Wednesday, May 10, 2017

(Muscle Cramps) ခြေသလုံး ကြွက်တက်လျှင်...

📖 ကြွက်တက်ခြင်း ဆိုသည်မှာ ...


လူ့ခန္ဓာကိုယ်မှာ
  1. ထိန်းချုပ်နိုင်သော ကြွက်သားနှင့်
  2. မထိန်းချုပ်နိုင်သော ကြွက်သား ဟူ၍ ကြွက်သား နှစ်မျိုးရှိပါတယ်။



ဥပမာ ခြေ နှင့် လက်တို့ မတင်ခြင်း၊ လှုပ်ရှားခြင်း၊ ကွေးခြင်း၊ ခေါက်ခြင်း စသည်တို့ ပြုလုပ်ချိန်မှာ သုံးနိုင်သည့်ကြွက်သားကို ထိန်းချုပ်နိုင်သော ကြွက်သားဟု ခေါ်ဆိုပြီး၊ အကြောဆွဲခြင်း နှင့် ကြွက်တက်ခြင်းတို့ ဖြစ်စေနိုင်သော ကြွက်သားကိုတော့ မထိန်းချုပ်နိုင်သော ကြွက်သားလို့ ခေါ်ပါတယ်။

ရုတ်တရက်မထင်မှတ်ဘဲ ကြွက်သားများကျုံ့သွားချိန်မှာ ကြွက်တက်ခြင်း(သို့မဟုတ်) အကြောဆွဲခြင်းတို့ ဖြစ်လာရပါ တယ်။ ထိုအကြောဆွဲခြင်းက ကြွက်သားတစ်ခု (သို့မဟုတ်) ကြွက်သားအုပ်စုတစ်စုကို ရုတ်တရက် ကျုံ့သွားစေတာမျိုးပါ။

ကြွက်တက်တဲ့အခါ စက္ကန့်အနည်းငယ် (သို့မဟုတ်) မိနစ်အနည်းငယ်မှ ယင်းထက်ပို၍လည်း ကြာနိုင်ပါတယ်။ ကျား၊မ အသက်အရွယ်အပိုင်းအခြားမရွေး ကြွက်တက်နိုင်ပြီး၊ သက်ကြီးရွယ်အိုများ အိပ်နေချိန်မှာ သွေးလည်ပတ်မှု နှေးကွေးသွားတာကြောင့် ကြွက်တက်နိုင်သလို၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်သက်တမ်း ဒုတိယသုံးလပတ် ကာလ အတွင်း ကိုယ်အလေးချိန်ပိုလာတာကြောင့် ခြေ နှင့်လက်တို့မှာ ကြွက်တက်လေ့ရှိပါတယ်။

📖 ကြွက်တက်ရသော အကြောင်းရင်း…


ရေဓာတ်အနည်းငယ်ဆုံးရှုံးမှုနဲ့ အတူ ဆား (Na+) ဓာတ် ဆုံးရှုံးမှုတွေရဲ့ အကျိုးဆက်အဖြစ် ခြေသလုံး ကြွက်သားတွေ နာကျင်ပြီး ကြွက်တက်တာကို ခံစားလာရပါတယ်။ ပူပြင်းတဲ့ရာသီမှာ လူအများစုခံစားရလေ့ရှိပြီး ကြွက်သားတွေ အပြင်းအထန် လှုပ်ရှား၍ ပင်ပန်းနွမ်းနယ်နေတဲ့အခါ ရေဓာတ် နဲ့ ဆားဓာတ် ဆုံးရှုံးမှုများလေ ကြွက်တက်တာပိုဆိုးလေပါဘဲ။ ဒါ့ပြင် အလွန်ချမ်းအေးတဲ့ ဆောင်းရာသီမှာလည်း သွေးလည်ပတ်မှု နှေးကွေးသွားတာကြောင့် ကြွက်တက်လေ့ရှိပါတယ်။

