Sunday, June 18, 2017

ဂုဏ်ယူပါတယ် အဖေ....




ကျနော် အဖေ့ကို အလေးစားဆုံး အချက်တွေထဲမှာ လေ့လာစူးစမ်းမှုအားကောင်းတာနဲ့ စိတ်ဓါတ်ခိုင်မာ ပြတ်သားတာတွေဟာ ထိပ်ဆုံးကပါတယ်။ လူလတ်ပိုင်းအရွယ် ကျန်းမာသန်စွမ်းတဲ့ အရွယ်မှာ ဘယ်ဖက် လက်တစ်ဖက်လုံး ဆုံးရှုံးလိုက်ရပေမယ့် တဒင်္ဂပဲ စိတ်ဓါတ်ကျလိုက်ပြီး ဇနီးကောင်းအမေ့ရဲ့ အားပေးကူညီမှုနဲ့အတူ သားသမီး ခြောက်ယောက် (ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားတဲ့ အစ်မကို ထည့်ပြီး မရေတွက်ခဲ့ရင်)ကို ဘွဲ့အသီးသီးနဲ့ လူလားမြောက်အောင် မြေတောင်မြှောက်ပေးနိုင်ခဲ့တဲ့လူ။ ခုချိန်ထိ စိတ်ဓါတ်ရေးရာ၊ ခံယူချက်စာရိတ္တပိုင်းဆိုင်ရာ၊ ဘာသာရေးအတွေးအခေါ်တွေကို အလျဉ်းသင့်သလို ထောက်ပြပဲ့ပြင်ပေးနေတဲ့သူ။ သူလို အဖေမျိုးကို ဂုဏ်ယူစွာပိုင်ဆိုင်ထားတဲ့ကျနော်ဟာ လမ်းဘေးမှာ လက်တစ်ဖက်ပြတ် တောင်းစားနေတဲ့လူတွေ၊ တခါတလေ အဲဒီထက်ဆိုးပြီး ခြေလက် အကောင်းကြီးနဲ့ တောင်းစားနေတဲ့လူတွေကို တွေ့ရတဲ့အခါ မသနားတတ်တာ ကျနော့် အဆိုး မဆိုနိုင်ဘူး။ အဖေ့ရဲ့ အရည်အသွေးတွေ တောက်ပြောင်ရခြင်းအဓိက အကြောင်းရင်းကတော့ စာဖတ်အားကောင်းတာလို့ ကျနော်ထင်တယ်။ ကျနော့်ကိုလည်း စာစုံဖတ်ဖို့ အမြဲတိုက်တွန်းလေ့ရှိတယ်။

အဖေဟာ ငယ်ငယ်က စုံတယ်။ ဆေးလိပ်သောက်တာလည်း ဓါတ်ပုံတွေထဲ တွေ့ဖူးတယ်။ အဲ ဒါပေမယ့် စွဲပြီးတော့ သောက်ပုံ မရဘူး။ အရက်ကတော့ နေ့တိုင်းနီးပါး ကျနော် တော်တော် အရွယ်ရတဲ့အထိ သောက်တယ်။ အိမ်ပေါ်ကို လေးဘက်တွား တက်လာတဲ့အထိ မူးအောင် သောက်တာလည်း မြင်ဖူးတယ်။ နောက် ကျူရှင်စာပြရင်း ကွမ်းပုံမှန်စားတယ်။ ကျနော် မှတ်မိသလောက် အလယ်တန်းအရွယ်လောက်အထိ ကျနော်က အဖေ့အတွက် အရက်၊ ကွမ်း ပုံမှန် အဝယ်တော်ပဲ။ ဒါပေမယ့် မိသားစုအပေါ် တာဝန် တစ်စက်မှ မပျက်ကွက်ခဲ့ဘူး။ တစ်ရက်တော့ ငါ အရက် မသောက်တော့ဘူးလို့ အိမ်သားတွေကို ကြေငြာတယ်။ ဒီနေ့အထိ တစ်စက် မတို့တော့ဘူး။ ကွမ်းလည်း ဒီလိုပဲ။ ဘယ်တုန်းက ဖြတ်လိုက်မှန်းတောင် မသိလိုက်ဘူး။ ဆေးကျောင်းတက်ခါစ ကျနော်က အရက်နာကျမှာ အပါအဝင် အခြားဘာတွေများ ဖြစ်မလဲလို့ စိုးရိမ်မိလိုက်သေးတယ်။ သူကတော့ အရင်က အဲဒါမျိုးတွေ ပုံမှန် မမှီဝဲခဲ့ဘူးခဲ့သလိုပဲ၊ နေ့စဉ်လမ်းလျှောက်၊ တရားထိုင်ရင်း ဘဝကို အေးဆေး ဆက်လက်တည်ဆောက်သွားတယ်။

