှာ ဆေးပညာရပ်ဟာ မေတ္တာကို အခြေခံပြီးသင်ယူရတာဖြစ်တယ်။ မေတ္တာနဲ့ လုပ်ဆောင်ပေးရတာဖြစ် တယ်။ မေတ္တာရှေ့သွားရှိတဲ့ အတတ်ပညာကို သင်ယူမယ်ဆိုပြီးတော့ ပထမဆုံး ဒီပညာရပ်ကို သင်ယူဖို့ ရွေးချယ်ရတယ်။ တကယ်ကြည့်မယ်ဆိုရင်လည်း လုပ်ငန်းဟာ ဆင်းရဲဒုက္ခရောက်နေတဲ့ ရောဂါဝေဒနာခံစားနေရတဲ့ပုဂ္ဂိုလ်တွေအတွက် ရောဂါဝေဒနာကနေ သက်သာပျောက်ကင်းသွားအောင် ကုသပေးမယ်ဆိုတဲ့ပညာရပ်ဟာ အင်မတန်မှ မြင့်မြတ်တဲ့ပညာရပ်သာဖြစ်တယ်။

အဲဒါကို မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေထဲမှာ မြင့်မြတ်တယ်လို့ ဘာကြောင့်ပြောရသလဲဆိုတော့ ရောဂါခံစားနေတဲ့ သတ္တဝါတွေအပေါ်မှာ ဖြစ်သင့်ဖြစ်ထိုက် ကောင်းမြတ်တဲ့ ကူညီစောင့်ရှောက်မှုကို ပေးမှာဖြစ် သောကြောင့် မြင့်မြတ်တယ်လို့ ဆိုနိုင်တယ်။ မေတ္တာမရှိပဲ ကရုဏာမရှိပဲ ဒီလုပ်ငန်းကို မလုပ်နိုင်ဘူး။ ဒါကြောင့်မို့ မေတ္တာ၊ ကရုဏာကို အခြေခံတယ်ဆိုကတည်းက မြင့်မြတ်တဲ့နှလုံးသားနဲ့ လုပ်ဆောင်တဲ့အလုပ်လို့ ပြောနိုင်တယ်။ ဒီမြင့်မြတ်သောနှလုံးသားမျိုး ရင်ထဲမှာ ပုံဖော်ထားဖို့ ခိုင်မာအောင် လေ့လကျင့်ထားဖို့ အင်မတန်မှ အရေးကြီးတယ်ပေါ့။ ဆေးပညာနဲ့ပတ်သက်ပြီး မြတ်စွာဘုရားဟောကြားထားတာ တစ်ခုရှိတယ်။ မကျန်းမမာပုဂ္ဂိုလ်ကို ကျန်းမာအောင် စောင့်ရှောက်တာနဲ့ပတ်သက်ပြီး မြင့်မြတ်တဲ့နှလုံးသားနဲ့ အသိပညာဟာ ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာ ဟောထားတယ်။ သတ္တဝါတွေ ရောဂါဖြစ်နေတဲ့ပုဂ္ဂိုလ်ကို ကူညီစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ဟာ -

နံပါတ်(၁) ဆေးအကြောင်းနားလည်ရမယ်။

ရှေးခေတ်က အဆင်သင့်ဖော်ထားတဲ့ဆေးနဲ့ကုတာမဟုတ်ဘူး။ သဘာဝ တောတောင်က သစ်မြစ်၊ သစ်ဥ၊ သစ်ခေါက် ဆိုတာတွေကနေပြီးတော့ ဆေးထုတ်လုပ်ပြီးကုရတယ်။ ဆေးကို ဖော်စပ်စွမ်းနိုင်ရမယ်လို့ ဟောထားတယ်။ ယနေ့ခေတ်မှာတော့ ဆေးကို ဖော်စပ်တာဆိုတာထက် ဆေးကို ဘယ်ရောဂါနဲ့ ဘယ်ဆေးဆိုတာ တွဲဖက်သိနိုင်စွမ်းရှိရင်ကို လုံလောက်တဲ့အတိုင်းအတာတခုရှိနေပြီဖြစ်တယ်။

