သူများပါးစပ်မှာ လမ်းမဆုံးပါစေနဲ့


ဒီနှစ် (၂၀၁၆) ဘောလုံးသမားအပြောင်းအရွှေ့မှာ ထူးထူးခြားခြား သတိထားမိနေတာလေး ရှိပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားနှစ်ယောက်အကြောင်းပါ။ တစ်ယောက်က ပြင်သစ်ကစားသမား "ပေါ့ဘာ"၊ နောက်တစ်ယောက်က ဘယ်ဂျီယံတိုက်စစ်မှူး "လူကာကူ"။ ဘာလဲဆိုတော့ သူတို့နှစ်ယောက်ကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က အသင်းမှာ အသုံးမဝင်လောက်ဘူး အမှတ်နဲ့ လွယ်လွယ်ကူကူ လက်လွှတ်ခဲ့တဲ့ အသင်းဟောင်းတွေက ခုချိန်မှာ ခြေစွမ်းက တအားတက်လာတော့ စျေးကြီးကြီးပေးပြီး ပြန်ခေါ်နေရတယ် ဆိုတာပါပဲ။ ဒါက ဘောလုံးလောကမှာတော့ သိပ်အဆန်းတကျယ် မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါလေးကနေ ဆက်ပြီး အတွေးပွါးမိပါတယ်။

ပေါ့ဘာကို မန်ယူက သူ့ရဲ့လက်ရှိအသင်းဆီ အခမဲ့ပြောင်းခွင့် ပေးခဲ့တာပါ။ အဲဒါကို ဆုံးဖြတ်ခဲ့သူက လူငယ်ကစားသမား မွေးထုတ်တဲ့နေရာမှာ သိပ်ထူးချွန်ပါတယ်ဆိုတဲ့ ဂန္တဝင်နည်းပြကြီး "ဖာဂူဆန်" ဖြစ်ပါတယ်။ လူကာကူကို သူ့လက်ရှိအသင်းဆီ ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့သူက ဒီခေတ်ရဲ့ အတော်ဆုံးနည်းပြအဖြစ် သတ်မှတ်ခံထားရတဲ့ "မော်ရင်ညို" ဖြစ်ပါတယ်။

ခပ်ငယ်ငယ်က ဖတ်ဖူးတာလေးတစ်ခု သွားသတိရပါတယ်။ ရုပ်ရှင်မင်းသား (ဦး)ဝင်းဦး သရုပ်ဆောင်လောကထဲ စပြီးဝင်တော့မယ်ဆိုတဲ့အချိန်မှာ မင်းသမီးကြီးတစ်ယောက်က ဆရာကြီးဦးသုခဆီ ခေါ်သွားပါတယ်။ ဆရာကြီးက တစ်ချက်ကြည့်လိုက်ပြီး ဘာပြန်ပြောလဲဆိုတော့ ဒီလိုနှုတ်ခမ်းမွှေးစစရှိတဲ့သူက မင်းသားဖြစ်ဖို့ မလွယ်ပါဘူး ဆိုပြီး ငြင်းလိုက်ပါသတဲ့။ ဒါပေမယ့် အဲဒီနှုတ်ခမ်းမွှေးစစနဲ့ (ဦး)ဝင်းဦးတစ်ယောက် ကြိုးစားလိုက်တာ သူ့ခေတ်ရယ်လို့တောင် ဖြစ်လာတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

ဒါ ဖာဂူဆန် တို့ ဆရာကြီးဦးသုခတို့ကို ပုပ်ခတ်တာ မဟုတ်ပါဘူး။ သူတို့ဟာ ဘယ်လိုလူတွေဆိုတာ ပြောပြနေစရာလည်း မလိုပါဘူး။ ပြောချင်တာက ဘာလဲဆိုတော့ ကိုယ်ယုံကြည်ရာ လုပ်တဲ့အခါမှာ လူတစ်ယောက်ရဲ့ မှတ်ချက်နဲ့တော့၊ အဲဒီလူက ဘယ်လိုလူမျိုးကြီးပဲ ဖြစ်နေပါစေ၊ ကိုယ်လျှောက်မယ့်လမ်းကို အဆုံးမသတ်လိုက်ဖို့ပါပဲ။

