Tuesday, July 4, 2017

အကြိုက်၊ အချစ်၊ မေတ္တာနဲ့ ဥပေက္ခာ

ရေးသူ - ဒေါက်တာ ဖြိုးသီဟ / Phio Thiha
--------------------------------------------

သူငယ်ချင်းတွေနဲ့ အကင်ဆိုင်သွားဖြစ်တဲ့အခါ ကြက်သွန်ဖြူကင်၊ ရုံးပတီးသီးကင်၊ အာလူးကင်၊ စသဖြင့် ကျွန်တော် စားတတ်တယ်။ ကိုယ့်ကိုယ်ကိုယ်တော့ ဒါတွေကို ကြိုက်တယ်ထင်တာပေါ့။ ဒါပေမယ့် အဲဒီအကင်တွေနဲ့ တွဲစားရတဲ့အချဉ်ရည် မရှိတဲ့အခါ၊ အဲ့ဒီအချဉ်ရည်က ကျွန်တော်လိုချင်တဲ့အရသာမျိုး ဖြစ်မနေတဲ့အခါကျ သူတို့ချည်းသက်သက် စားပါဆို ကျွန်တော် မစားနိုင်တော့ဘူး။ အမှန်တော့ ကျွန်တော်ဟာ အဲ့ဒီအကင်တွေကို မကြိုက်ဘူး၊ အချဉ်ကြောင့်သာ ကြိုက်တယ်ထင်ခဲ့တာ။

အချစ်ဆိုတာလည်း အဲဒီလိုပဲ။ (အကင်ကိုတော့ ချစ်တယ်ရေးမရလို့ ကြိုက်တယ်လို့ပဲ ရေးပါတယ်) ရုပ်ရည်အလှအပ၊ အရည်အချင်း၊ ပိုင်ဆိုင်မှု၊ ဒီလို ဘယ်တစ်ခုအပေါ်မှာမှ မှီခိုထားခြင်း မရှိဘဲ သူ့ဟာသူ လွတ်လပ်စွာ တည်ရှိနေတဲ့အရာကို အချစ်လို့ခေါ်တယ်။

ရုပ်ချောလို့ ကြိုက်တယ်၊ ပိုက်ဆံရှိလို့၊ စကားပြောကောင်းလို့၊ စမတ်ကျလို့ ကြိုက်တယ်၊ ဒါပေမယ့် ချစ်တယ်ဆိုတာမှာတော့ ဘာကြောင့် ချစ်တယ်ရယ်လို့ အကြောင်းပြချက်မရှိဘူး။ ချစ်ချင်လို့ကို ချစ်တာ။

ဗိုက်ပူလာ၊ မျက်နှာကြီးဖောင်းကားလာလည်း ချစ်တာပဲ၊ ပိုက်ဆံမချမ်းသာတော့လည်း ချစ်တာပဲ၊ ဆံပင်ရှည်ရာကနေ တိုသွားလည်း ချစ်တာပဲ။

အိမ်ထောင်သည်ယောကျာ်းတွေ မိန်းမက ငယ်ငယ်ကလို မလှတော့တဲ့အခါ၊ အိမ်အလုပ်၊ ကလေးအလုပ်တွေနဲ့ပဲ နပန်းလုံးနေတဲ့အခါ အပြင်မှာ အပျော်ရှာချင်လာတယ်။ တကယ်တမ်း မေးကြည့်၊ ဒီအိမ်ထောင်ကိုကွာပြီး ဟိုဘက်တစ်ယောက်ကို ယူမလားဆို မယူဘူး၊ ဘာလို့ဆိုတော့ ကိုယ့်မိန်းမကိုက ချစ်တာ။ ခပ်ငယ်ငယ်၊ လှလှပပတစ်ယောက်ကိုက ငယ်လို့၊ လှလို့သာ သဘောကျတာသက်သက်ပဲ။