နံပါတ်(၂)က ရောဂါနဲ့တည့်မတည့် လူရဲ့ကျန်းမာရေးအတွက် အကျိုးဖြစ်မဖြစ်ကြည့်တတ်ရမယ်။ မတည့်တာကို ဖယ်ရှားဖို့ တည့်တာကို ညွှန်ကြားမယ်။ အကျိုးမဲ့မယ့်အရာကို ဖယ်ရှားပြီး အကျိုးရှိတာကို ညွှန်ကြားမယ်။ ဒါဟာ ဆေးသမားရဲ့ ဆေးပညာသင်ယူမှုမှာ အရေးပါတဲ့အချက်ဖြစ်တယ်။ 

နောက်တတိယတစ်ချက်က

နံပါတါ(၃) ဆေးကုသပေးတယ်လို့ဆိုတာ ရောဂါဖြစ်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို ရောဂါပျောက်ဖို့ဆိုတာ ဒီ ရည်ရွယ်ချက်ကလေးပဲ စိတ်ထဲမှာထားရမယ်။ ရလာမယ့် ဆေးဖိုးဘာညာ စိတ်ထဲမထားရဘူး။ မေတ္တာစိတ်ကလေးနဲ့ပဲထားပြီး ကုရမယ်။ မေတ္တာစိတ်ကလေးကုလို့ ပျောက်လာတဲ့အခါ ဆေးဖိုးဝါးခဆိုတာ တစ်ဖက်သားရဲ့ စေတနာနဲ့ တုန့်ပြန်မှုသာဖြစ်တယ်။ ဒါကြောင့်မို့ ဒီ ဆေးပညာရှင်ဟာ ကုသတဲ့အခါမှာ မေတ္တာစစ်ထားဖို့လိုတယ်။ မြတ်စွာဘုရားက ဒီလိုဟောထားတယ်။ မေတ္တာစိတ်နဲ့ပဲကု။ ဆေးဖိုးဝါးခကို မမျှော်မှန်းနဲ့။

နံပါတ်(၄)က ဆေးပညာတတ်တဲ့ပုဂ္ဂိုလ် လူမမာကို ကြည့်ရှုပေးမယ်ဆိုလို့ရှိရင် ရွံတတ်လို့ရှိရင်မဖြစ်ဘူး။ မရွံတတ်မှဖြစ်မယ်။ လူမမာဆိုတဲ့သဘောတရားက အားလုံးသိပြီးသားဖြစ်ပါမယ်။

နံပါတ်(၅)ကကျ အင်မတန်မှ ပြည့်ပြည့်စုံစုံဟောထားပါတယ်။

ဆေးပညာရှင်တစ်ယောက် လူနာကိုပြုစုစောင့်ရှောက်တဲ့အခါမှာ ပညာရှင်တစ်ယောက်ဟာ အားပေးစကား ပြောတတ်ရမယ်။ အပြောနဲ့လည်းကုတတ်ရမယ်။ လူတစ်ယောက်ကို စိတ်နှလုံးအေးချမ်းသွားအောင် အားပေးစကားပြောတယ်။ Psychotherapy လို့ခေါ်တယ်ပေါ့။ လူတစ်ယောက်ကို စိတ်နှလုံးအေးချမ်းသွားအောင် အားပေးစကားပြောတတ်ခြင်းသည်လည်း အလွန်အောင်မြင်တဲ့ ကုသနည်း တစ်မျိုးပဲနော်။ အဲတော့ မြတ်စွာဘုရားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၆ဝဝ) ခန့်ကတည်းက ဒီအချက်တွေကို ထုတ်ဖော်ဟောခဲ့တယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာရှိတဲ့ ပိဋကတ်သုံးပုံစာအုပ်ထဲမှာကိုပဲ ဒါတွေပါပါတယ်။ 