တရားထိုင်တယ်ဆိုလို့ ဆက်ပြောရရင် အဖေဟာ မိရိုးဖလာ ဗုဒ္ဓဘာသာလည်း မဟုတ်ခဲ့ဘူး။ သူ့အမေက အစ္စလာမ်ဆိုတော့ ငယ်ငယ်ကတော့ အစ္စလာမ်လိုလို၊ နောက် ခရစ်ယာန်လိုလို၊ နောက်ပိုင်းအသက်ကြီးပိုင်းမှာ ဘာသာမဲ့လိုလို နေခဲ့တာ။ သိပ္ပံသမား အဖေက ဗုဒ္ဓဘာသာဝင် အမေ့ကို အမြဲ ကန့်လန့်တိုက် မေးခွန်းတွေထုတ်ပြီး အကြပ်ရိုက်စေခဲ့တာ။ အမေက မိရိုးဖလာဗုဒ္ဓဘာသာအဖြစ်ကြီးခဲ့တော့ ပိုဆိုးတယ်။ အမေက ရှေးထုံးကို ပယ်ဖို့ အလွန်ဝန်လေးတဲ့လူ။ ငါသေမှ အိမ်တွင်းအုန်း (မင်းမဟာဂီရိနတ်)ကို ဖြုတ်ကြပါလို့ ပြောဖူးတဲ့သူ။ အဖေဟာ ကလိချင်ရုံသက်သက် မေးခွန်းထုတ်တာမဟုတ်ဘူး။ တဖက်မှာလည်း ဘာသာရေးစာပေတွေကို သူ့ဖာသာ လေ့လာတယ်။ နောက်ဆုံး သူကိုယ်တိုင် နှစ်သက် သဘောကျလို့ သံသယကင်းမှသာ ဗုဒ္ဓဘာသာဝင် အဖြစ် ခံယူခဲ့တာ။ ကျနော် မှတ်မိသလောက် အိမ်မှာ ဘာသာရေး အသင်းတွေဘာတွေက ကင်းမျှော်စင် စတဲ့ စာစောင်တွေ လာဝေတာမျိုးဆိုရင် ကျနော်က လက်ခံယူထားပြီး ဖတ်ကြည့်တယ်။ အဖေက ဘာမှ မပြောပေမယ့် အမေကတော့ နင်တို့ အယူအဆတွေ တိမ်းစောင်းကုန်မယ်ဆိုပြီး မဖတ်ဖို့ တားဖူးတယ်။ ခုတော့ ကျနော့်အဖေဟာ အဘိဓမ္မာတွေ၊ ပဋ္ဌာန်းတွေ အားကြိုးမာန်တက် လေ့လာနေလေရဲ့။

Viber Chatအဖေ စမတ်ဖုန်းအသစ် စသုံးတဲ့အခါ လူတိုင်းဖြစ်နေကျ မြန်မာစာ (ဇော်ဂျီစာ) မမြင်ရတဲ့ပြဿနာဖြစ်တယ်။ ဆိုင်က နောက် သုံး၊ လေးလ နေလို့ ဆော့ဝဲလ်ရရင်ထည့်ပေးပါ့မယ် ပြောတယ်လို့ အဖေက ကျနော့်ကို လာပြောတယ်။ အဲဒီမှာ ကျနော်က သားရေးပို့တဲ့စာကို အဖေမြင်ရလား ဆိုပြီး မြန်မာယူနီကုဒ်စနစ်အကြောင်း နည်းနည်း ပြောပြလိုက်တယ်။ နောက်ပိုင်း မြန်မာစာယူနီကုဒ်စနစ်ကို သူ့ဖာသာလေ့လာကြည့်ပြီးတဲ့နောက် ငါ အခုကစပြီး ယူနီကုဒ်စနစ်ပဲ သုံးတော့မယ်။
 ဘိုင်ဘိုင် ဇော်ဂျီတဲ့။
Viber Chatကျနော် မလေးစားဘဲ မနေနိုင်ဘူး။ ရေခြားမြေခြားက သားသမီးတွေကို ဆက်သွယ်ဖို့ ဇော်ဂျီဖောင့်လည်း  မရမက ကြိုးစားသုံးဖူးတဲ့ အသက် ၇၅နှစ် အရွယ်အဖေကြီးက ခုချိန်ကစပြီး ယူနီကုဒ်ပဲ သုံးပါတော့မယ်ဆိုတဲ့အချိန်မှာ နှာစေးနေတဲ့ ကွန်ပျူတာဘွဲ့လွန်ပညာရှင်အပါအဝင် ပညာတတ်သားသမီးတွေလည်း ရှိနေတာကို တွေ့မိတော့ တစ်နိုင်ငံလုံးတစ်ညီတစ်ညွတ်တည်း ပြောင်းဖို့ဆိုတာ ထင်သလောက် မလွယ်မှန်း ပိုသိလာတယ်။ လူတွေရဲ့ ပညာရေးနောက်ခံ၊ နည်းပညာသိနားလည်မှုထက်၊ စိတ်ဓါတ်က ပိုအရေးကြီးမှန်း သိလာတယ်။
အဖေ့ရဲ့ ခိုင်ကျည်တဲ့ စိတ်ဓါတ်မျိုး တစ်ဝက်လောက်ပိုင်ဆိုင်နိုင်အောင် ကြိုးစားရင်း သား "အဖေများနေ့"မှာ ဂုဏ်ပြုလိုက်ပါတယ်။
"Happy Father's Day"