အရမ်းကို သဘောကျလို့ ယူလိုက်မိပြီဆိုလည်း အဲဒီအိမ်ထောင်ရေးက မခိုင်မြဲတာ များတယ်။ ဘာလို့ဆိုတော့ ချစ်လို့ ယူခဲ့ကြတာမှ မဟုတ်တာ။ လှလို့ကြိုက်တာ၊ ငွေကြေးရှိလို့ အထင်ကြီးတာကို ချစ်တယ်လို့ အမှတ်မှားပြီး ယူခဲ့ကြတာကိုး။ ဒါကြောင့် အဲဒီလိုတင်္ဒဂစိတ်ခံစားချက်တွေကို ရှေ့တန်းတင်မိလိုက်ရင် ကိုယ်တန်ဖိုးထားတဲ့ ဆက်ဆံရေးတစ်ခု၊ ကိုယ်ကြိုးစားပမ်းစား တည်ဆောက်ခဲ့ရတဲ့ အိမ်ထောင်တစ်ခုဟာ မဖြစ်သင့်ဘဲ ပျက်စီးသွားနိုင်တယ်။ (ယောကျာ်းလို့ ဥပမာပေးလိုက်ပေမယ့် မိန်းမတွေလည်း ဒါမျိုးဖြစ်နိုင်ပါတယ်)

မဂ္ဂဇင်းတစ်စောင်မှာ ဖတ်ဖူးတယ်။ တိုတိုပဲပြောရရင် ယောကျာ်းဖြစ်သူက သူ့အလုပ်က ကောင်မလေးတစ်ယောက်နဲ့ ဇာတ်လမ်းဖြစ်တယ်။ မိန်းမက သိတယ်၊ ဒါပေမယ့် မသိချင်ယောင်ဆောင်ပေးထားတယ်။ တစ်နေ့တော့ ယောကျာ်းက ဖွင့်ပြောလာတယ်။ သူ အဲဒီကောင်မလေးနဲ့ပဲ လက်တွဲတော့မယ် တဲ့။ မိန်းမက အသာတကြည်ပဲ ခွင့်ပြုလိုက်တယ်။ အဲဒီနောက်ပိုင်း မိတ်ဆွေတွေလို နေကြတယ်။ Honeymoon period မှာတော့ ဘာသံမှမထွက်ပေမယ့် အချိန်ကြာလာတော့ ယောကျာ်းဖြစ်သူဆီက ရင်ဖွင့်သံတွေ ကြားလာရတယ်၊ ကောင်မလေးနဲ့ အဆင်မပြေတဲ့အကြောင်း။ နောက်ဆုံးမှာတော့ အဲဒီယောကျာ်းက သူ့မိန်းမဆီကိုပဲ ပြန်ရောက်လာခဲ့တယ်။

ဒါမျိုးက စံနှုန်းဆိုတာကို သိပ်အလေးထားပြီး အမှားမခံတဲ့ မြန်မာ့အသိုင်းအဝိုင်းမှာတော့ ရှိခဲမယ့်အနေအထားမျိုး။ နည်းနည်းလေး အသံကြားရင်ကို ရန်တွေဖြစ်ကြ၊ အော်ကြဟစ်ကြ၊ ကွဲသာကွဲသွားလို့ကတော့ အဲဒီယောကျာ်းရော၊ ကောင်မလေးရော ဖေ့စ်ဘွတ်ပေါ် ရောက်ပြီပဲ။ ဘယ်ဟာမှန်တယ် မှားတယ် မပြောလိုပါဘူး။ လူ့စိတ်သဘာဝကို သဘောပေါက်ထားပြီး ပညာပါပါ ကိုင်တွယ်တတ်ရင် ယိုင်သွားတဲ့အိမ်ထောင်ရေးကို ပြန်တည့်မတ်လိုက်လို့ ရတယ်ဆိုတာလေးတော့ ဒီစာကိုဖတ်ပြီး ခံစားမိဖူးတယ်။

