Thursday, May 18, 2017

အားနာလှပါသည် မြတ်စွာဘုရား အပိုင်း (၁)

မူရင်းရေးသူကို ကျနော် အတိအကျ မသိပါ။ ဗုဒ္ဓဘာသာဝင်များအတွက် တွေးတောဆင်ခြင် ပြုပြင်စရာများ ပါလို့ မျှဝေလိုက်ပါတယ်။
Buddha

ဗုဒ္ဓဘာသာဟု အမည်ခံကြကုန်သော များစွာသော လူတို့သည် မြတ်စွာဘုရားကို
သိလျှက်ဖြင့်သော်လည်းကောင်း၊ တုံး အ ဉာဏ်ပညာမရှိ၍သော်လည်းကောင်း ဘုရားရှင်၏ အဆုံးအမတို့အား ဆန့်ကျင်စော်ကားနေကြပါသည် ဘုရား။

(၁)
မိဘရင်းတို့သည် လုံချည်ပုဆိုးဖြင့် ဖြစ်စေ၊ ဘောင်းဘီဝတ်ထားသည်ဖြစ်စေ
အဝတ်အစားပြောင်းရုံမျှဖြင့် လူသည်မပြောင်းမလဲပဲ မိဘပင်ဖြစ်သကဲ့သို
ဘုရားရှင်အားရည်မှန်းပူဇော်သော ဆင်းတုသည် ကျောက်ဆင်းတု၊ ကြေးဆင်းတု၊ သစ်သားဆင်းတု ဟူ၍ အမျိုးမျိုးပြောင်းလဲသည်ဖြစ်စေ၊ ရှေးဘုရင်များ ညံ့ဖျင်း၍ ဗေဒင်ဆရာ ပုဏ္ဏားတို့ပယောဂကြောင့် တနင်္လာ-ကျား၊ အင်္ဂါ -ခြင်္သေ့၊ ဗုဒ္ဓဟူး-ဆင် စသည်ဖြင့် ဘုရားထားရာအရပ်ကွဲပြားစေကာမူ ဘုရားမှာ တစ်ဆူထဲ ဖြစ်သော်လည်း ဘုရားလာသော လူများ၏ ၉၀% မှာ တိရိစ္ဆာန်အကောင်ကိုရွေး၍သာ ထိုနေ့ ထိုဂြိုလ်ရှိ ဘုရားကိုသာရွေးချယ်၍ ပူဇော် ရှိခိုးကြကုန်ပါသည်ဘုရား။

(၂)
မည်သည့် ဘာသာမဆို မြင့်မြတ်သည်ဟု ယူဆသော ဘာသာရေးနေရာတို့တွင် တိရိစ္ဆာန်တို့အား (၁၂)ရာသီ ထောင်သွင်းအကျဉ်းချထားသည်ကို မတွေ့မကြားရသော်လည်း
မဟာကရုဏာရှင် ဗုဒ္ဓမြတ်စွာဘုရား၏ စေတိီ ပုထိုး ဆင်းတုရုပ်ပွားတော်တို့တွင်
ကျေးငှက်များ၊ ငါး၊ လိပ် စသည်တို့ကို မလူးသာ မလွန့်သာ ပိတ်လှောင်၍ ဆင်းရဲပင်ပန်းစေကာ မိမိစီးပွားအလို့ငှါ ရောင်းချနေကြပါသည်ဘုရား။
ဉာဏ်ပညာနည်းသော လူများစွာတို့မှာလည်း အဆိပ်ပင်ရေလောင်းသလို လူမိုက်အားပေးလုပ်ကာ ဝယ်၍ လွှတ်ကြပြီး တိရိစ္ဆာန် နှိပ်စက်ခြင်း သံသရာ လည်အောင် အားပေးကြပါသည်။
မနက်စောစောဝီရိယထုတ်၍ အမှန်တကယ် သတ်၍ စားခံရအံ့ဆဲဆဲ ငါး၊ ကြက်တို့ကို စျေးတွင် ဒိုင်တွင်သွား၍ ဝယ်ကာ မလွှတ်ကြပါဘုရား။

