Thursday, May 18, 2017

အားနာလှပါသည် မြတ်စွာဘုရား (အပိုင်း ၂)


အချို့သော ဗုဒ္ဓဘာသာဝင်များ အပါအဝင် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အချို့ ယုံကြည်ဆောင်ရွက်နေသည်များမှ အမြင်မတော်သည်များကို ထောက်ပြထားသည့် စာစု ဒုတိယပိုင်းအား ဆက်လက် ဖော်ပြပါသည်။
အပိုင်း (၁) ကို ကြည့်ရန် ဤနေရာ ကို နှိပ်ပါ။

(၁၄)
ဂေါတမ မြတ်စွာဘုရားရှင် နှင့် ရှေးဘုရားတို့ အားလုံးသည် မဟာကရုဏာရှင် အနန္တမေတ္တာတရား ကြီးမားသည့် အလျောက် ကိုယ်တော်တိုင်လည်း ဆင် မြင်း နှင့် နွားလှည်းစသည်တို့ကို ဘယ်သောအခါမှ မစီးကြောင်း စာပေကျမ်းဂန် အထောက်အထား ခိုင်လုံစွာရှိပါသည် ဘုရား။
ထို့အပြင် ရဟန်းသံဃာများကိုလည်း နေမကောင်း နာမကျန်းချိန်မှ လွဲ၍ တိရိစ္ဆာန် ဆွဲသော ထမ်းသော ယာဉ်ကို မစီးရန် နှင့် စီးလျှင် အာပတ်သင့်စေရန် အာဏာပြည့်ညတ်ခဲ့သည်မှာ အထင်အရှား ရှိပါသည်ဘုရား။
သို့ရာတွင် ဗုဒ္ဓဘာသာအမည်ခံ စိတ်ဓာတ်ခွန်အားနည်းသူများစွာတို့မှာ ဗေဒင်ဆရာအလိုကျသော်လည်းကောင်း၊ ရှေးထုံး မပယ်ကောင်းဟူ၍လည်းကောင်း အကြောင်းပြကာ ဆင်ခံဘုရားများ၊ ဆင်စီးမြင်ရံ ဘုရားဆင်းတုများ ပြုလုပ်ကာ ဘုရားရှင် အဆူဆူတို့၏ မဟာကရုဏာရှင် အနန္တမေတ္တာရှင် ဟူသော ဂုဏ်ကို စော်ကားကြပါသည် ဘုရား။

(၁၅)
စက်ြဝတေးမင်းစည်းစိမ် နှင့် ဘုရင့်ချမ်းသာမှု၊ မိဘုရားပေါင်း (၁၆,၀၀၀) တို့ကို အတွယ်အတာမရှိ စွန့်လွှတ်၍ တောထွက်ကာ သုံးလူ့ ထွဋ်ထား မြတ်စွာဘုရားအဖြစ် ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်နိုင်ပြီး ဖြစ်သော ဘုရားရှင်ကို လောဘမကုန်သေးသော၊ အာသဝေါမကုန်၊ ရာဂ မကုန်သေးသောသူကဲ့သို့ သဘောထားကာ ရှင်ဘုရင် အသုံးအဆောင်များဖြစ်သော မကိုဋ်များ၊ စလွယ်များ ဝတ်ခိုင်းကာ စော်ကားကြပါသေးသည် ဘုရား။
အထူးသဖြင့် ယိုးဒယားဘက်မှ လာသော ဆင်းတုများမှာ မကိုဋ် စလွယ်နှင့် ဖြစ်လေ့ရှိပြီး ဘုရားရှင် သည် (၄၅) ဝါ လုံးလုံး အဝတ်သင်္ဃန်းဖြင့် သာ စံပယ်နေတော်မူခြင်းကို လုံးလုံး မသိရာ စော်ကားရာရောက်ပါသော်လည်း လူ ယောင်ဝါး လူပြိန်းတို့မှာ ဘုရားဆိုလျှင် ကိုးကွယ်ရန်သာသိ၍ ထိုင်းတို့၏ ဘုရင့် စလွယ်နှင့် ဆင်းတုပျက်လော၊ မဟာယာနတို့၏ ပု. ဂွ ဂုတ်. တို အရုပ်ဆိုးသော ဒက္ခိဏသာခါလော ဟူ၍ မသိကြ၊ မလေ့လာကြဘဲ အိမ်ရှိဘုရားခန်း ရမ်းတင်၍ နေရာပေးကြပါသည် ဘုရား။