လှုပ်ရှားမှု မရှိခြင်း၊ လေ့ကျင့်ခန်း မလုပ်ခြင်း၊ ကိုယ်ဟန်အနေအထား တစ်မျိုးတည်းအချိန်အကြာကြီးရပ်ခြင်း၊ ကုလားထိုင်ပေါ်တွင် အကြာကြီးထိုင်နေခြင်း (သို့မဟုတ်) ခြေချင်းချိတ်၍ အချိန်အကြာကြီး ထိုင်ပြီးနောက် ရုတ်တရက် မတ်တပ် ထရပ်ခြင်း၊ ငြိမ်သက်စွာ အိပ်စက်ပြီးနောက် ခြေ ထောက်အကြောဆန့်ခြင်း၊ ခပ်ပြင်းပြင်း လေ့ကျင့်ခန်းလုပ်ခြင်း၊ ရေကူးခြင်း စသည့် အကြောင်းအမျိုးမျိုးတို့ကြောင့် ကြွက်တက်နိုင်သလို၊ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ် (သို့မဟုတ်) ပိုတက်စီယမ် (သို့မဟုတ်) မဂ္ဂနီစီယမ်ဓာတ် ချို့တဲ့ခြင်း၊ ရေဓါတ်ခမ်းခြောက်ခြင်း၊ အာရုံကြော (သို့မဟုတ်) ကြွက်သားများ ဒဏ်ရာရခြင်း၊ ကြွက်သားများမှာ သွေးလည်ပတ်မှု အားနည်းခြင်း၊ ကျောက်ကပ်မကောင်းခြင်း စသည့်ရောဂါများကြောင့်လည်း ကြွက်တက်နိုင်ပါတယ်။

ထို့ပြင် အယ်လဇိုင်းမား (Alzheimer) (ခေါ်) မှတ်ဉာဏ်ချို့ယွင်းရောဂါကုဆေးဝါး၊ ခြေတုန်လက်တုန် (ခေါ်) ပါကင်န်ဆဲန် (Parkinson) ရောဂါကု ဆေးဝါး၊ သွေးတိုးရောဂါ ပျောက်ဆေး၊ ကိုလက်စထရော လျှော့ချဆေး၊ ဆီးဆေး၊ အသည်းဆေးများ၊ ပဋိသန္ဓေတားဆေး၊ စတီးရွိုက် (steroids) စတဲ့ ပဋိဇီဝဆေးများရဲ့ ဘေးထွက်ဆိုးကျိုးများက ကြွက်တက်ခြင်း ကိုဖြစ်စေနိုင်ပါတယ်။

📖 ကြွက်တက်တဲ့အခါ 😬


(၁) ကြွက်တက်ရင် လှုပ်ရှားမှုတွေ ရပ်တန့်ပြီး ကြွက်တက်တဲ့ ခြေထောက်ကိုအနားယူ ဖြေလျှော့ပေးပါ။ ဥပမာ မတ်တတ် ရပ်နေစဉ် ကြွက်တက်ပါက ဦးစွာ ထိုင်ချပြီးနောက် ခြေချောင်း နှင့် ဒူးကို အလိုက်သင့် ကွေးထားပေးပါ၊ ပြီးရင် ကြွက်တက်နေတဲ့ ခြေထောက်ရဲ့ ခြေချောင်းလေးများကို လက်ဖြင့်ကိုင်၍ ချိုးပေးပါ (ခြေထောက် ဆန့်တန်းထားလေ၊ ကြွက်သား တင်းမာလေဖြစ်တာကြောင့် နာကျင်မှု ပိုလာစေပါမယ်)

👉 နောက်တနည်း 

 မတ်တတ်ရပ်နေစဉ် ကြွက်တက်ပါက နံရံကိုမျက်နှာမူ၍ မတ်တပ်ရပ်ပါ၊ ပြီးရင် ခြေထောက်ကို ဖြည်းဖြည်းခြင်း ဆန့်တန်း၍ ထိုနံရံကို ခြေထောက်ဖြင့် ကန်ထားပါ။ စက္ကန့် ၂၀ လောက် ကန်ထားခြင်းဖြင့် ကြွက်သားတွေ သူ့အလိုလို ပြန်ကျသွားပါလိမ့်မယ်။

(၂) အကယ်၍ ခြေထောက်ကွေးထားစဉ်မှာ လက်ဝဲဖက်ခြေထောက် ကြွက်တက် နေပြီဆိုပါစို့။ ဦးစွာ လက်ယာဖက်ခြေေ ထာက်ကို ဆန့်တန်း၍၊ ပြဿနာဖြစ်နေတဲ့ လက်ဝဲဖက်ခြေထောက်ကို ရင်ခေါင်းထိ ရောက်အောင် ဖိကပ်လိုက်ပါ။ ပြီးရင် ဖနောင့်ကို မြေပြင်ပေါ်ထောက်၍ ခြေချောင်းလေးတွေကိုတော့ မိုးပေါ်ထောင်ထားပေးပါ။ ကြွက်သားတွေပြန် မကျမခြင်း ဤနည်းအတိုင်း လုပ်ပေးပါ။