(၃)
လောကသုံးပါး၏ အမြတ်ဆုံးဖြစ်သော မြတ်စွာဘုရားထက် ဗေဒင်ဆရာ၏ စကားကို
ယုံကြည်သောကြောင့် မိုးတွင်း ရော ဆောင်းတွင်းပါမကျန် မနက်စောစော အချိန်တွင် အားမနာ ပါးမနာ ကိုယ်ချင်းမစာဘဲ သက်ရှိထင်ရှားဘုရားဟု ယူဆကိုးကွယ်သော ဘုရားဆင်းတုများကို
ခိုက်ခိုက်တုန်ချမ်း၍ အအေးမိစေရန် အလို့ငှာ ခေါင်းမှပင် ရေလောင်း၍ သက်စေ့သော်လည်းကောင်း၊ နဝင်းကျသော်လည်းကောင်း ရေလောင်းရေပက်ကြပါသည်ဘုရား။

(၄)
ဗုဒ္ဓမြတ်စွာဘုရားရှင်တို့တွင် လူသာမန် မဆိုထားဘိ ရဟန္တာများ၊ ပစ္စေကဗုဒ္ဓါများ၌ပင် မရှိသော စက္ခု(၅)မျိုးရှိသည်ဆိုသော်လည်း များစွာသောလူတို့သည် သူတို့ကိုယ်တိုင်
နေ့ခင်းဘက် ကားမီးထွန်း၍ မမောင်းဘဲ ဓာတ်မီးထွန်း၍ လမ်းမလျှောက်ပါပဲနှင့် မြတ်စွာဘုရားကိုမူ မျက်စိမွဲသည်ဟု ယူဆ၍ နေ့ခင်းကြောင်တောင် ဆီမီး ဖယောင်းတိုင်ထွန်း၍
သဲထဲ ရေသွန်ကြပါသည် ဘုရား။

(၅)
မြတ်စွာဘုရားရှင်နှင့် အရိယာဖြစ်ပြီးသော ရဟန်းသံဃာတို့သည် မည်သည့်အခါမျှ ဝိနည်းဖောက်ဖျက်ခြင်း မရှိကြသော်လည်း များစွာသော လူတို့သည် မြတ်စွာဘုရားအား အထင်သေး၍ "အပင်ပေါက်နိုင်သော အသီး အနှံများအား ဘုန်းမပေးရ၊ ဘုန်းပေးသုံးဆောင်ခြင်းမရှိ" ဟူသော ဝိနည်းကို မယုံကြည်၍ ဘုရားရှင်အား အုန်းသီးအလုံးလိုက် ငှက်ပျောသီး အခိုင်လိုက်ပါသော "ဘုရားပွဲ" ဖြင့် ပြောင်ပြောင်တင်းတင်း ကိုယ်တော်ရှေ့သို့ ချကာ ကိုယ်တော်မြတ်၏ သီလကို မယုံမကြည် စမ်းသပ်ကြပါသည်ဘုရား။

(၆)
ထို့အပြင် ဂေါတမဘုရားနှင့် ပွင့်တော်မူပြီးဖြစ်သော ဘုရားရှင် အဆူဆူတို့ ဟောကြားသော "တရားဓမ္မများသည် လောကနိယာမအမှန်တရားများ၊ သဘာဝတရားများ" ဖြစ်သည်ကို မယုံကြည်ကြ၍ "အသက်မရှိသော တရားဓမ္မကို လူ နှင့် နတ်တို့ကဲ့သော အစားစားသည့် သက်ရှိ" ဟူ၍ ယူဆကာ အုန်း၊ ငှက်ပျောတို့ဖြင့် အစားအစာများ ပွဲထိုးပူဇော်နေကြပါသည်ဘုရား။