အဲဒီတော့ ဗုဒ္ဓရဲ့ အဆုံးအမကို ရရှိထားတဲ့ သူတောင်စင်တွေဟာ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း လိုက်နာမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ။ တို့တတွေ သိခွင့်ရပြီးရင် လိုက်နာကြရမယ်လို့ ဘဝမှာ စီးပွားရေးပဲဖြစ်ဖြစ်၊ ပညာရေးပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲဖြစ်ဖြစ် မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း လိုက်နာ ဆောင်ရွက်မယ်ဆိုရင် တကယ်ကို ကြီးမားပြောင်းလဲတဲ့ အကျိုးကျေးဇူးတွေရလာမှာဖြစ်တယ်။

အေး..ဒါကြောင့် ဒီတရားတော်တွေကို လူတွေရဲ့ နှလုံးသားထဲမှာပြန့်ပွားလာအောင် သင်ယူခြင်း၊ ဖြန့်ဖြူးခြင်းဖြင့် လုပ်ဆောင်ကြရမှာဖြစ်တယ်။ သို့သော် ဒီ သင်ယူခြင်း၊ ဖြန့်ဖြူးခြင်းဟာ မြန်မာလူမျိုးတွေရဲ့ နှလုံးသားထဲမှာ အကုန်ဝင်သွားမှာတော့မဟုတ်ဘူး။ ဘာကြောင့် မရောက်သလဲဆိုတော့ ဘာသာစကားရဲ့ အတားအဆီးတစ်ခုကြောင့်လို့ဆိုရမယ်။ မြတ်စွာဘုရားက ပါဠိဘာသာနဲ့ဟောကြားခဲ့တာမို့ အဲဒီဘာသာစကား ရဲ့ ခက်ခဲမှုကြောင့် လူတိုင်းရင်ထဲတော့ ရောက်နိုင်ဖို့ ခဲယဉ်းမှာပေါ့။ အကယ်၍ ဥပမာပြရမယ်ဆိုရင် မြန်မာနိုင်ငံမှာ မြန်မာလိုပြန်ထားတဲ့တရားတော်တွေကို ဖတ်ရှုလေ့လာကျင့်ကြံကြမယ်ဆိုရင် အလွန်တရာမှ တန်ဖိုးမဖြတ်နိုင်အောင် ဖြစ်ပါမယ်။ လက်ရှိတိုးတက်ကြီးပွားရေးတင်မက သံသရာဝဋ်က လွတ်မြောက်စေမယ့် အဆုံးအမတရားတွေမို့ လူတိုင်း လေ့လာနာယူလိုက်နာသင့်လှပါတယ်။ 

ဒီယနေ့ လူ့ဘဝရလာတဲ့အခါ ဘုန်းကြီးတို့နှလုံးသားမှာ မြင့်မြတ်သောနှလုံးသားနဲ့ ကြင်နာတဲ့စိတ်ထားနဲ့ အဲဒီလို စိတ်ထားပြီး လုပ်ဆောင်ကြရမယ်။ အားလုံးသိကြတဲ့အတိုင်းပဲ။ ပါရမီဆယ်ပါးဆိုတာ ဘုရားလောင်းမှ လုပ်ရမှာမဟုတ်ဘူး။ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တိုင်း လုပ်ဆောင်ကြရမှာဖြစ်တယ်။ ဘယ်သူပဲဖြစ်ဖြစ် မြင့်မြတ်သောပုဂ္ဂိုလ်တို့ရဲ့ အလုပ်မို့ မိမိကိုယ်တိုင် ဒီအလုပ်တွေကို လုပ်မယ်ဆိုရင် အလုပ်နဲ့ လုပ်သူ ဒီနှစ်ခုမှာ လုပ်ငန်းက လုပ်သူကို မြင့်မြတ်စေတယ်။ အလုပ်သဘောမှာ လုပ်သူရဲ့ လုပ်ရပ်ကိုကြည့်ပြီး လုပ်ရပ်က လုပ်သူကို မြင့်မားစေတယ်။ လုပ်ရပ်က လုပ်သူကို နိမ့်ပါးသွားစေတယ်။ 