(၃) ကြွက်တက်တဲ့အခါ ဖုထစ်နာကျင်နေတဲ့ ကြွက်သားနေရာကို အသာအယာ ဖျစ်ညှစ်ပြီး ဖြေလျှော့ပေးနိုင်သလို၊ ဓာတ်ဆားရည်နဲ့ အီလက်ထရိုလိုက်ဖျော်ရည် (Electrolyte, sport drinks) တွေ သောက်သုံးပေးပါ။

(၄) ကြွက်သားပေါ်ကို ရေနွေးအိတ်အပူ ဖိကပ်ပေးပါ (သို့မဟုတ်) ကြွက်တက်နေတဲ့ ကြွက်သားဖုပေါ်ကို ရေနွေးပုလင်းဖြင့် အောက် ဖက်သို့ ဆွဲချ၍ အသာအယာ လှိမ့်ပေးပါ။

(၅) ဆပ်ပြာရည် လောင်းချပေးပါ။ ဆပ်ပြာရည်ရဲ့ တန်ပြန် ဓာတ်သက်ရောက်မှုကြောင့် ကြွက်သားတွေကို စက္ကန့်အနည်းငယ်အတွင်းမှာပင် ပြေလျော့သွားစေပါတယ်။


💡(မှတ်ချက်။ ကြွက်တက်နေချိန် အနှိပ်ခံခြင်းက သက်သာနိုင်တယ်ဆိုပေမယ့်၊ မှားယွင်းသောနည်းဖြင့် နှိပ်နယ်ပါက ကြွက်တက်ခြင်းကို ပိုမိုဆိုးရွားသွားစေနိုင်လို့ သတိပြုပါ)

📖 ကြွက်တက်ခြင်းအတွက် အိမ်တွင်းကုထုံးလေးများ 🏡

(၁) အညောင်းမိခြင်းကြောင့် ကြွက်တက်နိုင်ပါတယ်၊ ဒါကြောင့် ခြေဆန့်လက်ဆန့်လုပ်ခြင်း၊သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း၊ အကြောလျော့ခြင်းတို့ဖြင့် ကြွက်တက်ခြင်းကို ကြိုတင် ကာကွယ်ထားနိုင်ပါတယ်။


(၂) ဆိုဒီယမ် [Sodium] (ခေါ်) ဆားအငံဓာတ် လွန်ကဲစွာ စားသုံးခြင်းက လူကို ဘေးဖြစ်စေသော်လည်း အာရုံခံအင်္ဂါအဖွဲ့အစည်းများနှင့် ကြွက်သားများ ကောင်းစွာ အလုပ်လုပ်စေနိုင်ဖို့အတွက် သင့်တင့်သော ဆိုဒီယမ်ပမာဏက မရှိမဖြစ်လေးပါ။ ဒါကြောင့် မကြာခဏ ကြွက်တတ်လေ့ရှိသူများ နှင့်ချွေးထွက်သန် သူများအဖို့ ဥပမာ အငံဓာတ်ပါရှိသော မုန့်အငံစားပါ (သို့မဟုတ်) သစ်သီးကို ဆားရည် အနည်းငယ်စိမ်၍ စားပါ။

(၃) ပိုတက်စီယမ်ဓာတ် [Potassium] ကလည်း ကြွက်သားလှုပ်ရှားမှုအတွက် မရှိမဖြစ်ပါ။ "The University of Maryland Medical Center" မှ ကျန်းမာရေးသုတေသီများ၏ အကြံပြုချက်အရ၊ အရွယ်ရောက်ပြီးသူတစ်ဦးရဲ့ တစ်နေ့တာ ပိုတက်စီယမ်ဓာတ် လိုအပ်ချက်ပမာဏမှာ ၄၇၀၀ မီလီဂရမ် ဖြစ်ပြီး၊ ထိုဓာတ်ချို့တဲ့ခြင်းက ကြွက်တက်ခြင်းကို ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။
ဒါကြောင့် ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာများဖြစ်ကြသော ဌက်ပျောသီး၊ဖရဲသီး၊ ရှောက် သံပုရာ သံပရိုသီးများ၊ ထောပတ်သီး၊ အာလူး၊ ကန်စွန်းဥ၊ နွားနို့၊ စွံပလွန်သီး၊ တရုပ်ဇီးသီး၊ စပျစ်သီး၊ စပျစ်ခြောက်၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ ဂရိတ်ဖရုသီး၊ အုန်းစိမ်းရည်၊ ရေငံငါး အမျိုးမျိုး (ဥပမာ- ဆာလ်မွန်)၊ ဝက်သား၊ သိုးသား တို့ စားပေးပါ။