(၇)
ယောက်ကျားမြတ်အင်္ဂါကြီး (၃၂) ချက်၊ လက္ခဏာငယ် (၈၀) ဖြင့် ပြည့်စုံ၍ အတုမရှိ၊ အတူမရှိနိုင်သော မြတ်စွာဘုရားရှင်တို့၏ ဥပဓိရုပ်ကို ဖျက်ဆီးလျက် ပု၊ ကွ၊ ဂုတ် တိုကာ
ဆူမိုနဘန်းသမားလိိုလို ဝဝတုတ်တုတ်ပုံစံထု၍ အသားပိုလိုလို အနာစိမ်းလုံးကြီးများလို
အဘုများပါသော ဒက္ခိဏသာခါ အရုပ်ကိုလည်း မြောက်ပိုင်း မဟာယာနတို့၏ ဘုရားအဖြစ်မှ
ထေရဝါဒ ဂေါတမဗုဒ္ဓဘုရားပါဟူ၍ အရုပ်ဆိုးသော ဘုရားအဖြစ် များစွာသော
ဗုဒ္ဓဘာသာ အမည်ခံ အိမ်တို့တွင် ဘုရားခန်း တွင် နေရာပေးလျက်ရှိပါသည် ဘုရား။

(၈)
မြတ်စွာဘုရား ဟောကြားသော တာဝတိံသာ နတ်ပြည်တစ်ရက်သည် လူ့ပြည်တွင်
အနှစ် တစ်ရာ(၁၀၀) နှင့် ညီမျှသည်ဟူသော စကားကိုလည်း မယုံကြည်ကြပါ ဘုရား။
နတ်ပြည် တစ်ရက်တွင် လူ့ပြည် အနှစ်တစ်ရာဖြစ်သောကြောင့် သင်္ကြန် အကြိမ် (၁၀၀) ကျမည်ဖြစ်ပါသည်။
တစ်ရက်အတွင်း လူ့ပြည် အကြိမ် (၁၀၀) ဆင်းရလျှင် သုဇာတာ တို့ ကဲ့သို့ နတ်မိဖုရား
ရာထောင်များစွာတို့မှာ လွှင့်ပစ်ရတော့မည်ကဲ့သို့ ယုတ္တိယုတ္တာ မရှိပါသော်လည်း ဘုရားဟောသည်ကို မယုံကြည်ကြ၍ များစွာသော ဗုဒ္ဓဘာသာအမည်ခံတို့မှာ
သိကြားမင်း ဆင်းအလာကို အတာအိုးဖြင့် ကြိုဆိုကြကြောင်းပါ ဘုရား။

(၉)
ထို့ပြင် အဿရထိုရ် အာဇာနည်မြင်း အကောင် (၁,၀၀၀) ကသော ရထားကို သိကြားမင်းပိုင်သည်ဟူ၍ မယုံကြည်သောကြောင့် များစွာသော ဗုဒ္ဓဘာသာ အမည်ခံသူတို့မှာ
သိကြားမင်းအား ဘီလူးစီးခိုင်းလိုက်၊ ဂဠုန်စီးခိုင်းလိုက်၊ မြွေနဂါး စီးခိုင်းလိုက်နှင့် သနားစရာ ကောင်းလှပါသည် ဘုရား။

(၁၀)
ဘုရားဟော (၃၁) ဘုံတွင် ဗြဟ္မာ့ပြည် သည် ဒါနကုသိုလ်၊ သီလကုသိုလ်တို့
မည်မျှများအောင် လုပ်လုပ် မရောက်နိုင် မရရှိနိုင်ဘဲ အဆင့်မြင့် သမာဓိ၊ စျာန် အဘိဉာဉ်ရမှ ရောက်နိုင်အောင် အဆင့်မြင့်သည်ဟု ဘုရားရှင် ဟောကြားချက်ကိုလည်း ပြောင်ပြောင်တင်းတင်း စော်ကားနေကြပါသည် ဘုရား။
စော်ကားပုံမှာ ဗြဟ္မာများသည် ခေါင်းပြတ်ကြီးဖြစ်၍ နေ့ (၇) နေ့၏နတ်သမီးများက ထိုခေါင်းပြတ်ကြီးအား အလှည့်ကျကိုင်ထားရပြီး ကိုင်ထားရသော နတ်သမီး ကိုယ်စားပြုသည့် နေ့သည်
သင်္ကြန်အတာစားသည် ဆိုတာ အတာအိုး ထိုး၍ ယတြာချေကြပါသည် ဘုရား။