  • အလုပ်အင်တာဗျူးတစ်ခုမှာ အငြင်းခံရင် ခံရမယ်၊
  • ကိုယ့်ကို မိသားစုက အလကားကောင်ဆိုပြီး အထင်သေးရင် သေးမယ်၊
  • အတန်းထဲက ဆရာက ဒီကောင်တော့ ဖြစ်ထွန်းမယ့်ကောင် မဟုတ်ဘူးလို့ မှတ်ချက်ချတာ ခံရင် ခံဖူးလိမ့်မယ်၊
  • အလုပ်မှာ အထက်လူကြီးရဲ့ ဆိုးဝါးတဲ့မှတ်ချက်မျိုး ကြုံချင်ကြုံဖူးလိမ့်မယ်။
အဲဒီအခါတိုင်းမှာ ဒါလေးကို သတိရစေချင်တာပါ။ အဲဒီလို ကိုယ့်ကို ဆုံးဖြတ်ပေးလိုက်သူတွေဟာ သူတို့နယ်ပယ်မှာ ဖာဂူဆန်တို့ မော်ရင်ညိုတို့ ဘဘဦးသုခတို့လောက် ခမ်းနားနိုင်ပါဦးမလား။ ဒီဆရာကြီးတွေရဲ့ ထင်မြင်ချက်တွေကိုတောင် ဒီလူငယ်တွေ ပြောင်းပြန်လှန်ပစ်နိုင်သေးတယ်ဆိုရင် ကိုယ်ရော ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ဒီလိုတွေးစေချင်ပါတယ်။

ကိုယ့်ကို အလုပ်ခန့်ဖို့ ငြင်းလိုက်တဲ့ အဖွဲ့အစည်းက တလေးတစားနဲ့ ပြန်ကမ်းလှမ်းရတဲ့အထိ၊
ကိုယ့်ကို အထင်သေးခဲ့တဲ့ မိသားစု ကိုယ့်ကြောင့် ခေါင်းမော့ရင်ကော့ရတဲ့အထိ၊
ကိုယ့်ကို နှိမ်ချပြောဆိုခဲ့တဲ့ အထက်လူကြီးအတွက် အဲဒီလိုပြောမိတာဟာ သူ့ဘဝရဲ့အကြီးမားဆုံးနောင်တ ဖြစ်နေတော့မယ်အထိ ကြိုးစားနိုင်ဖို့ လိုပါတယ်။

လူတစ်ယောက်ဟာ အမြဲတမ်း ရှုံးနိမ့်မနေပါဘူး။
လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ အားသာချက်တွေ ရှိကြပါတယ်။
ကိုယ်ဟာ ကျောင်းစာမှာ မထူးချွန်ပေမယ့် အနုပညာမှာ အောင်မြင်ချင်အောင်မြင်လိမ့်မယ်။
ကိုယ်ဟာ စီးပွါးရေးလောကမှာ ရှုံးနိမ့်ခဲ့ပေမယ့် လူမှုရေးနယ်ပယ်မှာ ထင်ပေါ်ချင်ထင်ပေါ်လာလိမ့်မယ်။
ကိုယ်ဟာ ဆရာဝန်အလုပ်မှာ မအောင်မြင်ပေမယ့် စီမံခန့်ခွဲမှုနယ်ပယ်မှာ ထိပ်တန်းရောက်ချင်ရောက်လိမ့်မယ်။

နေရာတစ်ခုမှာ ရှုံးနိမ့်လိုက်တာနဲ့ ငါဟာ ဘယ်နေရာမှ သုံးမရတော့မယ့်လူလို ကိုယ့်ကိုယ်ကိုယ် မခံစားကြဖို့ လိုပါတယ်။ ကိုယ်ဘယ်နေရာမှာ အားသာလဲ၊ အဲဒါကို ချွန်သထက်ချွန်အောင် သွေး။ ဒါဆို ကိုယ်နဲ့ ထိုက်တန်တဲ့နေရာတစ်ခုကို အချိန်တန်တဲ့အခါ ရလာပါလိမ့်မယ်။
တစ်ယောက်ယောက်ရဲ့ ထင်မြင်ချက်ကြောင့် စိတ်ဓါတ်ကျမိတော့မယ့်အခါတိုင်း သတိရပေးပါ။
အဲဒီလူက ‘ဦးသုခ’ မဟုတ်ပေမယ့် ကိုယ်ကတော့ ‘ဝင်းဦး’ ဖြစ်နိုင်ပါတယ်။ 
ခါးသီးမှုတွေကို ‘အောင်မြင်မှုအတွက်တွန်းအား’ အဖြစ် ပြောင်းလဲပစ်နိုင်ဖို့ပဲ လိုတာပါ။
ဘယ်သူသတ်မှတ်ပေးလာတဲ့ ‘မင်းရှုံးပြီ’ ဆိုတဲ့စကားကိုမှ နားမယောင်ပါနဲ့။ 
ဘဝဆိုတာ ကိုယ်အရှုံးပေးမှ တကယ်ရှုံးတာပါ တဲ့။

ဒေါက်တာဖြိုးသီဟ
၃.၈.၂၀၁၆
Title credit

Zaw Nyein Aye

Instagram