(၄) "The National Institutes of Health" မှ ကျန်းမာရေးသုတေသီများ၏ အကြံပြုချက်အရ၊ အရွယ်ရောက်ပြီးသူတစ်ဦး၏ တစ်နေ့တာ ကယ်လ်စီယမ် [Calcium] လိုအပ်ချက်ပမာဏမှာ ၁၀၀၀ မီလီဂရမ်ဖြစ်ပြီး၊ ထိုဓါတ်ချို့တဲ့ပါက ကြွက်သားများ ကျုံ့သွားစေနိုင်ပါတယ်တဲ့။ နွားနို့ ၁-ဖန်ခွက်မှ ကယ်လ်စီယမ် ၂၄၄ မီလီလီတာ ရရှိနိုင်မှာ ဖြစ်သလို၊ ကယ်လ်စီယမ်ဓါတ် ကြွယ်ဝတဲ့ အရိုးပါ ၀ါးစားလို့ရတဲ့ ငါးအသေးလေးများ၊ ဒိန်ချဉ်၊ ချိစ်၊ ဗာဒံစေ့၊ သဖန်းသီး၊ ကတွတ်သီး၊အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တို့ စားပေးပါ။

(၅) အားနည်းခြင်း၊ ကြွက်တက်ခြင်းနှင့် ကြွက်သားများကျုံ့ခြင်းတို့ဟာ မဂ္ဂနီစီယမ်ဓါတ် [Magnesium] အားနည်းတဲ့ လက္ခဏာ များလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့်ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ မဂ္ဂနီစီယမ်ဓာတ် လိုအပ်မှု များပြားပါတယ်။ ထိုဓာတ်တွေကြွ ယ်ဝတဲ့အ စိမ်းရောင်ပဲသီးအမျိုးမျိုး၊ အစေ့အဆံများ၊ ကောက်နှံ များ၊ ဌက်ပျောသီး နှင့် ကညွတ်၊ ဟင်းနုနယ်ရွက်၊ ကိုက်လံတို့လို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တို့ စားပေးပါ။
https://s-media-cache-ak0.pinimg.com/736x/48/1f/d4/481fd4304dc4f184fefaa2be70bf57c3.jpg

(၆) ညဘက် ကြွက်တက်လေ့ရှိသူများအဖို့ Quinine ဓါတ် ပါရှိသောအားဖြည့်ရေ (Tonic Water) ကို သောက်ပါ (သို့မဟုတ်) Quinine ဓါတ်ပါရှိသော Qualaquin ဆေးကို မှီဝဲပါ။

(၇) အရက်သေစာ သောက်စားခြင်းက ညအိပ်ပျော်နေစဉ်မှာ ကြွက်တက်ခြင်းနှင့် ဆက်စပ်မှုရှိနေလို့ သတိပြုသင့်ပါတယ်။

(၈) တစ်နေ့တာလုံး ရေသောက်နည်းခြင်းကလည်း ညအိပ်ပျော်နေစဉ်မှာ ကြွက်တက်နိုင်တာကြောင့်၊ နေ့ဘက်မှာ ရေများများ သောက်ပေးပါ။

(၉) အိပ်ပျော်နေစဉ် ကြွက်တက်လေ့ရှိသူများက၊ ညအိပ်ယာမဝင်ခင် ခြေသလုံးကြွက်သား အကြောများကို ဖြေလျော့နှိပ်နယ်ပေးထားခြင်းဖြင့် ကြွက်မတက်အောင် ကြိုတင်ကွယ်ရာရောက်ပါတယ်။

(၁၀) Primrose oil (ခေါ်) အဝါရောင်ပန်းပွင့်အဆီတွေက သွေးကြောပိတ်ဆို့၍ ကြွက်တက်ခြင်းအတွက် အသုံးဝင်တာကြောင့် ထိုပန်းပွင့်ဖြင့်ဖော်စပ်ထားတဲ့ အဝါရောင်ဆေး အဆီလုံး (Evening Primrose oil) ကို ညအိပ်ယာမဝင်ခင် သောက် ပါ။


Credit: Asia Shwe Gabar Myae; http://www.sunthit.com