အဲဒါကြောင့် တကယ့်မြင့်မြတ်တဲ့အလုပ်ကို လုပ်ကြမယ်ဆိုရင် မြင့်မြတ်တဲ့အလုပ်ဆိုတာ ဘာတွေလဲဆိုတော့ တကယ်တော့ ဆေးပညာနဲ့ အနီးစပ်ဆုံးဟာ မေတ္တာရယ်၊ ကရုဏာရယ်၊ မုဒိတာရယ်၊ ဥပေက္ခာရယ်ပါပဲ။ သမားအတတ်တတ်ကြတဲ့ပုဂ္ဂိုလ်တို့ဟာ ဒီပညာရပ်ကို သင်ခြင်းအားဖြင့် အများရဲ့ ကျန်းမာမှုဆိုတဲ့ အကျိုးကို မျှော်ကိုးပြီးလုပ်တာသည် မေတ္တာစိတ်။ မကျန်းမမာဖြစ်လာရင် မကျန်းမာမှုကို မကြည့်ရက်လို့ အကြင်နာတရားနဲ့ ကရုဏာစိတ်ထားပြီး ရောဂါဝေဒနာ ပျောက်ကင်းမယ့် နည်းလမ်းပေးတာသည် ကရုဏာလို့ ခေါ်မယ်။ အဲဒီလို ကရုဏာနဲ့ ကုသပေးလိုက်တဲ့ လူမမာတစ်ယောက်ဟာ ကျန်းမာပျော်ရွှင်တဲ့ဘဝရသွားတာကိုမြင်ရတော့ မုဒိတာစိတ်ကလေး ဖြစ်မယ်။ အဲတော့ မေတ္တာကို အခြေခံပြီး ကရုဏာနဲ့ မုဒိတာနဲ့ ဒီလိုမြင့်မြတ်တဲ့နှလုံးသားနဲ့ ဆေးပညာရှင်တွေဟာ သမားတော်တွေဟာ လုပ်ဆောင်ကြရမယ်။ ဒါကလည်း အလွယ်တကူ ဒီစိတ်ကလေးတွေ ဖြစ်ပေါ်စေပါတယ်။ အဲဒီလို အလွယ်တကူဖြစ်လာတဲ့ ဥပေက္ခာတရားနဲ့ပဲ မိမိရဲ့နှလုံးသားကို ထိန်းသိမ်းစောင့်ရှောက်သွားရမှာဖြစ်တယ်။ ဥပေက္ခာတရားဆိုတာ ဘက်လိုက်မှုကင်းရမယ်။ ကိုယ့်အပေါ်မှာ မလိုရင်တမျိုး။ လိုရင်တမျိုးဆိုပြီးပြောင်းလဲတဲ့စိတ်မျိုးမထားပဲ အားလုံးအပေါ်မှာ တစ်သားထဲ ထားပြီး ဆက်ဆံ ကုသပေးရမယ်။ အရပ်ထဲက နားမလည်တဲ့သူတွေကပြောကြတယ်။ ဥပေက္ခာဆိုတာ မပြောမဆိုချင်လို့ ပစ်ထားတာလို့ ပြောကြတယ်။ ဒါ မှားတယ်နော်။ ဒီ ဗြဟ္မဝိဟာရတရားထဲပါတဲ့ ဥပေက္ခာက အများရဲ့ အကျိုးစီးပွားကို အခြေခံထားပြီးမှ နိမ့်ကျလာတဲ့ပုဂ္ဂိုလ်၊ အခက်အခဲကြုံလာတဲ့ပုဂ္ဂိုလ်အပေါ်မှာ မကြည့်ရက်လို့ ကူညီပေးချင်လို့ ကူညီလိုက်တယ်။ ဒါ မေတ္တာအခြေခံတာပဲ။ ဘာတစ်ခုမှ မမျှော်လင့်ပဲ ကူညီလိုက်တာဟာ ဥပေက္ခာပဲ။ 

ဒီလို မေတ္တာနဲ့ ဥပေက္ခာတရားတွေနဲ့ လုပ်ဆောင်မယ်။ ခွဲခြားမှု မပြုပဲ ကူညီတယ်။ ပေးကမ်းတယ်။ ဒါသည်လည်း ဒါနပါရမီပဲ။ သူတို့ကို ထိခိုက်နစ်နာမှုမဖြစ်စေအောင် ရှောင်ရှားပေးခြင်းသည်လည်း ဒါ စောင့်ရှောက်မှုတစ်ခုပဲ။ 

