Tuesday, March 28, 2017

ရလဒ်ထွက်တဲ့သူ ဖြစ်ဖို့


ရေးသူ - ဒေါက်တာ ဖြိုးသီဟ

ဘောလုံးနဲ့ပတ်သက်တဲ့ ပွဲအပြီးသုံးသပ်ချက်တွေ ဖတ်ရင်းဖတ်ရင်းနဲ့ စဉ်းစားမိလာတာ တစ်ခုရှိတယ်။

ဆိုပါတော့၊ နည်းပြတစ်ယောက်က လူစားလဲလိုက်တယ်။ သူကတော့ အကောင်းဆုံးဖြစ်မယ် ထင်တာကို ဆုံးဖြတ်ပြီး လုပ်လိုက်တာပဲ။ ဒါပေမယ့် ဒီကစားသမားက ဂိုးသွင်းလိုက်လို့ အသင်းအနိုင်ရသွားတယ်ဆိုရင် ဟာ ဒီနည်းပြ တော်လိုက်တာ၊ ဘယ်လိုဆုံးဖြတ်ချက်မှန်တယ် ပေါ့။ အကယ်၍များ သူက ကိုယ့်ဂိုးကိုယ်သွင်းလိုက်တယ်၊ သူ့ကြောင့် အသင်းက ရှုံးနိမ့်သွားတယ်ဆိုရင်တော့ နည်းပြကို အပြစ်တင်ကြလိမ့်မယ်။



လူတစ်ယောက်အတွက် မဖြစ်မနေ အရေးကြီးတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခု၊ Career တစ်ခုကို ရွေးချယ်တဲ့အခါ၊ အလုပ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေချတဲ့အခါမှာလည်း ဒီလိုပဲပေါ့။

ကိုယ်က ဘယ်သူ့စကားမှ နားမထောင်ဘဲ ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်မယ်။ အောင်မြင်သွားတဲ့အခါ ခင်ဗျားဟာ ဝေဖန်မှုတွေကို ဂရုမစိုက်တတ်ဘူး၊ ကိုယ်ယုံကြည်ရာကို လုပ်တယ်၊ အဲ့လိုကိုယ့် Passion နောက်ကိုပဲ လိုက်လို့ အောင်မြင်တယ်ဆိုပြီး စာအုပ်တွေက ရေးကြလိမ့်မယ်။

ရှုံးနိမ့်သွားရင်တော့ ခင်ဗျားဟာ တစ်ယူသန်တယ်၊ ဘယ်သူအကြံပေးတာမှ လက်မခံတတ်ဘူး၊ စသဖြင့် ဝေဖန်မှုတွေ ရောက်လာလိမ့်မယ်။

ကိုယ့်ရဲ့ ဆုံးဖြတ်ချက်က အများစုထဲကနေ ဖောက်ထွက်လိုက်တယ်။ အောင်မြင်သွားရင် ကိုယ့်ကို အသစ်အဆန်းတီထွင်သူအဖြစ်နဲ့ ချီးကျူးမယ်၊

ရှုံးနိမ့်သွားရင်တော့ ဦးနှောက်မရှိတဲ့သူအဖြစ် ကဲ့ရဲ့ကြမယ်။

အောင်မြင်တဲ့အခါ စတိဗ်ဂျော့ဘ်စ် ဖြစ်ပြီး မအောင်မြင်တဲ့အခါ လူမသိ သူမသိ ဘဝနဲ့ အဆုံးသတ်ရမယ်။ အောင်မြင်သူတွေအကြောင်း ရေးထားတဲ့ တက်ကျမ်းစာအုပ်တွေ ဆိုတာ ဒီသဘောပဲ၊ အောင်မြင်တာမြင်ပြီးမှ သူတို့ဖြတ်သန်းရာလမ်းကြောင်းကို နောက်ပြန်ဆွဲကြည့်ပြီး လူတွေအသိတစ်ခုရအောင် ပြောပေးနေကြတာပဲ။ ဒါကြောင့် တက်ကျမ်းတွေကို ဖတ်ကြည့်လိုက်ရင် တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတာတွေ အများကြီးတွေ့ရလိမ့်မယ်။