ဘာသာရေးအယူအဆအရတော့ အချစ်ဆိုတာ တဏှာပဲ။ စွဲလမ်းတပ်မက်မှုပဲ။ သူဂရုစိုက်တာ လိုချင်တယ်၊ သတိရနေစေချင်တယ်၊ သူ့ကိုပိုင်ဆိုင်ခွင့်ရချင်တယ်ပေ့ါ။ မပိုင်ဆိုင်ရရင် စိတ်က ပူလောင်တယ်၊ ဒေါသတွေထွက်လာတယ်၊ ဒီအခါ ဓါးနဲ့ထိုး၊ ကတ်ကြေးနဲ့ထိုး ဖြစ်ကုန်တော့တာပေါ့။

အချစ်ထက်တစ်ဆင့်မြင့်တာကတော့ မေတ္တာပါ။ မေတ္တာဆိုတာ သူ့အကျိုးလိုလားခြင်းပေါ့။ ဘယ်အခါသိသာလဲဆို ဥပမာ ကိုယ့်ချစ်သူ နိုင်ငံခြားသွားတဲ့အခါမျိုးတွေမှာ ဟိုမှာ နောက်တစ်ယောက်နဲ့ တွေ့သွားမှာ၊ သစ္စာမရှိမှာ၊ ပြန်မလာတော့မှာ၊ ဒါမျိုးတွေ ပူပန်နေရတယ်၊၊

မေတ္တာထားတဲ့သူကတော့ သူ ကိုယ့်ကို သတိရတာ၊ မရတာထက် သူ အဆင်ပြေနေတယ်ဆိုတာကိုသာ ကြားချင်တယ်၊ သူ ဘယ်သူနဲ့ အတူရှိနေတယ်ဆိုတာ မသိချင်ဘူး၊ အဲဒီလို အတူရှိနေတဲ့သူနဲ့ ပျော်နေဖို့၊ အဆင်ပြေနေဖို့ကိုပဲ လိုချင်တယ်။ ပြောရရင် ကိုယ့်သားသမီး စိတ်ချမ်းသာရင်၊ အဆင်ပြေရင် ပြီးရော၊ ငါတို့ ဂုဏ်တက်ဖို့ တို့၊ ငါတို့ကို ပြန်ထောက်ပ့ံဖို့တို့ ဆိုတာမျိုးတွေ တွက်မနေတဲ့ မိဘတွေရဲ့မေတ္တာမျိုး။

တကယ်လို့ သူက ကိုယ့်ကို ပြန်ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ၊

သစ္စာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊

အပျော်တွဲတာဖြစ်စေ အသုံးချတာဖြစ်စေ၊

လမ်းခွဲသွားတာဖြစ်စေ ဝေးကွာနေတာဖြစ်စေ၊

ကိုယ်မကြိုက်တာတွေ မလုပ်တော့တာဖြစ်စေ လုပ်နေသေးတာဖြစ်စေ၊

ကိုယ်ပျော်ဖို့၊ စိတ်ချမ်းသာဖို့၊ သူ့ကိုပိုင်ဆိုင်ရဖို့ထက် သူပျော်နေဖို့သာ အဓိကပဲ လို့ တွေးနေပြီဆိုရင်တော့ အဲဒါ မေတ္တာအစစ်အမှန်ကို ထားလိုက်နိုင်ပြီပဲ။

သူများတွေကတော့ ပြောလိမ့်မပေါ့။

မင်းက နွားပဲ၊ နင်က အရူးမပဲ၊ ဒါပေမယ့် အဲလိုလူမျိုးဟာ ဘယ်တော့မှ အသည်းမကွဲဘူး၊ မပူလောင်ဘူး၊ အထီးမကျန်ဘူး။