သီလဆိုတာ သူ့အတွက်လား။ ကိုယ့်အတွက်လား။ စဉ်းစားကြည့်ပါ။ သီလဆိုတဲ့ သဘောတရားဟာ ကိုယ့်ပတ်ဝန်းကျင်ကို မထိခိုက်အောင် ကိုယ့်ကိုယ်ကို စောင့်ထိန်းခြင်းပဲ။ ပါဏာတိပါတ ဆိုတဲ့ သူတစ်ပါးအသက်သတ်တာ စောင့်ထိန်းလိုက်ရင် တဖက်သား ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လောက် အန္တရာယ်ကင်းသွားမလဲ။ အဲလိုပဲ ငါးပါးသီလလုံအောင်စောင့်ထိန်းနေထိုင်မယ်ဆိုရင် ကိုယ့်အတွက်ကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ထိခိုက်စရာမလိုတော့ဘူး။ ပတ်ဝန်းကျင်ကိုလည်း စောင့်ရှောက်ပြီးသားဖြစ်သွားပြီနော်။ 

တစ်ခါ ဒါနလုပ်တယ်။ သီလစောင့်ထိန်းတယ်။ ရံခါရံခါ စောင့်ထိန်းရခက်တာမျိုးကျ နိက္ခမပါရမီလိုလာမယ်။ အဲဒီအခါ ပညာပါမှ ပြည့်စုံတော့မယ်။ ပညာရဖို့ ဘာလုပ်ရမလဲ၊ စာများများဖတ်ရမယ်။ လေ့လာရမယ်။ ဒါသည်ပင် ဝီရိယပါလာပြီနော်။ အလုပ်လုပ်တဲ့အခါ အခက်အခဲ မကြုံဘူးမဟုတ်ဘူး။ ကြုံလာမယ်။ ကြုံလာတဲ့အခါ သည်းခံခြင်းဆိုတဲ့ အခက်အခဲတွေကို အောင့်အည်းပြီးသည်းခံတဲ့စွမ်းရည်သတ္တိတွေ လိုလာမယ်။ စိတ်ပျက်အားငယ် နောက်ဆုတ်မသွားပဲ ကျော်လွှားနိုင်ရမယ်။ ကိုယ့်စိတ်ကိုယ် ထိန်းသိမ်းနိုင်မှ အောင်မြင်မယ်။ 

နောက်တစ်ခါ တဖက်သားအပေါ်မှာ သစ္စာရှိမယ်။ ကတိတည်မယ်ဆိုတဲ့ တကယ့်ပညာရှိတွေရဲ့ စိတ်မျိုးနဲ့ လုပ်ဆောင်ရမယ်။ ကိုယ်လုပ်တဲ့အလုပ်ကို စွဲစွဲမြဲမြဲလုပ်မယ်ဆိုတဲ့ အဓိဋ္ဌာန ပါရမီလည်း ပါသွားမယ်။ အဲဒီနောက်ပိုင်းကျ သတ္တဝါတွေရဲ့ အကျိုးကို မိိမိအတွက်ငဲ့ခြင်းမရှိပဲ ကိုယ်ကစပြီးတော့ အများကျိုးအတွက် ပြုလုပ်ချင်တာသည် မေတ္တာပဲ။ ကိုယ်လုပ်ပေးတဲ့ ပုဂ္ဂိုလ်တွေအပေါ် တစ်စုံတစ်ရာ မျှော်လင့်ချက်မထားတာသည် ဥပေက္ခာပဲ။ အဲဒီအခါမှာ မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင်အဖြစ် လုပ်ဆောင်ခြင်းဖြစ်သွားပြီ။ မြင့်မြတ်တဲ့နှလုံးသားနဲ့ လုပ်ဆောင်တာသည်ပင် မြတ်မြတ်သူအဖြစ် ရောက်စေပြီပေါ့။ အေး ဆေးပညာတတ်တဲ့ပုဂ္ဂိုလ်တွေဟာ အချိန်အခါအားလျော်စွာ မြင့်မြတ်တဲ့စိတ်နေသဘောထားနဲ့ လုပ်ဆောင်ကြရမယ်။ 