(၁၆)
လူ၊ နတ် ဖြစ်စေ၊ တိရိစ္ဆာန်ဖြစ်စေ သေဆုံးလျှင် ဘဝအသစ်သို့ စက္ကန့်မခြား ကူးပြောင်းကြောင်း ( စုတိသေစိတ် ဖြစ်ပြီးသည်နှင့် ဘဝသစ် ပဋိသန္ဓေစိတ် ဖြစ်ပေါ်) ဘုရားရှင် ဟောကြားသော်လည်း များစွာသော ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားသူများမှာ လူသေလျှင် အိမ်တွင် သီတင်းတပတ်နေသည် ဟု ဘုရားဟောမှားကြောင်းဆိုကြပါသည်ဘုရား။
မြတ်စွာဘုရားက လူတွင် လိပ်ပြာကောင်/ဝိဉာဉ် မရှိဟု ဟောသော်လည်း ဗုဒ္ဓဘာသာဝင် အမည်ခံထားသူများစွာတို့က ဝိဉာဉ်မှာ အိမ်တွင် တစ်ပတ်နေသည်ဟု ဆိုကာ ဘုရားဟောကို ပြောင်ပြောင်တင်းတင်း ပြက်ရယ်ပြု ကြပါသည် ဘုရား။

(၁၇)
ရုပ်ခန္ဓာ ဟူသမျှသည် ဖောက်ပြန်ပျက်စီးခြင်း အစဉ်ရှိ၍ ဘုရားရှင်တို့သော်မှ ပရိနိဗ္ဗာန် စံရသော်လည်း တချို့သော ဗုဒ္ဓဘာသာတို့သည် ဘုရားရှင်ထက် တန်ခိုးပိုကြီးသည် ဟုယူဆ၍ အသက်မသေ ထာဝရအရှင်နေနိုင်သော အရှင်ထွက် ဘိုးတော် ဝိဇ္ဇာ ( ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်) ဆိုသူများကို ဘုရားခန်းတွင် ဘုရားဆင်းတုနှင့် အတူ နေရာပေး၍ ဘုရားရှင်အား မျက်နှာပြောင်တိုက် စော်ကားကြပါသည် ဘုရား။ (၃၁) ဘုံတွင် အရှင်ထွက် ဝိဇ္ဇာ တစ်ဘုံတိုး၍ (၃၂) ဘုံပင် ဖြစ်နေပါသည် ဘုရား။

(၁၈)
သက်ရှိထင်ရှား ဘုရားထံတွင် ဗျာဒိတ်ရပြီးသော ဘုရား အလောင်းသည် မည်သည့်အခါမျှ
  1. ငုံးထက်ငယ်သော တိရိစ္ဆာန် မဖြစ်
  2. ငရဲကြီးတို့၌ ကျရောက်ခြင်းမရှိ
  3. တိုင်းစွန် တောကြား လူမဖြစ်ခြင်း
  4. ဆွံ့အ နားမကြား ဒုက္ခိတ မဖြစ်ခြင်း
  5. မိန်းမ အမ သတ္တဝါမဖြစ်ခြင်း 
ဟူ၍ ဘုရားရှင်ဟောကြားပါသော်လည်း များစွာသော ဗုဒ္ဓဘာသာဝင်တို့မှာ အရိမေတ္တယျ ဘုရားလောင်းဟု ဆိုသော ကွမ်ရင်မယ်တော် (အမ မျိုး) ကို ကိုးကွယ်ကာ ဘုရားဟောကို မယုံကြည်ကြောင်း ထင်ရှားပြလျက် ရှိပါသည် ဘုရား။