(၁၁)
ထိုမျှမကသေးပါ ဘုရား။ ဂေါတမဘုရား သာမက ပွင့်တော်မူပြီး ဖြစ်သော ဘုရားရှင် အဆူဆူတို့အားပင်လျင် နာမည်ဖျက်လျှက် စော်ကားကြပါသည်ဘုရား။
ဒီပင်္ခရာ မြတ်စွာဘုရား၊ဝိပဿီဘုရား ဝေဿဘူဘုရား၊ ကကုဿန္ဓဿဘုရား၊ ကောဏာဂမနဘုရား၊ ကဿပဘုရား ဂေါတမဘုရားစသည့် ပွင့်တော်မူပြီးကုန်သော ဘုရားများစွာတို့၏
အမည်တို့ကို မတွေ့ရ မမြင်ရဘဲ မည်သည့်အခါကမှ ဘုရားဟောထဲ မပါရှိသော
လာဘမုနိဘုရား (လာဘ်လာဘ)၊ အဘယမုနိဘုရား( ဘေးကင်းရန်ရှင်း)၊ ဝဋ်ကြွေးကျေ ဘုရား
အကြွေးကျေဘုရား စသည်ဖြင့် ခေါ်ချင်ရာ မိမိဆန္ဒအလျောက် ခေါ်ဝေါ်လျှက်ရှိကြပါသည်ဘုရား။

(၁၂)
မြတ်စွာဘုရား ဟောကြားသည့် ဒါန ကို အဆင့်အတန်းခွဲရာတွင် အလှူခံပုဂ္ဂိုလ်အပေါ် အကျိုးရှိခြင်း အနည်း အများဖြင့် ခွဲခြားသည်ကိုလည်း မယုံကြပါဘုရား။
ဥပမာအားဖြင့် ဆွမ်းသည် တစ်ရက် တစ်နပ် ဆာလောင်မှုပြေပြီး ချမ်းသာသော်လည်း သင်္ဃန်းမှာမူ (၆) လ၊ တစ်နှစ် အဝတ်ချမ်းသာရသောကြောင့် ဆွမ်း အလှူထက် သင်္ဃန်းအလှူက ကြီးကျယ်ပါတယ်။
သင်္ဃန်းထက် နှစ်ပေါင်းများစွာ အကျိုးပြုနိုင်တဲ့ ကျောင်းအလှူ၊ ရေတွင်း ရေကန်အလှူက ကြီးကျယ်တယ်လို့ ဘုရားရှင် ဟောတာ မှတ်သားရပါတယ် ဘုရား။
သို့ သော်ငြားလည်း အလှူခံဖြစ်သော ဘုရားရှင်အား အကျိုးမပြု၊ အသုံးမဝင်သော စက္ကူထီးငယ်များ၊ ဆောင်း၍ သုံး၍ မရသော တံခွန် ကုက္ကား၊ ရွှေထီး ငွေထီးများကို ဘုရားရှင် အပျင်းပြေဆော့ချင်နေဘိအလား ဗေဒင်ဆရာစကားကို ဘုရားရှင်စကားထက် ယုံကြည်သောကြောင့် အကျိုးမဲ့ပြု ပေးလှူနေကြပါသည် ဘုရား။

(၁၃)
မြတ်စွာဘုရား ရှင်သည် တိတ်ဆိတ်ငြိမ်သက်မှုကို မြတ်နိုးတော်မူပြီး အလှူပြုလျင် မကြွားဝါစေရန် ဆုံးမသော်လည်း များစွာသော စေတိီ ဘုရားတို့တွင် တရားထိုင်နေသူ
ဘုရားရှိခိုးနေသူများနှင့် ဘုရားရှင်ပါမကျန် နားငြီး ၍ စိတ်အနှောင့်အယှက်ဖြစ်စေသောငှါ
(၅၀၀, ၁၀၀၀) လှူတန်းသူပါမကျန် နာမည်တပ်ကာ အသံချဲ့ စက်ဖြင့် မပေးနိုင်သောဆုများကို ပေးနိုင်ဘိသကဲ့သို့ လှူသူကျေနပ်စေရန် ဖားကြ၊ အော်ဟစ်ဆုတောင်းကြကြောင်းပါဘုရား။