သာမန်အားဖြင့်ကြည့်လိုက်ရင် အားလုံးကျန်းမာကြပါစေဆိုတဲ့စိတ်က တွေးတယ်။ မကျန်းမာလို့ ဆေးရုံရောက်လာတဲ့သူတွေကို အကြင်နာထားတယ်။ ကုပေးမယ်။ ဒါသည် ကရုဏာစိတ်ဖြစ်မယ်။ ကုပေးလို့ရတဲ့ရောဂါရှိတယ်။ မရတဲ့ရောဂါရှိမယ်။ ကုလို့ရလို့ ကောင်းသွား တဲ့အပေါ် ဝမ်းသာတယ်။ မုဒိတာဖြစ်မယ်။ အေး တစ်ခါတစ်ရံကျတော့ ကုလို့မရတော့ဘူး။ ရောဂါကဆိုးနေပြီဆိုတဲ့အခါ ကရုဏာဖြစ်ပြီးတော့ အစွမ်းကုန်ကုပေး ပြီး မရတော့တဲ့အခါ နောက်ဆုံးမှာ ကံတရားအတိုင်းပဲလို့ ဥပေက္ခာနှလုံးသွင်းထားလိုက်ရမှာပဲ။ 

ပြောရမယ်ဆိုရင် ဒီဆေးပညာရှင်တွေမှာက ဒီဗြဟ္မစိုရ်တရားနဲ့ လည်ပတ်နေတဲ့ အလုပ်ကို လုပ်နေရတယ်။ ဒီစိတ်ဓာတ်တွေထားနိုင်မယ်ဆိုရင်တော့ ကုသိုလ်စိတ်တွေချည်းဖြစ်နေမှာပဲနော်။ မေတ္တာကို အခြေခံထားပြီး ကရုဏာဖြစ်မယ်။ ရောဂါပျောက်ကင်းတော့ မုဒိတာဖြစ်မယ်။ ကုမရတော့ရင် ဥပေက္ခာဖြစ်မယ်။ ဒါသည် မြင့်မြတ်သောနှလုံးသားမှာဖြစ်ပေါ်နေတဲ့ ကုသိုလ်စိတ်တွေချည်းပဲနော်။ ဒီတရားတွေချည်း လွှမ်းမိုးနေတဲ့ဘဝ သည် မြင့်မြတ်တဲ့ဘဝကို ပိုင်ဆိုင်ထားသူသာဖြစ်တယ်။ဒါကြောင့်မို့လို့ မြင့်မြတ်တဲ့ နှလုံးသားနဲ့သာ ကိုယ်လုပ်တဲ့ အလုပ်တိုင်းကို တည်ဆောက်တော့မယ်လို့ သံဓိဋ္ဌာန်ချလို့ ကြိုးစားသွားမယ်ဆိုရင် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာကြမှာမလွဲဘူးလို့ ဟောပြောရင်းနဲ့ အားလုံးလည်း မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်များ ဖြစ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု။
စောသဇင်(မန္တလေး)
Credit : Dimple Mit

Tuesday, August 2, 2016

မျောက်ကုန်သည်


တစ်ရံရောအခါက ရွာတစ်ရွာတွင် လူတစ်ယောက်ရောက်လာပြီး မျောက်တစ်ကောင် ငွေ ၅၀၀၀ နှင့် ဝယ်မည်ဟု ကြေငြာသည်။
ရွာသားများလည်း မျောက်ပေါသည့်နယ်ဖြစ်သဖြင့် တောထဲသွားပြီး မျောက်ဖမ်းကြသည်။
ထိုလူလည်း မျောက်ကောင်ရေ ထောင်ချီပြီး တစ်ကောင် ၅၀၀၀ နှုန်းဖြင့် ဝယ်လိုက်သည်။
မျောက်များ အလွယ်တကူ ဖမ်းမရတော့ချိန်တွင် ရွာသားများလည်း ဆက်မဖမ်းတော့ပေ။