(၁၉)
ဘုရားရှင်သည် (၄၅) ဝါပတ်လုံး ဆွမ်းစားကြွရာ နေရာတို့တွင် ရှင်ဘုရင့်နန်းတာ်ဖြစ်၍ ရွှေခွက် ရွှေပန်းကန်တို့ဖြင့် ဆက်ကပ်သည် ဖြစ်စေ၊ သူဌေးအိမ်ဖြစ်၍ ငွေခွက် ငွေပန်းကန်၊ ကြေးခွက် ကြေးပန်းကန် ဖြစ်စေ မည့်သည့် အခါကမျှ ဆက်ကပ်သူတို့၏ ပန်းကန်ဖြင့် မစားသောက် မဘုန်းပေးဘဲ သပိတ်ဖြင့်သာ ဘုန်းပေးသည်ဟု မှတ်သားရပါသည် ဘုရား။
အတော်အသင့်ကောင်းသော သပိတ်တစ်လုံး၏ တန်ဖိုးမှာ ငွေကျပ် တစ်သောင်း ကျော်သာရှိသော်လည်း များစွာသော ဗုဒ္ဓဘာသာဝင်ဆိုသူတို့မှာ တစ်ခါဝယ်လျှင် တသက်လုံး သုံးရသော သပိတ်ကို ဘုရားရှင်အတွက် စေတနာမရှိကြပါ။ မကြာခဏ လဲ လှယ်ပေးနေရသော နတ်အုန်းသီး နတ်ပန်းအိုးများအတွက်သာ ခဏ ခဏ အကုန်ခံ၍ ဘုရားရှင်ကိုမူ သူတို့ကိုယ်တိုင်ပင် မစားသော လက်ဖက်ပန်းကန်ငယ် အဖြစ်မျှ ပြုထားသော ခွက် သပိတ် သေးငယ်လေးများဖြင့် မကောင်းတတ်၍ အားနာ ပါးနာ လှူကြပါသည် ဘုရား။

(၂၀)
စေတိယပကာသနီကျမ်းတွင် ဘုရားရှင် က "စေတီရှိပြီး အရပ်တွင် စေတီ မတည်ကောင်း" ဟူ၍လည်းကောင်း၊ "လမ်း(၄) ခွဆုံရာ အရပ်၊ လူစည်ကားသော အရပ်၊ အလွယ်တကူ ဖူးမျှော်နိုင်သော အရပ်" တို့တွင် စေတီတည်ရမည်ဟုလည်းကောင်း မိန့်ကြားသော်လည်း များစွာသော စေတီဘုရား တည်ထားသူတို့သည်
  1. ရေလည်ခေါင်၌ လည်းကောင်း၊
  2. တောင်ပေါ် ထိပ်ဖျား တက်ရောက်ဖူးမြော်ရန် ခက်ခဲသော နေရာတို့၌ လည်းကောင်း၊
  3. ဘုရားစေတီ ရှိပြီးသား ပေါများရာတို့၌ လည်းကောင်း တည်ထားကြကာ အဆုံးအမကို သွေဖီကြပါသည် ဘုရား။

(၂၁)
"အတ္တာဟိ အတ္တနော နာထော" ဟု မိမိကိုယ် မိမိ အားကိုးရန် ဘုရားရှင်က ဟောသော်လည်း ဗုဒ္ဓဘုရား၏ ဆုံးမ စကားကို ဘာသာခြားတို့ကသာ လိုက်နာ၍ ဗုဒ္ဓဘာသာဝင်များက မလိုက်နာကြပါ ဘုရား။

  • မတော်တဆ မီးလောင်လျှင် အချက်ပေးစနစ်၊
  • အလိုအလျောက် မီးသတ်သော စနစ်၊
  • အရေးပေါ် ထွက်ပေါက် စသည်တို့ကိုတိတိကျကျ ကြိုတင်ကာကွယ်သူမှာ ဘာသာခြားတို့သာ ဖြစ်ပါသည် ဘုရား။

များစွာသော ဗုဒ္ဓဘာသာ အမည်ခံထားသူများမှာ "အိမ်တွင်း ခြုံ မှ အိမ်လုံသည်" ဆိုကာ မဟာဂီရိ နတ်ပြိတ္တာအား မနက် လိုက်ကာဖွင့်ပေးရ၊ ညနေစောင်း လိုက်ကာ ပြန်ပိတ်ပေးရ၊ အုန်းသီး လဲပေးရ နှင့် နတ်အားကိုးကာ၊ အပြင်သွားတော့လည်း အိမ်တွင်းနတ်ရှိလျက်နှင့် စိတ်မချရ၍ သော့ခတ်ရပါသေးသည် ဘုရား။
မီးဘေး အန္တာရယ် ကြုံလျင်လည်း ကာကွယ်ရေး စနစ်များ မရှိ၍ ပြာကျသည်က များပါသည် ဘုရား။ ဤကဲ့သို့ ဘုရား၏ အဆုံးအမကို လိုက်နာ၍ ကိုယ့်အားကိုယ် ကိုးကြပါသည် ဘုရား။


