Friday, March 3, 2017

မောင်လှမျိုး (ချင်းချောင်းခြံ) ၏ "ကိုယ်ရည်သွေး"


ကိုယ်ရည်သွေး
~~~~~~~~~~~~~~~~~~~~~~~

ချစ်တယ်...လို့
ပြောလိုက်ကတည်းက
ကမ္ဘာ တဝှမ်းလုံးမှာရှိတဲ့
မြတ်နိုးစရာ အလုံးစုံကို
မင်းအတွက်
ပေးဆပ်လိုက်တာပါ ။


ဘယ်သူ့ဆီမှာမှ
ဦးမညွှတ်ခဲ့တဲ့...ချစ်ခြင်း
ဘယ်သူ့ထံမှာမှ
မတောင်းခံခဲ့တဲ့...မျှော်လင့်ခြင်း
ဘယ်သူ့အတွက်မှ
မထွင်းထုခဲ့တဲ့...ကြိုးပမ်းခြင်း
အားလုံးရဲ့အစုအစည်းနဲ့
မင်းကို ပေးအပ်ခဲ့တာပါ ။

"ကမ္ဘာနှစ်ခြမ်း ကွဲသွားခဲ့ရင်တောင်
မင်းရှိတဲ့ ဘက်ခြမ်းမှာသာ
ငါ...ရှင်သန်ပါရစေ "

သစ်ရွက်မကြွေဖို့ ...နွေကို တားဆီးလို့မရ
မိုးစက်မခြွေဖို့ ...ကောင်းကင်ကို တားဆီးလို့မရ
နှင်းပွင့်မဝေဖို့ ...ဆောင်းကို တားဆီးလို့မရ
ရနံ့မသင်းဖို့ ...ပန်းကို ပိတ်ပင်လို့မရသလိုမျိုး
မြတ်နိုးလွန်းတဲ့ ငါ့ချစ်ခြင်း
ဘာနဲ့ ပစ်ခွင်းမလဲ...မင်း ။

ကမ္ဘာ ပျက်သုဉ်းခဲ့ရင်တောင်
ချစ်ခြင်းရဲ့
အငွေ့အသက်...အရှိန်အဟုန်နဲ့
နောက်ထပ် ကမ္ဘာသစ်တစ်ခု
(သဘာဝတရားက)
အလိုလို ထွင်းထုနိုင်ဦးမယ် ။

ယုံပါ ...
အချစ်နဲ့လွတ်ကင်းတဲ့ လူ့ကမ္ဘာ
ဘယ်ဆီမှာမှ...မရှိ ။ ။

မောင်လှမျိုး(ချင်းချောင်းခြံ)
No automatic alt text available.