မေတ္တာထားနိုင်ရင်ရော အေးချမ်းပြီလားဆို မဟုတ်သေးဘူး။ မေတ္တာက ဥပေက္ခာနဲ့ မတွဲဘဲ သူ့ချည်းသက်သက်ဆိုလည်း ပူလောင်ရသေးတာပဲ။ အကျိုးလိုလားခြင်းဆိုတော့ အဲဒီကိုယ်အဆင်ပြေစေချင်တဲ့သူက မပြေတဲ့အခါ၊ ကိုယ်ကျန်းမာစေချင်တဲ့သူက မကျန်းမာတဲ့အခါတွေမှာ ကိုယ်လည်း စိတ်ဒုက္ခရောက်ရတတ်တယ်။ ဝေဒနာခံစားနေရတဲ့ သားသမီးကို ကြည့်ပြီး သူ့အစား ငါသာဖြစ်လိုက်ချင်တယ်ဆိုတာမျိုး မိဘတွေ ညည်းညူတတ်သလိုပေါ့။

ဒါဖြင့် ဥပေက္ခာဆိုတာ ဘာလဲ။ နင်တို့ဟာနင်တို့ ဖြစ်ချင်ရာဖြစ် ဆိုတာက ဒေါသပါတဲ့ ဥပေက္ခာ။ လုပ်ပေးနေတာပဲလေ၊ ဖြစ်မလာတာတော့ မတတ်နိုင်ဘူးဆိုတာကလည်း တာဝန်မယူတတ်တာ။ ဥပေက္ခာ မဟုတ်ဘူး။

တကယ်တော့ ဥပေက္ခာဆိုတာ အကောင်းဆုံးလုပ်ပါလျက်နဲ့ ဖြစ်လာမယ့်အကျိုးရလဒ်အပေါ် မမျှော်ကိုးတာမျိုးကို ခေါ်တာပါ။

နေမကောင်းတဲ့ မိဘကို အကောင်းဆုံးပြုစုကုသပေးမယ်၊ သူဝေဒနာခံစားနေရတာကို ကြည့်ပြီး ကိုယ့်စိတ် မပူလောင်အောင် ထားတာမျိုး

လိုအပ်နေတဲ့သူတွေကို အကောင်းဆုံးကူညီပေးမယ်၊ ကျေးဇူးတင်ခြင်း၊ မတင်ခြင်း၊ အသိအမှတ်ပြုခြင်း၊ မပြုခြင်းအပေါ် မခံစားတာမျိုး

တပည့်တွေကို အကောင်းဆုံးစာသင်ပေးမယ်၊ ကိုယ်ပေးတာကို ကောင်းကောင်းလက်ခံတဲ့ တပည့်က လက်ခံမယ်၊ လက်မခံတဲ့သူက မခံဘူး၊ သင်ပေးလို့ပဲ ရမယ်၊ သူတို့အစားတော့ ကိုယ်က သင်ယူလို့မရဘူး ဆိုပြီး သဘောထားနိုင်တာမျိုး

ကိုယ်က ရိုးရိုးသားသား၊ စိတ်ထားကောင်းကောင်းနဲ့ နေနေတဲ့အချိန် သူများအပေါ် ညစ်ပတ်ပြီး လှည့်ဖျားတတ်တဲ့သူတွေက ကိုယ့်ထက်ပိုကောင်းစားနေတာကို မြင်ရတဲ့အခါမှာလည်း မယိမ်းမယိုင် နေနိုင်တာမျိုး

ဒါတွေကို ဥပေက္ခာ လို့ ခေါ်တာဖြစ်ပါတယ်။ အဲဒါမပါဘဲနဲ့ ကိုယ့်စိတ်ငြိမ်းချမ်းမှု ရှိဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့်လည်း ဥပေက္ခာဟာ ဗြဟ္မစိုရ်တရား(၄)ပါးထဲ ပါနေရတာ ဖြစ်ပါတယ်။

ဖြိုးသီဟ

၂၄.၉.၂၀၁၆