(၂၂)
ထို့အပြင် မိမိကိုယ်ကို အားကိုးကြသော ဘာသာခြားတို့မှာ ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးများ အချမ်းသာဆုံး နိုင်ငံများဖြစ်နေကြ၍၊ မိမိ ကိုယ်မှ လွဲ၍ အားကိုး မ စ စောင့်ရှောက်စရာများလွန်းသော ဘိုးတော် မယ်တော် နတ် ဝိဇ္ဇာတို့ ပေါလွန်း၊ မ စ လွန်းသည့် ဗုဒ္ဓဘာသာ မြန်မာ နိုင်ငံမှာ အဆင်းရဲဆုံး အောက်ကျနောက်ကျ နိုင်ငံ ဖြစ်နေရကြောင်းပါ ဘုရား။

(၂၃)
တပည့်တော် ပို၍ အားနာသည်မှာ မွန်းလွဲ ပိုင်းတွင် မြတ်စွာဘုရား မဆိုထားဘိ၊ ရဟန်းသံဃာ နှင့် ဥပုပ်သည်ပင်လျှင် အစာ မစားရသော်လည်း မြတ်စွာဘုရားကိုမူ သီလမရှိ နေ့နေ့ ညည စားနေသည့် ကိုယ်တော်လို အသီးအနှံများကို သိပ်မမှည့်ခင် ဘုရားရှေ့တွင် နေ့ရော ညပါ မွန်းလွဲမကျန်အပ်ထားကာ မှည့်သောအခါ စွန့်၍ လူတို့က စားပစ်ကြခြင်း ဖြစ်ပါသည်ဘုရား။

(၂၄)
အဆိုးဝါးဆုံးမှာ ဗုဒ္ဓဘာသာတွင် ဘုရားဆင်းတုသည် သက်ရှိဘုရားကို ရည်မှန်း ရုံ ဖြစ်ပြီး အမှန်တကယ် ကိုးကွယ်ရှိခိုးသည်မှာ အဆုံးအမတရားတော် များနှင့် ဂုဏ်တော် ကျေးဇူးတော်များဖြစ်သော်လည်း များစွာသော မိရိုးဖလာ ဗုဒ္ဓဘာသာ အမည်ခံတို့မှာ နေ့ နံ ဗေဒင်ဖြင့် သစ်ပင်အသားရွေး၍ ထုကာ ရုပ်တု ကိုးကွယ်သော မိစ္ဆာဒိဌိ ( idol worship) ဖြစ်မှန်းမသိ ဖြစ်နေကြခြင်း ဖြစ်ပါသည် ဘုရား။

.....

{ အမှန်တရားသည် စံနှုန်း စံညွှန်း ရှိပြီး ဖြစ်ပါသည်။
ရှေးထုံးတိုင်းလည်း မမှန်သလို ကိုယ့်အယူအဆနဲ့ ကိုယ် ဆိုတာလည်း မမှန်နိုင်ပါ။
သဗ္ဗေညုတ ဉာဏ်တော်ပိုင်ရှင် ဗုဒ္ဓဘုရားဟောကြားထားသော တရားတော်များ ပါဠိလို ၊ မြန်မာလို ထင်ရှားရှိပါသေးသည်။ မယုံလျှင် ဝယ်ဖတ်ကြပါကုန်}

စာကြွင်း

(နဂါးနီ သီချင်း ရေးတဲ့သူကို ပြောချင်တာ)

"""" မြန်မာပြည် သည် နဂါးနီ တန်ခိုးနဲ့ မြေလျှိုးပါလို့ မိုးပျံနိုင်မည် ...........( ရေငုတ်သင်္ဘော၊ ဂြိုလ်တုဒုံးပျံပဲ နည်းပညာ အရင်ပေးပါ)....
မုဆိုးမတောင် ဘုရားတည်နိုင်အောင် ဘိုးဘိုးအောင် နဲ့ အရှင် အစ္ဆာဂေါဏ တို့ မ တဲ့ ကိန်းဆိုက်မည်...........လူမွဲတွေက မနှေး ခေတ်မီ သူဌေး ဖြစိတော့မည် ....
(နိုင်ငံခြား အိမ်ဖော်သွားလုပ်ရသူများ၊ အလုပ်ကြမ်း သွားလုပ်ရသူများ မရှိအောင်ပဲ တိုင်းပြည်စီးပွားရေး တော်ရုံလေး ကောင်းအောင် ဘိုးဘိုးအောင် မ ပါ။ မုဆိုးမ တောင် ဘုရား မတည်နိုင်ရင် နေပါစေလို့)

Credit; htun myat cho