ဆိုလိုတာက လူတွေဟာ အကဲဖြတ်ကြတဲ့အခါမှာ ရလဒ်ကိုပဲ ကြည့်ကြတယ်။ ကြောင်ဖြူတာ မည်းတာ အရေးမကြီးဘူး၊ ကြွက်မိဖို့သာ လိုရင်း ဆိုတာမျိုးပေါ့။

အဲဒီတော့ ရှင်းပါတယ်၊ လူတွေရဲ့ ဝေဖန်ပြစ်တင်တဲ့ ပါးစပ်တွေကို မမိ မိအောင်ဖမ်းလာတဲ့ ကြွက်တွေနဲ့ပဲ ပိတ်လို့ရလိမ့်မယ်၊၊

ဒါဖြင့် အောင်မြင်ရင်ပြီးရောလား။

ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဓါတ်မျိုးနဲ့ သစ်တွေခုတ်၊ လာဘ်တွေပေး၊ ခရိုနီလုပ်ပြီး လက်ဖျားငွေသီး၊ လုပ်ချင်ရာ လုပ်ခွင့်ရနေရင်ရော ပျော်မှာလား။

စပွန်ဆာတွေရှာ၊ သူများမိသားစု ပြိုကွဲချင်ကွဲပါစေ၊ နာမည်ကြီးဖို့ ဘာမဆိုလုပ်ရင်း အောင်မြင်လာတဲ့ မင်းသမီးတစ်ယောက်က ကိုယ်ဆိုရင်ရော ဘယ်လိုနေမလဲ။

ပျော်တဲ့သူရှိမယ်၊ မပျော်တဲ့သူလည်းရှိမယ်။

ဘာလို့ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတာချင်း မတူလို့ပဲ။

ကိုယ်ဘာကိုတန်ဖိုးထားသလဲ ဆိုတာက ကိုယ်ရှင်သန်ကြီးပြင်းရာ ပတ်ဝန်းကျင်၊ ဖတ်ခဲ့တဲ့စာအုပ်တွေ၊ ဒါတွေနဲ့လည်း ဆိုင်တယ်။

ငယ်ငယ်ကတည်းက မိဘမဲ့ပြီး လမ်းပေါ်မှာ ကျင်လည်ခဲ့ရတဲ့ လူတစ်ယောက်အတွက် သူရှင်သန်ရေးသာ အဓိကပဲ။ ရိုးသားဖို့၊ အများကို ညှာတာဖို့တွေ သူ့ခေါင်းထဲရှိချင်မှရှိမယ်။

ရသစာပေတွေကတစ်ဆင့် အများအကျိုးပြုနိုင်မှုကို တန်ဖိုးထားတတ်လာသူကလည်း သူ့အလုပ်အကိုင်ကို ရွေးတဲ့အခါမှာ ဆရာဝန်လို၊ ကျောင်းဆရာလို အလုပ်မျိုးရွေးမှာပဲ။ သူ့ကို ဝင်ငွေ ဒီထက်ပိုကောင်းတဲ့အလုပ်မျိုး လုပ်ပါ သွားပြောလို့ မရဘူး။

ဒီလိုပဲ၊ ရိုးသားမှုကို တန်ဖိုးထားတဲ့သူကလည်း မရိုးသားရင် သူဘာမှမလုပ်ဘူး၊ အောင်မြင်ဖို့အတွက်နဲ့ အများကို ချမနင်းဘူး။

ဘာလို့ဆိုတော့ သူတစ်ပါးအမြင်မှာ အောင်မြင်လာလည်း အဲဒီအောင်မြင်မှုအတွက် ကိုယ်ပျော်ရွှင်ရမှာ မဟုတ်လို့ပဲ။

ဒါကြောင့် အောင်မြင်ဖို့လိုတာတော့ မှန်ပေမယ့် အဲဒီအောင်မြင်မှုဟာ ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ထင်ဟပ်နေဖို့လည်း လိုတယ်။ အနည်းဆုံးတော့ ဆန့်ကျင်ဘက် မဖြစ်ဖို့ လိုမယ်။ မဟုတ်ရင် အဲဒီအောင်မြင်မှုက အရသာရှိမယ် မဟုတ်ဘူး။

ဘယ်သူနဲ့မှလည်း သွားတိုင်းမနေနဲ့၊ သူလည်း သူ့တန်ဖိုးနဲ့သူ၊ ကိုယ်လည်း ကိုယ့်တန်ဖိုးနဲ့ကိုယ်၊၊

နောက်တစ်ခုက ခုနကပြောတဲ့ နည်းပြဥပမာဆီ ပြန်သွားမယ်။ နည်းပြတစ်ယောက် ချမှတ်လိုက်တဲ့ဗျူဟာ မှန်မမှန် ဆိုတာကို ပွဲရလဒ်နဲ့ တိုင်းတယ်။ နိုင်ရင် ချီးကျူးခံရမယ်၊ ရှုံးနိမ့်ရင် ဝေဖန်ခံရမယ်။

ဒီနေရာမှာ စဉ်းစားစရာ ဖြစ်လာတယ်။ နည်းပြတိုင်းကတော့ အကောင်းဆုံးဖြစ်မယ်ထင်တာကို လုပ်ကြတာပဲ။ နည်းပြတိုင်းလည်း မှားဖူးကြတာပဲ။ ဒီထဲကမှ အမှားအနည်းဆုံးတချို့က အောင်မြင်တဲ့နည်းပြတွေအဖြစ် နာမည်ကြီးလာတယ်။

ဒါဖြင့် ဆုံးဖြတ်ချက်မှန်ဖို့ ဘာလိုသလဲ။

အလိုအပ်ဆုံးနှစ်ခုကို ပြောရရင် Vision နဲ့ Information

ဘီလ်ဂိတ်စ်တို့၊ စတိဗ်ဂျော့ဘ်စ်တို့ ဖြစ်လာတာ အနာဂတ်မှာ ဘာဖြစ်လာနိုင်တယ်ဆိုတာ ကြိုမြင်နိုင်လို့ပဲ။

နောက်တစ်ခုက သတင်းအချက်အလက်။

မိန်းကလေးတစ်ယောက် ကိုယ့်ကိုချစ်ခွင့်လာပန်သူကို အဖြေပြန်ပေးတာနဲ့ပဲ စဉ်းစားကြည့်။ သူ့အကြောင်းများများသိလေ၊ ကိုယ့်ဆုံးဖြတ်ချက် မမှားလေပဲ။

တန်ဖိုးထားမှုအပေါ် အခြေခံပြီး ရွေးချယ်မှုတွေ၊ ဆုံးဖြတ်ချက်တွေဖြစ်လာတယ်။ အဲဒီကနေမှ ရလဒ်တွေ ထွက်လာတယ်။ အဲဒီထွက်လာတဲ့ ရလဒ်အပေါ် မူတည်ပြီး အောင်မြင်သူလား၊ ကျရှုံးသူလား ဆိုတာကို လူတွေက တံဆိပ်ကပ်ကြလိမ့်မယ်။

နိုင်ရင် ချီးကျူးမယ်၊ ရှုံးရင် ဝေဖန်မယ်၊ ပြောရရင် ဒါ လူတိုင်းကြုံရတဲ့ လောကဓံပဲ၊၊ ပြောရရင် ဝေဖန်တာ၊ ချီးကျူးတာက သူတို့အလုပ်။ ကိုယ့်အလုပ်ကတော့ အကောင်းဆုံးဖြစ်မယ် ထင်တာကို ရွေးချယ်နိုင်ဖို့ပဲ။

အဲဒီရွေးချယ်မှုတွေကပဲ ကိုယ့်နာမည် ဘယ်လိုကျန်ခဲ့မှာလဲ ဆိုတာကို အဆုံးအဖြတ်ပေးမှာပါ။

ဒါကြောင့် ရွေးချယ်မှုတစ်ခုလုပ်တိုင်းမှာ အနည်းဆုံးတော့ ဒီ(၃)ချက်ကို အမြဲသတိရပါ။

  1. ကိုယ်ဘာကိုတန်ဖိုးထားသလဲ ဆိုတဲ့ Value ရယ်၊ 
  2. ခေတ်က ဘာဖြစ်လာနိုင်တယ် ဆိုတဲ့ Vision ရယ်နဲ့ 
  3. သတင်းအချက်အလက် Information ရယ်ပဲ ဖြစ်ပါတယ်။


ဒေါက်တာ ဖြိုးသီဟ

၇.၁.၂၀၁၇ (004/17)